မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို ရှာတွေ့နိုင်မလား

ဘုရားသခင်ကို ရှာတွေ့နိုင်မလား

“ဘုရားသခင်အကြောင်း နက်နဲလွန်းလို့ နားမလည်နိုင်ဘူး။” —အလက်ဇန္ဒြီးယားမြို့က ပထမရာစု အတွေးအခေါ်ပညာရှင်ဖီလို ပြောခဲ့တဲ့စကား။

“ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” —အေသင်မြို့က ပထမရာစု အတွေးအခေါ်ပညာရှင်တွေကို တာရှုမြို့သားရှောလု ပြောခဲ့တဲ့စကား။

ဖော်ပြထားတဲ့အချက် နှစ်ချက်ထဲက ဘယ်အချက်ဟာ သင့်အမြင်နဲ့ကိုက်ညီသလဲ။ တမန်တော်ပေါလုလို့ခေါ်တဲ့ တာရှုမြို့သား ရှောလုရဲ့စကားတွေဟာ အားရကျေနပ်စရာကောင်းတယ်ဆိုတာ လူအများစု အသိအမှတ်ပြုကြတယ်။ (တမန်တော် ၁၇:၂၆၊ ၂၇) အဲဒီလိုမျိုး တခြားဖော်ပြချက်တွေ ကျမ်းစာထဲမှာပါတယ်။ ဥပမာ၊ ယေရှုရဲ့ ဆုတောင်းချက်မှာ တပည့်တွေ ဘုရားသခင်ကိုသိကျွမ်းလာပြီး ကောင်းချီးခံစားနိုင်မယ့် အာမခံချက်ရှိတယ်ဆိုတာ ဖော်ပြထားတယ်။—ယောဟန် ၁၇:၃

ကျမ်းစာဖော်ပြချက်က ဖီလို,လိုမျိုး အတွေးအခေါ်ပညာရှင်တွေရဲ့ အမြင်နဲ့ မတူဘူး။ သူတို့ကတော့ ဘုရားသခင်အကြောင်း နက်နဲလွန်းအားကြီးလို့ ကိုယ်တော့်ကို ဘယ်တော့မှ သိကျွမ်းနိုင်မှာမဟုတ်ဘူးဆိုပြီး ယူဆကြတယ်။ ဒါဆို ဘာက မှန်သလဲ။

ဘုရားသခင်အကြောင်း နားမလည်နိုင်တဲ့ အချက်တချို့ရှိတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ဥပမာ၊ ဖန်ဆင်းရှင်တည်ရှိချိန်ကို မရေတွက်နိုင်ဘူး၊ ကိုယ်တော်ရဲ့ သာလွန်မြင့်မားတဲ့ ဉာဏ်ရည်ကို မတိုင်းတာနိုင်ဘူး၊ ဉာဏ်ပညာ အတိမ်အနက်ကို နားမလည်နိုင်ဘူး။ အဲဒီအချက်တွေကိုတော့ လူတွေ လုံးဝသဘောပေါက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အဲဒီအချက်တွေကြောင့် ကိုယ်တော်ကို သိကျွမ်းဖို့ မဖြစ်နိုင်တော့ဘူးလား။ မဟုတ်ပါဘူး။ အဲဒီအချက်တွေကို တွေးတောဆင်ခြင်မယ်ဆိုရင် “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” နိုင်ပါလိမ့်မယ်။ (ယာကုပ် ၄:၈) ဘုရားသခင်နဲ့ပတ်သက်တဲ့ နားမလည်နိုင်တဲ့ အချက်တွေရဲ့ ဥပမာတွေကို အရင်သုံးသပ်ကြည့်ကြစို့။ ပြီးနောက် ကျွန်ုပ်တို့ တကယ်နားလည်နိုင်မယ့် အချက်တွေကို သုံးသပ်သွားပါမယ်။

နားမလည်နိုင်တဲ့ အချက်တွေ

ဘုရားသခင်ရဲ့ ထာဝစဉ်တည်ရှိမှု– ဘုရားသခင်ဟာ “ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင်” တည်ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၉၀:၂) နောက်တစ်မျိုးပြောရရင် ဘုရားသခင်မှာ အစလည်း မရှိဘူး၊ အဆုံးလည်းမရှိဘူး။ လူ့ဉာဏ်နဲ့ ဘုရားသခင်ရဲ့ ‘အသက်တော်ကိုမရေတွက်နိုင်’ ပါဘူး။—ယောဘ ၃၆:၂၆ခမ။

