မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဒေါက်တာ ဂျင်ဟွမ်

သင်္ချာပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

သင်္ချာပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

ဒေါက်တာ ဂျင်ဟွမ်ဟာ ၁၉၅၀ ပြည့်နှစ်၊ ထိုင်ဝမ်နိုင်ငံ၊ တိုင်နန်မြို့မှာ မွေးဖွားခဲ့တယ်။ ထိုင်ဝမ်၊ ချောင်ချန်အမျိုးသားတက္ကသိုလ်ရဲ့ အငြိမ်းစား သင်္ချာပါမောက္ခတစ်ဦး ဖြစ်တယ်။ အမေရိကန် ကော်နယ်တက္ကသိုလ်မှာ စာရင်းအင်းပညာနဲ့ ဖြစ်နိုင်ခြေသင်္ချာပညာရပ်ကို လေ့လာ၊ သင်ကြားပေးပြီး ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရတယ်။ စာရင်းအင်းပညာရပ်နဲ့ဆိုင်တဲ့ နာမည်ကျော်ကြားသူတွေထဲက တစ်ယောက်ဖြစ်ပြီး အခုအထိ အဲဒီပညာရပ်ကို သူလေ့လာနေဆဲပဲ။ သက်ရှိတွေဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်လာတယ်လို့ ငယ်ငယ်တုန်းက ယုံခဲ့ပေမဲ့ အခုတော့ မယုံတော့ဘူး။ သူ့အလုပ်အကိုင်နဲ့ သူ့ယုံကြည်ချက်အကြောင်း နိုးလော့! က မေးမြန်းထားပါတယ်။

လူငယ်ဘဝတုန်းက ဘာတွေ လေ့လာခဲ့သလဲ။

ကျောင်းမှာ ဆင့်ကဲသီအိုရီအကြောင်း သင်ပေးတယ်။ ဒါပေမဲ့၊ အသက် ဘယ်လိုဖြစ်လာသလဲ ဆိုတာကိုတော့ ဘယ်သူမှ မရှင်းပြဘူး။ အမေနဲ့ အဖေက တာအို ဘာသာဝင်တွေ။ ဘာသာရေးဆရာတွေ လာတဲ့အခါ သူတို့ကို မေးခွန်းအများကြီး မေးတယ်။ ဒါပေမဲ့၊ ကျေနပ်စရာအဖြေ မရသလောက်ပဲ။

သင်္ချာပညာရှင် ဘယ်လို ဖြစ်လာသလဲ။

အခြေခံပညာကျောင်းတက်ကတည်းက သင်္ချာဘာသာရပ်ကို ကြိုက်တယ်။ တက္ကသိုလ်ရောက်တော့ သင်္ချာနဲ့ ဖြစ်နိုင်ခြေဘာသာရပ်ကို ပိုကြိုက်လာတယ်။ ကျွန်တော့်အတွက်ဆိုရင် လိုရင်းတိုရှင်း သင်္ချာတွက်နည်းဟာ လှပရုံသာမကဘူး၊ ရှင်းနေတာပဲ။

သမ္မာကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားသွားတာလဲ။

၁၉၇၈ ခုနှစ်မှာ၊ ကျွန်တော့်အမျိုးသမီး ကျင်းဟွာက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတဲ့အခါ တစ်ခါတလေ ဝင်နားထောင်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ အမေရိကန်မှာ နေတယ်။ ကျင်းဟွာက ရူပဗေဒ ပါရဂူဘွဲ့ ရပြီး ကျွန်တော်ကတော့ အင်ဒီယန်းနား၊ ပါဒူ တက္ကသိုလ်မှာ စာရင်းအင်းပညာ ဆက်လေ့လာတယ်။

သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး ဘယ်လိုယူမှတ်သလဲ။

ကမ္ဘာမြေကြီးကို လူနေထိုင်ဖို့ ဘုရားသခင် ပြင်ဆင်ပေးပုံကို ကျွန်တော် သဘောကျတယ်။ ကမ္ဘာဦးကျမ်းထဲမှာ ရိုးရိုးလေး ရှင်းပြထားတဲ့ ဖန်ဆင်းချိန် ခြောက်ရက်ဟာ ရှေးဒဏ္ဍာရီတွေနဲ့မတူဘဲ ဖြစ်ရပ်မှန်တွေနဲ့ အံဝင်ခွင်ကျပဲ။ * ဒါတောင်မှ ဖန်ဆင်းရှင် ရှိတာကို နှစ်အတော်ကြာ မယုံသေးဘူး။

