မာတိကာဆီ ကျော်သွား

တိရစ္ဆာန်တွေ ကောင်းကင် တက်မလား

တိရစ္ဆာန်တွေ ကောင်းကင် တက်မလား

ကျမ်းစာအဖြေ

 ကမ္ဘာပေါ်က သတ္တဝါအားလုံးထဲမှာ လူအကန့်အသတ်ပဲ ကောင်းကင် တက်မယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဗျာဒိတ် ၁၄:၁၊) ကောင်းကင် တက်ပြီး ယေရှုနဲ့အတူ ဘုရင်၊ ပုရောဟိတ်တွေအဖြစ် အုပ်ချုပ်ကြမယ်။ (လုကာ ၂၂:၂၈-၃၀။ ဗျာဒိတ် ၅:၉၊ ၁၀) လူအများစုကတော့ မြေကြီးပရဒိသုမှာ နေထိုင်ဖို့ အသက်ပြန်ရှင်လာကြမယ်။—ဆာလံ ၃၇:၁၁၊ ၂၉

 အိမ်မွေးတိရစ္ဆာန်တွေ၊ ခွေးတွေ ကောင်းကင် တက်မယ်လို့ ကျမ်းစာ ဖော်ပြမထားတာ ခိုင်လုံတဲ့အကြောင်းရင်း ရှိတယ်။ တိရစ္ဆာန်တွေက ‘ကောင်းကင်အသက်တာ ခေါ်တော်မူခြင်း’ ခံရဖို့ အရည်အချင်း မပြည့်မီနိုင်ဘူး။ (ဟီဘရူး ၃:၁) ဘုရားအကြောင်း လေ့လာဆည်းပူးခြင်း၊ ယုံကြည်ခြင်း၊ ဘုရားပညတ်တွေကို လိုက်နာခြင်း စတာတွေ ဖြစ်တယ်။ (မဿဲ ၁၉:၁၇။ ယောဟန် ၃:၁၆။ ၁၇:၃) လူတွေသာ ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်းခံရကြတယ်။—ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၂၂၊ ၂၃

 မြေကြီးသားတွေ ကောင်းကင် တက်ဖို့ဆိုရင် ရှင်ပြန်ထမြောက်ဖို့ လိုမယ်။ (၁ ကောရိန္သု ၁၅:၄၂) အသက်ပြန်ရှင်ခဲ့သူ တချို့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘုရင်များ ၁၇:၁၇-၂၄။ ၂ ဘုရင်များ ၄:၃၂-၃၇။ ၁၃:၂၀၊ ၂၁။ လုကာ ၇:၁၁-၁၅။ ၈:၄၁၊ ၄၂၊ ၄၉-၅၆။ ယောဟန် ၁၁:၃၈-၄၄။ တမန်တော် ၉:၃၆-၄၂။ ၂၀:၇-၁၂) အသက်ပြန်ရှင်ခဲ့သူအားလုံး လူသားတွေချည်းပဲ၊ တိရစ္ဆာန်တွေ မပါဘူး။

 တိရစ္ဆာန်တွေ သေတဲ့အခါ ဘာဖြစ်သွားသလဲ။

 လူ့အသက်နဲ့ တိရစ္ဆာန်အသက်ကို ဘုရားသခင် ရှုမြင်ပုံဟာ အတူတူပဲလို့ ကျမ်းစာ ဆိုတယ်။ (တောလည်ရာ ၃၁:၂၈) လူတွေရော တိရစ္ဆာန်တွေပါ “မြေမှုန့်” နဲ့ “အသက်စွမ်းအား” နှစ်မျိုး ပေါင်းစပ်ထားတဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။—ကမ္ဘာဦး ၂:၇၊ အောက်ခြေမှတ်ချက်။

 လူရော တိရစ္ဆာန်ရော သေတတ်တယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဝတ်ပြုရာ ၂၁:၁၁။ ယေဇကျေလ ၁၈:၂၀) လူရော တိရစ္ဆာန်ရော သေတဲ့အခါ မြေမှုန့်ပဲ ပြန်ဖြစ်သွားတယ်။ (ဒေသနာ ၃:၁၉၊ ၂၀) သူတို့ ဘယ်မှာမှ မရှိတော့ဘူး။ a

 တိရစ္ဆာန်တွေ အပြစ်လုပ်တတ်သလား။

 မလုပ်တတ်ဘူး။ အပြစ်ဆိုတာ ဘုရားစံနှုန်းနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်ကို ဆိုလိုတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိတဲ့သူသာ အပြစ်လုပ်တတ်တယ်။ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး။ သက်တမ်းတိုလေးအတွင်း ပင်ကိုအသိစိတ်အတိုင်း အသက်ရှင်ကြတယ်။ (၂ ပေတရု ၂:၁၂) အပြစ် မလုပ်ပေမဲ့လည်း သက်တမ်းကုန်တဲ့အခါ သေသွားကြတယ်။

 တိရစ္ဆာန်တွေကို နှိပ်စက်တာ ကောင်းသလား။

 မကောင်းပါဘူး။ ဘုရားသခင်က လူတွေကို တိရစ္ဆာန်တွေအပေါ် အုပ်စိုးခွင့် ပေးပေမဲ့ နှိပ်စက်တာကို ခွင့်မပြုဘူး။ (ကမ္ဘာဦး ၁:၂၈။ ဆာလံ ၈:၆-၈) ငှက်ငယ်လေးတွေပါမကျန် တိရစ္ဆာန်တစ်ကောင်ချင်းစီကို ဘုရား ဂရုစိုက်တယ်။ (ယောန ၄:၁၁။ မဿဲ ၁၀:၂၉) တိရစ္ဆာန်တွေကို ညှာတာဖို့ မိမိရဲ့လူတွေကို ဘုရား မိန့်မှာထားတယ်။—ထွက်မြောက်ရာ ၂၃:၁၂။ တရားဟောရာ ၂၅:၄။ ပညာအလိမ္မာ ၁၂:၁၀

a ထပ်သိချင်ရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ် အခန်း ၆ မှာ ကြည့်ပါ။