အကျိုးရနိုင်ပုံ– ဘုရားသခင်ကို သိကျွမ်းလာမယ်ဆိုရင် ထာဝရအသက်ရမယ်လို့ ကိုယ်တော် ကတိပေးထားတယ်။ (ယောဟန် ၁၇:၃) တကယ်လို့ ဘုရားသခင်က ထာဝစဉ်မတည်ရှိဘူးဆိုရင် အဲဒီကတိကို ဘယ်လို ယုံကြည်စိတ်ချနိုင်မလဲ။ “ထာဝရဘုရင်” တစ်ပါးတည်းကပဲ အဲဒီကတိကို ပြည့်စုံစေနိုင်မှာဖြစ်ပါတယ်။—၁ တိမောသေ ၁:၁၇

ဘုရားသခင့်ဉာဏ်တော်– ဘုရားသခင်ဟာ “စစ်၍မကုန်နိုင်သော ဉာဏ်နှင့်ပြည့်စုံတော်မူ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် ကိုယ်တော့်ဉာဏ်စွမ်းက လူ့ဉာဏ်ထက် အဆပေါင်းများစွာ သာလွန်မြင့်မားတယ်။ (ဟေရှာယ ၄၀:၂၈; ၅၅:၉) ဒါကြောင့် “အဘယ်သူသည် ကိုယ်တော်အား အကြံဉာဏ် ပေးနိုင်ပါသနည်း” ဆိုတဲ့ အဖြေမလိုတဲ့မေးခွန်းကို ကျမ်းစာ မေးထားပါတယ်။—၁ ကောရိန္သု ၂:၁၆ခမ။

အကျိုးရနိုင်ပုံ– ဘုရားသခင်က သန်းနဲ့ချီတဲ့သူတွေရဲ့ ဆုတောင်းချက်ကို တစ်ပြိုင်တည်း နားထောင်ပေးနိုင်ပါတယ်။ (ဆာလံ ၆၅:၂) စာကလေးတစ်ကောင် မြေပေါ်ကျတာကိုတောင် ကိုယ်တော် သတိပြုမိတယ်။ ဘုရားသခင့်ဉာဏ်တော်က သင့်ကို မမှတ်မိနိုင်လောက်တဲ့အထိ၊ သင့်ဆုတောင်းချက်တွေကို နားမထောင်နိုင်လောက်တဲ့အထိ ဖြစ်သွားမှာလား။ မဖြစ်ပါဘူး။ အကြောင်းက ကိုယ်တော်မှာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အတိုင်းအဆမဲ့ဉာဏ်တော် ရှိလို့ပါ။ ဒါ့အပြင် ဘုရားအမြင်မှာ သင်ဟာ “စာငှက်အများထက် သာ၍မြတ်” ပါတယ်။—မဿဲ ၁၀:၂၉၊ ၃၁

ဘုရားသခင့်နည်းလမ်းများ– “ကိုယ်တော်ပြုတော်မှုသောအမှုတို့ကို အပြည့်အဝ သိရှိနားလည်” နိုင်မှာမဟုတ်ဘူးလို့ ကျမ်းစာမှာ ဆိုထားပါတယ်။ (ဒေသနာ ၃:၁၁ခမ) ဒါကြောင့် ဘုရားသခင်နဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ကျွန်ုပ်တို့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဘုရားသခင့်နည်းလမ်းတွေရဲ့ နောက်ကွယ်က ဉာဏ်ပညာကို “လိုက်၍ မမီနိုင်” ပါဘူး။ (ရောမ ၁၁:၃၃) ဒါပေမဲ့ ဘုရားသခင်က မိမိရဲ့နှစ်သက်လက်ခံမှု ရလိုသူတွေအတွက် မိမိရဲ့နည်းလမ်းတွေကို လိုလိုလားလား ဖော်ပြပေးထားပါတယ်။—အာမုတ် ၃:၇

ဖန်ဆင်းရှင်တည်ရှိချိန်ကို မရေတွက်နိုင်၊ ကိုယ်တော်ရဲ့ သာလွန်မြင့်မားတဲ့ ဉာဏ်ရည်ကို မတိုင်းတာနိုင်၊ ဉာဏ်ပညာ အတိမ်အနက်ကို နားမလည်နိုင်