ဖန်ဆင်းရှင် ရှိတာကို ဘာကြောင့် မယုံခဲ့တာလဲ။

ဖန်ဆင်းရှင်ရှိတယ်လို့ ယုံကြည်တာက မိရိုးဖလာဘာသာကို ပစ်ပယ်ရာရောက်သွားမယ်

မိရိုးဖလာဘာသာကို မစွန့်ချင်လို့လည်း ပါတယ်။ မိဘတွေ ယုံကြည်တဲ့ တာအိုဘာသာက ဘုရားသခင်ဟာ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဖန်ဆင်းရှင် ရှိတယ်လို့ မသင်ပေးတာကြောင့် ဖန်ဆင်းရှင်ရှိတယ်လို့ ယုံကြည်တာက မိရိုးဖလာဘာသာကို ပစ်ပယ်ရာရောက်သွားမယ်။

နောက်ပိုင်းမှာ ဘာကြောင့် စိတ်ပြောင်းသွားသလဲ။

သက်ရှိစဖြစ်ပေါ်လာပုံအကြောင်း စဉ်းစားလေ၊ ပထမဦးဆုံးသက်ရှိဟာ တကယ့်ကို ရှုပ်ထွေးနေမှာပဲ ဆိုပြီး ယူမှတ်လာလေ ဖြစ်တယ်။ ဥပမာ၊ အဲဒီသက်ရှိက မျိုးပွားနိုင်ရမယ်၊ မျိုးပွားနိုင်ဖို့ မျိုးဗီဇအချက်အလက်တွေ လိုမယ်၊ ပြီးတော့ အဲဒီအချက်အလက်တွေကို တိတိကျကျ ပုံတူပွားနိုင်စွမ်းရှိဖို့လည်း လိုမယ်။ အရိုးရှင်းဆုံး သက်ရှိဆဲလ်လေးဟာ ဆဲလ်သစ်တစ်ခုထပ်ပွားနိုင်ဖို့ ဆဲလ်ထဲမှာရှိတဲ့ စွမ်းအင်ကို ထိန်းပေးတဲ့ အလုပ်အပြင် မော်လီကျူးတွေ စနစ်တကျ အလုပ်လုပ်ဖို့လည်း လိုတယ်။ အဲဒီလောက်ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေဟာ သက်မဲ့ကနေ မတော်တဆ ဘယ်လို ဖြစ်တည်လာနိုင်မှာလဲ။ ကျွန်တော်က သင်္ချာပညာရှင်ဆိုတော့ ခန့်မှန်းပြောတာတွေကို လက်မခံနိုင်ဘူး။ မတော်တဆဖြစ်လာတယ်လို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး။

ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်အကြောင်း ဘာကြောင့် ပိုပြီး လေ့လာဖြစ်သွားတာလဲ။

အစပိုင်းမှာ၊ သက်သေခံတွေနဲ့ ကျမ်းစာ လေ့လာလိုက်၊ မလေ့လာလိုက်နဲ့ ဆက်တိုက် မလေ့လာဖြစ်ဘူး။ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ထိုင်ဝမ်ကို သွားလည်တယ်။ အဲဒီမှာ ကျွန်တော် နေမကောင်းဖြစ်လို့ အကူအညီလိုနေတယ်။ ကျွန်တော့် အမျိုးသမီးက အမေရိကန်ကနေ ထိုင်ဝမ်က ယေဟောဝါသက်သေတွေကို ဆက်သွယ်လိုက်တယ်။ ဆေးရုံမှာ ခုတင်မရှိတော့လို့ အပြင်မှာ မောပြီးအားကုန်နေတဲ့ ကျွန်တော့်ကို သူတို့ လာတွေ့သွားတယ်။ ကျွန်တော့်ကို ဟိုတယ်တစ်ခုကို ခေါ်သွားပြီး အနားယူခိုင်းတယ်။ မကြာမကြာ လာကြည့်ပြီး ဆေးခန်းပြပေးတယ်။

အဲဒီလိုစိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးတာက ကျွန်တော့်စိတ်ကို ထိမိသွားတယ်။ ယေဟောဝါသက်သေတွေ ကျွန်တော့်မိသားစုကို အကြိမ်ကြိမ်မေတ္တာပြခဲ့တာ ပြန်စဉ်းစားမိတယ်။ အဲဒီလို သူတို့လုပ်တာက သူတို့ရဲ့ယုံကြည်ခြင်းကြောင့်ပဲ ဆိုတာ ကျွန်တော်သိသွားတယ်။ ဒါနဲ့ ကျမ်းစာပြန်လေ့လာဖြစ်သွားတယ်။ နောက်တစ်နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။

ခင်ဗျားသိထားတဲ့ပညာရပ်နဲ့ ခင်ဗျားယုံကြည်ခြင်းက ဆန့်ကျင်နေသလား။

လုံးဝမဆန့်ကျင်ဘူး။ မကြာသေးခင်က၊ မျိုးဗီဇလုပ်ဆောင်မှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေကို သင်္ချာပညာရပ်နဲ့ ဆိုင်တဲ့ အထောက်အကူပြု အချက်အလက်တွေ ပေးခဲ့တယ်။ မျိုးဗီဇပညာရပ်က သက်ရှိတွေရဲ့ရှုပ်ထွေးနက်နဲလှတဲ့ စနစ်ကျမှုကို ပိုနားလည်စေတယ်။ အဲဒါက ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို တအံ့တဩ ဖြစ်စေတယ်။

ဘုရားဉာဏ်ပညာနဲ့ပတ်သက်ပြီး တစ်ခုလောက်ပြောပြပါလား။

မျိုးပွားစနစ်အကြောင်း စဉ်းစားကြည့်လေ။ အမီးဘားလိုမျိုး ဆဲလ် တစ်ခုတည်းရှိတဲ့သက်ရှိတချို့မှာ အဖို၊ အမ မရှိဘူး။ ဒါပေမဲ့၊ အဲဒီသက်ရှိလေးတွေက မျိုးဗီဇအချက်အလက်တွေကို ရိုးရိုးလေး ပုံတူပွားနိုင်တယ်။ အဲဒါကို လိင်မဲ့ မျိုးပွားခြင်းလို့ ခေါ်တယ်။ တိရစ္ဆာန်အများစုနဲ့ အပင်တွေဟာ ဖိုမပေါင်းစပ်ပြီး မျိုးပွားကြတယ်။ အဲဒီနည်းနဲ့ မျိုးဗီဇအချက်အလက်တွေကို လက်ဆင့်ကမ်းကြတယ်။ လိင်ဖက် မျိုးပွားခြင်းဟာ ဘာကြောင့် မှတ်သားစရာ ဖြစ်တာလဲ။

သက်ရှိဆဲလ်တစ်ခုကနေ နှစ်ခုပွားတဲ့ မျိုးပွားစနစ်ကနေ သက်ရှိနှစ်ခုပေါင်းပြီး မျိုးပွားတဲ့စနစ် ဘယ်လိုဖြစ်လာခဲ့တာလဲ။ အဲဒီလိုဖြစ်နေတာကလည်း အတော် ကြာနေပြီ။ အဖိုဆီက မျိုးဗီဇအချက်အလက်တစ်ဝက်နဲ့ အမဆီက မျိုးဗီဇအချက်အလက် တစ်ဝက် စနစ်တကျ ပေါင်းစပ်မှုဟာ အလွန်ရှုပ်ထွေးတာကြောင့် ဆင့်ကဲဇီဝဗေဒပညာရှင်တွေအတွက်တော့ ခေါင်းခဲစရာပါ။ ကျွန်တော့်အမြင်မှာတော့၊ ဒီလိုမျိုးပွားခြင်းဟာ ဘုရားသခင့်ဉာဏ်ပညာတော် ကြီးမြတ်မှုရဲ့ သက်သေသာဓကပါပဲ။

^ စာပိုဒ်၊ 11 ဖန်ဆင်းတဲ့အချိန်ကာလအကြောင်း ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်ကို ကြည့်ပါ။ www.pr418.com/mya မှာလည်း ရှိတယ်။