မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား

သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား

 နိုင်ငံအတော်များများမှာ လူတွေဟာ စီးပွားရေး မမျှတမှုကြောင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေး အကျပ်အတည်း ပြဿနာတွေ ပိုဆိုးလာတယ်။ အသွားအလာ ကန့်သတ်မှု၊ ပစ္စည်းပြတ်လပ်မှုတို့က အခြေအနေကို ပိုဆိုးစေတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုကောင်း မရခြင်းကလည်း ဆင်းရဲချမ်းသာ ကွာဟမှု ပိုသိသာစေတယ်။

 ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ ဒီစီးပွားရေး အကျပ်အတည်းတွေ ပြေလည်နိုင်ပါ့မလား။ ပြေလည်သွားမှာပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

ဘုရားသခင် ဖြေရှင်းပေးမယ့် စီးပွားရေး ပြဿနာများ

 ပြဿနာ။ လူတိုင်း လိုအပ်ရာတွေ ပိုင်ဆိုင်နိုင်မယ့် စီးပွားရေး စနစ်မျိုးကို လူတွေ မဖန်တီးပေးနိုင်ဘူး။

 ဖြေရှင်းနည်း။ ဘုရားသခင်က လူ့အုပ်ချုပ်မှုတွေကို ဘုရားနိုင်ငံတော်လို့ ခေါ်တဲ့ အုပ်ချုပ်မှုနဲ့ အစားထိုးပါလိမ့်မယ်။ အဲဒီနိုင်ငံတော်က ကောင်းကင်ကနေ ကမ္ဘာမြေတစ်ခွင်လုံးကို အုပ်ချုပ်ပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀

 ရလဒ်။ ဘုရားနိုင်ငံတော် အစိုးရက ကမ္ဘာတစ်ခွင်လုံးကို အုပ်ချုပ်မှာ ဖြစ်လို့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ ဆင်းရဲတွင်း နက်နေတာ၊ ငွေကြေးဆိုင်ရာ မလုံခြုံမှုတွေနဲ့ အသက်ရှင်နေရတာမျိုး ကြုံကြရတော့မှာ မဟုတ်ဘူး။ (ဆာလံ ၉:၇-၉၊ ၁၈) ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရမယ်၊ မိသားစုနဲ့အတူ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်ရမယ်။ “လူတွေက အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေ စိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင် စားသုံးရလိမ့်မယ်။ သူတို့ ဆောက်တဲ့ အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့ စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ဟေရှာယ ၆၅:၂၁၊ ၂၂

 ပြဿနာ။ လူတွေဟာ ဆင်းရဲဒုက္ခတွေ၊ ချို့ငဲ့မှုတွေကို မလွှဲမရှောင်သာ ကြုံရကြတယ်။

 ဖြေရှင်းနည်း။ ကြောက်ရွံ့မှု၊ မလုံခြုံမှု ဖြစ်ပေါ်စေတဲ့အရာ မှန်သမျှကို နိုင်ငံတော်အားဖြင့် ဘုရား ဖယ်ရှားပေးမယ်။

 ရလဒ်။ ဘဝရဲ့ အခြေခံ လိုအပ်ရာတွေကို လက်လွတ်ဆုံးရှုံးစေတဲ့ အဖြစ်မျိုး မကြုံရတော့အောင် ဘုရား စောင့်ရှောက်ပေးမယ်။ စစ်ပွဲ၊ အစာရှားပါးမှု၊ ကပ်ရောဂါတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဆာလံ ၄၆:၉။ ၇၂:၁၆။ ဟေရှာယ ၃၃:၂၄) “ငါ့လူတွေဟာ ငြိမ်းချမ်းလုံခြုံတဲ့ နေရာ၊ ငြိမ်သက်အေးချမ်းတဲ့ နားခိုစရာနေရာတွေမှာ နေထိုင်ရလိမ့်မယ်” လို့ ဘုရား ကတိပေးထားတယ်။—ဟေရှာယ ၃၂:၁၈

 ပြဿနာ။ တစ်ကိုယ်ကောင်းသမား၊ လောဘသမားတွေ အမြတ်ထုတ်တာကို လူတွေ ခံနေရတယ်။

 ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော်မှာ နေထိုင်မယ့်သူတွေဟာ ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို ပိုဦးစားပေးတတ်လာမယ်။—မဿဲ ၂၂:၃၇-၃၉

 ရလဒ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူတိုင်း “ကိုယ်ကျိုးမရှာတတ်” တဲ့၊ ဘုရား ပြတဲ့ မေတ္တာမျိုး ပြကြလိမ့်မယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) “သူတို့က သန့်ရှင်းတဲ့ ငါ့ရဲ့ တောင်တစ်ပြင်လုံးမှာ ဘာအန္တရာယ်မှ ပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီး လုပ်မှာ မဟုတ်ဘူး။ ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာမြေဟာ ယေဟောဝါ aကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ” ဆိုပြီး ကျမ်းစာ ဆိုထားတယ်။—ဟေရှာယ ၁၁:၉

 ကျွန်တော်တို့ဟာ လက်ရှိ လောကစနစ်ရဲ့ နောက်ဆုံးအချိန်မှာ အသက်ရှင်နေကြတယ်၊ စီးပွားရေး ပြဿနာတွေ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကို ဘုရားသခင် မကြာခင် ပြည့်စုံစေတော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ b (ဆာလံ ၁၂:၅) လောလောဆယ် ကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျမ်းစာမူတွေက ကူညီပေးနိုင်ပါတယ်။ ဥပမာ၊ “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ၊” “ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်” ဆောင်းပါးတွေကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈

b ကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ သိဖို့ “သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်” ဆောင်းပါးကို ကြည့်ပါ။