အကျိုးရနိုင်ပုံ– ကျမ်းစာကို သင် ဖတ်ရှုလေ့လာလေ ဘုရားသခင်နဲ့ ကိုယ်တော့် နည်းလမ်းတွေအကြောင်း အသစ်အသစ်သော သင်ယူစရာတွေ တွေ့လာလေပါပဲ။ ဒါမှသာ ကောင်းကင်ဖခင်နဲ့ ထာဝစဉ် နီးကပ်လာမှာဖြစ်တယ်။

သင်သိရှိနိုင်ရာများ

ဘုရားသခင်နဲ့ပတ်သက်တဲ့ အချက်တချို့ကို အပြည့်အဝမသိနိုင်တာနဲ့ပဲ ကိုယ်တော့်အကြောင်း ဘာဆိုဘာမှ မသိနိုင်တော့ဘူးလို့ ပြောလို့မရပါဘူး။ ဘုရားသခင်အကြောင်း ကောင်းစွာသိနိုင်ဖို့ ကူညီပေးတဲ့အချက်တွေ ကျမ်းစာထဲမှာ အများကြီးရှိပါတယ်။ နမူနာတချို့ကို လေ့လာကြည့်ရအောင်–

ဘုရားသခင့်နာမည်– ဘုရားသခင်မှာ “ယေဟောဝါ” ဆိုတဲ့ ကိုယ်ပိုင်နာမည်ရှိပြီး အဲဒီနာမည်ကို အကြိမ်ပေါင်း ၇,၀၀၀ ခန့် ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ တခြားဘယ်နာမည်ကိုမှ အဲဒီလောက် မဖော်ပြထားပါဘူး။—ယေရမိ ၃၃:၂

အကျိုးရနိုင်ပုံ– စံပြဆုတောင်းချက်မှာ ယေရှုက “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ” လို့ ပြောခဲ့တယ်။ (မဿဲ ၆:၉) သင်ရော ဆုတောင်းတဲ့အခါ ဘုရားသခင့်နာမည် ထည့်တောင်းသလား။ ယေဟောဝါဘုရားက ကိုယ်တော့်နာမည်ကို ရိုသေလေးစားမှုတင်ပြသူတိုင်းကို ကယ်တင်ပေးချင်ပါတယ်။—ရောမ ၁၀:၁၃

ဘုရားသခင်စံမြန်းရာ– စကြဝဠာနဲ့ လူသားတွေနေတဲ့ ကမ္ဘာမြေကြီးက နယ်ပယ်တစ်ခု၊ မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေနေတဲ့ ကောင်ကင်ဘုံက နယ်ပယ်တစ်ခုဆိုပြီး ကျမ်းစာထဲမှာ နယ်ပယ်နှစ်ခုအကြောင်း ဖော်ပြထားတယ်။ (ယောဟန် ၈:၂၃; ၁ ကောရိန္သု ၁၅:၄၄) ဖန်ဆင်းရှင်ရဲ့ စံမြန်းရာနေရာက “ကောင်းကင်ဘုံ” ဖြစ်ပါတယ်။—၃ ဓမ္မရာဇဝင် ၈:၄၃

အကျိုးရနိုင်ပုံ– ဘုရားသခင်အကြောင်း အရင်ကထက် သင် နားလည်နိုင်ပါတယ်။ ဖန်ဆင်းရှင်ဆိုတာ နေရာတိုင်း၊ အရာတိုင်းမှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတစ်ခု မဟုတ်ပါဘူး။ ယေဟောဝါဘုရားက တကယ်တည်ရှိတဲ့နေရာမှာ စံမြန်းတဲ့ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်။ ဒါကြောင့် “ကိုယ်တော် [ယေဟောဝါဘုရား] ရှေ့တွင် မထင်ရှားသော ဖန်ဆင်းရာတစ်ခုမျှမရှိ” ပါဘူး။—ဟေဗြဲ ၄:၁၃

