မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ဆယ်ကျော်သက်ကလေးတွေ အင်တာနက်ကို အကောင်းဘက်ကနေ အသုံးပြုတတ်အောင် ကူညီပေးနိုင်ပုံ

ဆယ်ကျော်သက်ကလေးတွေ အင်တာနက်ကို အကောင်းဘက်ကနေ အသုံးပြုတတ်အောင် ကူညီပေးနိုင်ပုံ

အခက်အခဲ

အင်တာနက်ဟာ အနိုင်ကျင့်ချင်တဲ့သူတွေ၊ လိင်အမြတ်ထုတ်ချင်တဲ့သူတွေနဲ့ ကိုယ်ရေးအချက်အလက်သူခိုးတွေ ကျင်လည်တဲ့နေရာ ဖြစ်နေတာကို သတင်းတွေကနေ သိရတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေး ကလည်း အင်တာနက်ကို မကြာမကြာအသုံးပြုတဲ့အတွက် အဲဒီအန္တရာယ်စက်ကွင်းထဲ ရောက်မှာကို စိုးရိမ်မိမှာပါ။

ကိုယ့်ရဲ့ကလေး အင်တာနက်ကို အကောင်းဘက်ကနေ အသုံးပြုတတ်အောင် သင်ပေးနိုင်ပါတယ်။ ဦးဆုံး၊ အင်တာနက်အကြောင်း သိထားသင့်တဲ့အချက်တချို့ကို သုံးသပ်ကြည့်ပါ။

သိထားသင့်တဲ့အချက်

ဆယ်ကျော်သက်လေးတွေဟာ မိုဘိုင်းဖုန်းကနေ အင်တာနက်ထဲ ဝင်ကြည့်နိုင်ကြတယ်။ ကွန်ပျူတာကို ဧည့်ခန်းမှာ ထားသင့်တယ်ဆိုတဲ့ စည်းကမ်းဟာ အသုံးတည့်နေဆဲပါ။ ဒါပေမဲ့ တက်ဘလက်၊ ဖုန်းနဲ့ အင်တာနက်ချိတ်ဆက်ထားရင် ကလေးတွေဟာ မိဘကွယ်ရာမှာ အင်တာနက် ပိုသုံးဖြစ်နိုင်တယ်။

တချို့သူတွေ ယာဉ်တိုက်မှုဖြစ်တာကြောင့် ကားမောင်းတာ မှားတယ်လို့ ဆိုမလား။ အင်တာနက်သုံးတဲ့ကိစ္စလည်း အဲဒီသဘောပါပဲ။ ကိုယ့်ရဲ့ဆယ်ကျော်သက်ကလေးဟာ အင်တာနက်ကို အကောင်းဘက်ကနေ သုံးတတ်ဖို့လိုတယ်

ဆယ်ကျော်သက်တချို့ဟာ အချိန်အများကြီးအကုန်ခံပြီး အင်တာနက်သုံးကြတယ်။ “အီးမေးလ်ကို ငါးမိနစ်လောက်ဖွင့်ကြည့်ဖို့ ကွန်ပျူတာကို ဖွင့်လိုက်ပေမဲ့ ဗီဒီယိုကြည့်တာ အချိန်တော်တော် ကုန်သွားတယ်။ ကျွန်မမှာ ချုပ်တည်းမှု လိုနေတယ်” ဆိုပြီး ၁၉ နှစ် မိန်းကလေးတစ်ယောက်က ဝန်ခံတယ်။

ဆယ်ကျော်သက်တွေဟာ အင်တာနက်ပေါ်မှာ သူတို့တင်သင့်တာထက် ပိုတင်မိတတ်ကြတယ်။ ယုတ်မာတဲ့သူတွေဟာ ဆယ်ကျော်သက်တစ်ယောက် အင်တာနက်မှာတင်ထားတဲ့ ဓာတ်ပုံတွေ၊ သူ့ရဲ့လိပ်စာ၊ ကျောင်း၊ မိဘတွေ အိမ်မှာမရှိချိန် စတာတွေကို ချိတ်ဆက်ပြီး သတင်းယူနိုင်ကြတယ်။

အင်တာနက်မှာ တင်ထားတာတွေက မလိုလားအပ်တဲ့ဆိုးကျိုးဖြစ်နိုင်တယ်ဆိုတာ ဆယ်ကျော်သက်တချို့ သဘောမပေါက်ကြဘူး။ အင်တာနက်ပေါ်မှာ တင်လိုက်ပြီဆိုရင် အဲဒါက အွန်လိုင်းမှာ အမြဲရှိသွားပြီ။ တစ်ခါတလေ ရှက်စရာကောင်းတဲ့မှတ်ချက်တွေ၊ ဓာတ်ပုံတွေဟာ နောက်ပိုင်းမှာ ပြန်ပေါ်လာတတ်ပါတယ်။ ဥပမာ၊ အလုပ်ရှင်က အလုပ်လျှောက်လွှာတင်ထားတဲ့သူအကြောင်း သိချင်တယ်ဆိုရင် အင်တာနက်ပေါ်မှာ ရှာကြည့်လို့ရတယ်။

