မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ယန်ဒါစူ

သန္ဓေသားလောင်းပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာ

သန္ဓေသားလောင်းပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာ

ပါမောက္ခ ယန်ဒါစူဟာ ထိုင်ဝမ်အမျိုးသား ပင်းတန် သိပ္ပံနဲ့နည်းပညာ တက္ကသိုလ်၊ သန္ဓေသားသုတေသနဌာနက ဒါရိုက်တာဖြစ်တယ်။ ဆင့်ကဲဖြစ်စဉ်ကို တစ်ချိန်တုန်းက သူယုံခဲ့ပေမဲ့ သိပ္ပံသုတေသနပညာရှင် ဖြစ်ပြီးနောက် သူ့အမြင် ပြောင်းလဲသွားတယ်။ သူ ပြောင်းလဲသွားတဲ့အကြောင်းရင်းကို နိုးလော့! ကို ဒီလိုရှင်းပြတယ်။

ခင်ဗျားရဲ့ နောက်ခံအကြောင်း နည်းနည်းလောက် ပြောပြပေးပါလား။

၁၉၆၆ ခုနှစ်မှာ ကျွန်တော်မွေးဖွားပြီး ထိုင်ဝမ်မှာ ကြီးပြင်းလာတယ်။ မိဘတွေက တာအိုဘာသာနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်။ ဘိုးဘေးတွေကို ကိုးကွယ်ပြီး ရုပ်ပုံတွေဆီ ဆုတောင်းပေမဲ့ ဖန်ဆင်းရှင်အကြောင်း တစ်ခါမှ မတွေးဖူးကြဘူး။

ဇီဝဗေဒပညာရပ်ကို ဘာလို့ လေ့လာတာလဲ။

ကလေးအရွယ်တုန်းက အိမ်မွေးတိရစ္ဆာန်လေးတွေကို သိပ်ချစ်တယ်။ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေနဲ့ လူတွေကို ကူညီပေးချင်ခဲ့တယ်။ အခိုက်အတန့်တော့ တိရစ္ဆာန်ဆေးပညာရပ်ကို လေ့လာခဲ့ပေမဲ့ နောက်ပိုင်း သန္ဓေသားလောင်းတွေအကြောင်း လေ့လာဖြစ်ခဲ့တယ်။ သက်ရှိတွေရဲ့ မူလအစကို နားလည်ချင်လို့လေ။

အရင်က ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ခဲ့တယ်နော်။ အကြောင်းရင်းကို ပြောပြပေးပါလား။

တက္ကသိုလ်ပါမောက္ခတွေက ဆင့်ကဲဖြစ်စဉ်အကြောင်း သင်ပေးတယ်။ အထောက်အထားရှိတယ်လို့လည်း ပြောကြတယ်။ ဒါကြောင့် ကျွန်တော် ယုံကြည်ခဲ့တယ်။

ကျမ်းစာကို ဘာလို့ စပြီးလေ့လာဖြစ်သွားတာလဲ။

ကျွန်တော့်စိတ်က နှစ်ခွဖြစ်နေတယ်။ တစ်ချက်က လူတွေ ဝတ်ပြုကိုးကွယ်နေတဲ့ ဘုရားအများကြီးထဲမှာ တစ်ပါးပါးကတော့ ပိုကြီးမြတ်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဒါဆို ဘယ်ဘုရားလဲ။ ဒုတိယ၊ သမ္မာကျမ်းစာဆိုတာ တကယ့်ကို ရိုသေလေးမြတ်ခံရတဲ့ စာအုပ်တစ်အုပ်လို့ ကျွန်တော်သိထားတယ်။ ဒါနဲ့ ကျမ်းစာသင်တန်းတွေကို လိုက်တက်ဖြစ်ခဲ့တယ်။