ဘုရားသခင့်ပင်ကိုအရည်အသွေး– ယေဟောဝါဘုရားဆီမှာ နှစ်သက်ဖွယ် အရည်အသွေးကောင်းတွေရှိတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ဘုရားသခင်ဟာ မုသားနဲ့ကင်းစင်တယ်။ (တိတု ၁:၂) ကိုယ်တော်က မျက်နှာမလိုက်ဘူး၊ ကရုဏာရှိတယ်၊ သနားစာနာတတ်ပြီး အမျက်ထွက်နှေးတယ်။ (ထွက်မြောက်ရာ ၃၄:၆; တမန်တော် ၁၀:၃၄) ဖန်ဆင်းရှင်က မိမိကို ရိုသေလေးမြတ်သူတွေနဲ့ မိတ်ဆွေဖြစ်ချင်တယ်ဆိုတာ သိလိုက်ရတဲ့အခါ လူများစွာ အံ့အားသင့်သွားကြတယ်။—ဆာလံ ၂၅:၁၄

အကျိုးရနိုင်ပုံ– သင်လည်း ယေဟောဝါဘုရားသခင်ရဲ့ မိတ်ဆွေဖြစ်နိုင်ပါတယ်။ (ယာကုပ် ၂:၂၃) ကိုယ်တော်ရဲ့ ပင်ကိုအရည်အသွေးတွေကို သိကျွမ်းလာတာနဲ့အမျှ ကျမ်းစာမှတ်တမ်းတွေကို သင် ပိုပြီး နားလည်လာမှာဖြစ်ပါတယ်။

‘ကိုယ်တော်ကို ရှာပါ’

ယေဟောဝါဘုရားအကြောင်းကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကိုယ်တော့်အကြောင်း နားလည်ဖို့မခက်ပါဘူး။ ဖန်ဆင်းရှင်ကလည်း သင့်ကို မိမိနဲ့သိကျွမ်းစေလိုတယ်။ “ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်” လို့ ဘုရားသခင့်တရားစကားတော် ကျမ်းစာမှာ ကတိပေးထားတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင်ကိုသိကျွမ်းလာဖို့ ကျမ်းစာမှတ်တမ်းတွေကို ဖတ်ရှုဆင်ခြင်ကြည့်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင်က “သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ ကျမ်းစာမှာ အာမခံထားတယ်။—ယာကုပ် ၄:၈

ကျမ်းစာကို သင် ဖတ်ရှုလေ့လာလေ ဘုရားသခင်နဲ့ ကိုယ်တော့် နည်းလမ်းတွေအကြောင်း အသစ်အသစ်သော သင်ယူစရာတွေ တွေ့လာမှာဖြစ်

“ဖန်ဆင်းရှင်အကြောင်း အသေးစိတ်မသိသေးဘဲ ကိုယ်တော်နဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်မလဲ” လို့ သင် သိချင်မှာပဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ– ခွဲစိတ်ဆရာဝန်တစ်ဦးရဲ့ မိတ်ဆွေဖြစ်ဖို့ ဆေးပညာဘွဲ့ရထားဖို့လိုမလား။ မလိုပါဘူး။ ခွဲစိတ်ဆရာဝန်ရဲ့မိတ်ဆွေမှာ တခြားကျွမ်းကျင်တဲ့ အတတ်ပညာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်နိုင်ကြတယ်မဟုတ်လား။ ခွဲစိတ်ဆရာဝန်ရဲ့ ပင်ကိုအရည်အသွေးတွေ၊ သူ ဘာကြိုက်တယ်၊ ဘာမကြိုက်ဘူးဆိုတာကိုပဲ ဆရာဝန်ရဲ့မိတ်ဆွေ သိဖို့လိုပါတယ်။ အလားတူပါပဲ၊ ယေဟောဝါဘုရားနဲ့ မိတ်ဆွေဖြစ်ဖို့ ကိုယ်တော်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို သင်သိဖို့လိုတယ်။ အဲဒီအကြောင်းကို ကျမ်းစာကနေ သိနိုင်ပါတယ်။

ဘုရားသခင်ကိုသိကျွမ်းဖို့လိုအပ်တဲ့ အချက်တွေကို ကျမ်းစာမှာ အားလုံးဖော်ပြထားတဲ့အတွက် ဖန်ဆင်းရှင်အကြောင်း သင် နားလည်နိုင်ပါတယ်။ ယေဟောဝါဘုရားအကြောင်း ထပ်သိချင်ပါသလား။ ယေဟောဝါသက်သေတွေက အခမဲ့ကျမ်းစာလေ့လာမှုအစီအစဉ် ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် သင့်ဒေသက ယေဟောဝါသက်သေတွေကို ဆက်သွယ်ပါ ဒါမှမဟုတ် www.pr418.com/mya ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။