အဲဒီလို စိုးရိမ်စရာတွေရှိပေမဲ့လည်း ဒီအချက်ကို သတိရပါ– အင်တာနက်ဆိုတာ ရန်သူမဟုတ်ပါဘူး။ အင်တာနက်ကို တလွဲအသုံးပြုမှသာ ဒုက္ခတွေ့နိုင်တာပါ။

လုပ်ဆောင်နိုင်ရာ

ဘယ်အရာကို ဦးစားထားသင့်သလဲ၊ အချိန် ဘယ်လောက်သုံးသင့်သလဲ ဆိုတာ သိအောင် သင်ပေးပါ။ တာဝန်သိတတ်လာသူဖြစ်ဖို့ အရေးကြီးတာကို ဦးစားထားတတ်ဖို့ လိုတယ်။ မိသားစုအချင်းချင်း စကားပြောဖို့၊ အိမ်စာလုပ်ဖို့၊ အိမ်အလုပ်တွေလုပ်ဖို့ဆိုတာက အင်တာနက်သုံးတာထက် ပိုအရေးကြီးပါတယ်။ ကိုယ့်ရဲ့ကလေး အင်တာနက်သုံးတဲ့အချိန် များလွန်းနေတယ်ဆိုရင် ကန့်သတ်ပေးပါ၊ ကွန်ပျူတာမှာရှိတဲ့ အချိန်ကန့်သတ်ပေးတဲ့ ပရိုဂရမ်ကိုတောင် သုံးဖို့လိုနိုင်တယ်။—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၁:၁၀

အင်တာနက်မှာ တစ်ခုခုမတင်ခင် သေချာစဉ်းစားဖို့ သင်ပေးပါ။ သူ့ကိုယ်သူ ဒီမေးခွန်းတွေမေးစေပါ– ဒီစာသားကိုတင်လိုက်ရင် တစ်ယောက်ယောက် နစ်နာသွားမလား။ ဒီပုံက ငါ့ကို နာမည်ပျက်စေနိုင်မလား။ ဒီပုံ၊ ဒီမှတ်ချက်ကို ငါ့မိဘ၊ လူကြီးတစ်ယောက်ယောက် တွေ့သွားမှာကို ငါစိုးရိမ်သလား။ သူတို့သာတွေ့သွားခဲ့ရင် ငါ့ကို ဘယ်လိုများ ထင်သွားမလဲ။ အဲဒီလိုပုံ၊ အဲဒီလိုမှတ်ချက်တွေတင်တဲ့သူကို ဘယ်လိုလူလို့ ငါယူမှတ်မလဲ။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၀:၂၃

မလုပ်ရ အမိန့်ထုတ်ထားလို့ နားထောင်တာထက် အကျင့်ကောင်းတွေရှိအောင် သင်ပေးပါ။ ကိုယ့်ရဲ့ကလေး ဘာလုပ်နေသလဲဆိုတာ တစ်နေကုန် လိုက်မကြည့်နိုင်ပါဘူး။ မိဘတစ်ဦးအနေနဲ့ ကလေးကို လိုက်ထိန်းချုပ်ဖို့မဟုတ်ဘဲ ကိုယ့်ရဲ့ကလေးဟာ ‘သိနားလည်နိုင်စွမ်းကို အသုံးပြုပြီး အမှားအမှန်ကို ပိုင်းခြားသိမြင်’ တတ်လာအောင် ကူညီပေးဖို့ဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) ပြောတဲ့အတိုင်းမလုပ်ရင် အပြစ်ပေးခံရမယ်လို့ ပြောတာထက် ကလေးရဲ့ အမှားအမှန်သိစိတ်ကို သုံးတတ်ဖို့ ကူညီပေးပါ။ ဘယ်လိုနာမည် ရချင်သလဲ။ ဘယ်လိုအကျင့်တွေ ရှိတဲ့သူလို့ သတ်မှတ်ခံချင်သလဲလို့ ကလေးကို မေးပါ။ မိဘရှေ့မှာဖြစ်ဖြစ်၊ မိဘကွယ်ရာမှာဖြစ်ဖြစ် ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် ကူညီပေးဖို့ ပန်းတိုင်ထားပါ။ —ကျမ်းစာအကြံပြုချက်– သုတ္တံ ၃:၂၁

“ကလေးတွေဟာ နည်းပညာကို ပိုသိတယ်။ မိဘတွေက ဘဝအတွေ့အကြုံ ပိုရှိတယ်”

ယာဉ်မောင်းတစ်ယောက်ဟာ ကားမောင်းကျွမ်းကျင်ရုံလောက်သာမကဘဲ ကောင်းကောင်း ပိုင်းခြားသိမြင်တတ်ဖို့လည်း လိုတယ်။ အင်တာနက်သုံးတဲ့အခါမှာလည်း အဲဒီလိုပါပဲ။ အင်တာနက်ကျွမ်းကျင်သူ ပယ်ရီ အက်ဖ်တဘ်က “ကလေးတွေဟာ နည်းပညာကို ပိုသိတယ်။ မိဘတွေက ဘဝအတွေ့အကြုံ ပိုရှိတယ်” လို့ ပြောတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ လမ်းညွှန်ပေးဖို့ အရေးကြီးပါတယ်။