၁၉၉၂ ခုနှစ်၊ ဘယ်လ်ဂျီယံနိုင်ငံက လျူဗန်ကက်သလစ်တက္ကသိုလ်မှာ လေ့လာချိန်က ကက်သလစ်ချာ့ခ်ျကို သွားပြီး ကျမ်းစာသင်ပေးဖို့ ဘုန်းတော်ကြီးကို ပြောခဲ့ပေမဲ့ မရခဲ့ဘူး။

ဒါနဲ့ ခင်ဗျားသိချင်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်လိုရရှိခဲ့သလဲ။

နှစ်နှစ်ကြာပြီးနောက် ဘယ်လ်ဂျီယံမှာပဲ သိပ္ပံအကြောင်း သုတေသနလုပ်နေတုန်း ရုသ်ဆိုတဲ့ ပိုလန်အမျိုးသမီးနဲ့ တွေ့ဆုံဖြစ်တယ်။ သူက ယေဟောဝါသက်သေတစ်ယောက်လေ။ ဘုရားအကြောင်း သိချင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ကူညီပေးနိုင်ဖို့ တရုတ်စကားကို သင်ယူထားတယ်။ ကျွန်တော်လည်း ဘုရားအကြောင်းသိအောင် ကူညီပေးပါလို့ ဆုတောင်းထားတော့ သူနဲ့တွေ့တဲ့အခါ သိပ်ပျော်သွားတယ်။

သိပ္ပံစာအုပ်မဟုတ်ပေမဲ့ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့ ကျမ်းစာအုပ်ကို ရုသ် ကျွန်တော့်ကို ပြတယ်။ ဥပမာ၊ “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှ မရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏” ဆိုပြီး ဘုရားဆီ ဆုတောင်းတဲ့ ကျမ်းရေးသူ ဒါဝိဒ်ရဲ့ စကားတွေပေါ့။ (ဆာလံ ၁၃၉:၁၆) ဒါဝိဒ်က ကဗျာဆန်ဆန်သုံးထားပေမဲ့ သူပြောတာ အမှန်တွေပဲ။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မဖြစ်ပေါ်ခင်ကတည်းက အဲဒီအစိတ်အပိုင်းတစ်ခုစီအတွက် အစီအစဉ်တွေ ရှိပြီးသားပါ။ ကျမ်းစာရဲ့ တိကျမှန်ကန်မှုက ဒါဟာ ဘုရားစကားတော်ပဲဆိုတာ ကျွန်တော့်ကို ယုံကြည်စိတ်ချစေတယ်။ စစ်မှန်တဲ့ဘုရား ယေဟောဝါတစ်ပါးတည်းပဲရှိတယ်ဆိုတာလည်း နားလည်သွားတယ်။ 1

ဘုရားသခင်က အသက်ကို ဖန်ဆင်းတယ်ဆိုတာ ဘယ်အချက်ကြောင့် ခင်ဗျား ယုံကြည်သွားတာလဲ။

သိပ္ပံဆိုင်ရာ သုတေသနလုပ်ရတဲ့အကြောင်းရင်းက အမှန်တရားကို ရှာဖွေဖို့ပဲ။ ကြိုတင်မှန်းဆချက်တွေကို ထောက်ခံဖို့မဟုတ်ဘူး။ သန္ဓေသားလောင်းတွေအကြောင်း လေ့လာတဲ့အခါ ကျွန်တော့်အမြင် ပြောင်းလဲသွားတယ်။ အသက်ဟာ ဖန်ဆင်းခံရတယ်ဆိုတာ ယုံကြည်လာတယ်။ ဥပမာ၊ အင်ဂျင်နီယာတွေက ဖွဲ့စည်းတပ်ဆင်မှုလုပ်ငန်းတွေကို ဒီဇိုင်းဆွဲကြတယ်။ ဒါမှ မှန်ကန်တဲ့အစိတ်အပိုင်းတွေကို အစီအစဉ်တကျနဲ့ မှန်မှန်ကန်ကန် တပ်ဆင်လို့ရမယ်။ သန္ဓေသားလောင်း ဖွံ့ဖြိုးမှုကလည်း အဲဒါနဲ့ ဆင်တူပေမဲ့ ပိုပြီးရှုပ်ထွေးတယ်။

ဒီဖြစ်စဉ်အားလုံးက သန္ဓေအောင်ဆဲလ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတာမဟုတ်လား။

ဟုတ်ပါတယ်။ ဒီသေးငယ်လွန်းတဲ့ ဆဲလ်တစ်ခုကနေ ဆဲလ်ကွဲခြင်းဖြစ်စဉ် စဖြစ်ပေါ်တယ်။ ၁၂ နာရီကနေ ၂၄ နာရီကြာတိုင်း ဆဲလ်တွေ နှစ်ဆ ပွားလာတယ်။ ဒီအစောပိုင်းအဆင့်မှာ ဆဲလ်တွေကို ပင်မဆဲလ်တွေလို့ ခေါ်တယ်။ 2 ပင်မဆဲလ်တွေက ဆဲလ်အမျိုးအစား ၂၀၀ နီးပါးလောက်ကို ထုတ်လုပ်နိုင်တယ်။ အဲဒါတွေက ကလေးရဲ့ သွေးဆဲလ်၊ အရိုးဆဲလ်၊ အာရုံကြောဆဲလ် စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးအတွက် ဖြစ်တယ်။

သန္ဓေသားလောင်း ဖွံ့ဖြိုးမှုကို လေ့လာလိုက်တဲ့အခါ အသက်ဟာ ဖန်ဆင်းခံရတယ်ဆိုတာ ယုံကြည်လာတယ်

ဆဲလ်တွေဟာ သူ့နေရာအမှန်မှာ သူ့အစီအစဉ်နဲ့ စနစ်တကျ ဖြစ်ပွားလာကြတယ်။ ဦးဆုံး၊ အသားတစ်ရှူးဖြစ်လာပြီး နောက်ပိုင်း ကိုယ်အင်္ဂါတွေအနေနဲ့၊ ခြေလက်အင်္ဂါတွေအနေနဲ့ ဖြစ်လာကြတယ်။ ဘယ်အင်ဂျင်နီယာကမှ အဲဒီလို အစီအစဉ်တကျ ဖြစ်လာအောင် ညွှန်ကြားချက် မရေးပေးနိုင်ဘူး။ ဒါပေမဲ့ သန္ဓေသားလောင်းရဲ့ ကြီးထွားလာပုံအဆင့်ဆင့်ကို ဒီအဲန်အေမှာ ရေးထားတယ်။ အံ့သြစရာကောင်းတဲ့ အဲဒီအချက်တွေကို သုံးသပ်တဲ့အခါ အသက်ကို ဘုရားသခင် ပုံစံပြုထားတယ်ဆိုတာ ကျွန်တော် ယုံကြည်လာတယ်။

ယေဟောဝါသက်သေ ဘာကြောင့်ဖြစ်လာတာလဲ။

တစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင်တော့ မေတ္တာကြောင့်ပဲ။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ခရစ်တော်ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၅) မေတ္တာက မျက်နှာမလိုက်ဘူး။ လူမျိုးရေးနောက်ခံ၊ ဓလေ့ထုံးစံ၊ အသားအရောင် ခွဲခြားတာတွေလည်း မရှိဘူး။ သက်သေခံတွေနဲ့ စပေါင်းသင်းတဲ့အခါ ဒီမေတ္တာကို မြင်ခဲ့ရသလို ကိုယ်တိုင်လည်း တွေ့ကြုံခံစားခဲ့ရတယ်။

^ ၂။ ပါမောက္ခ ယန်ဒါစူဟာ သူ့ရဲ့ ခရစ်ယာန်အသိစိတ်ကြောင့် သန္ဓေသားလောင်းဖြစ်လာမယ့် ပင်မဆဲလ်ကို ဓာတ်ခွဲခန်းမှာ သုတေသနလုပ်တဲ့အလုပ် မလုပ်ဘူး။