မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမြင်နိုင်တဲ့ဘုရားကို ဘယ်လိုနည်းတွေနဲ့ ရှာတွေ့နိုင်သလဲ

မမြင်နိုင်တဲ့ဘုရားကို ဘယ်လိုနည်းတွေနဲ့ ရှာတွေ့နိုင်သလဲ

‘ဘုရားသခင်က နာမ်ဝိညာဉ်’ ဖြစ်တဲ့အတွက် လူ့မျက်စိနဲ့ မမြင်နိုင်ဘူး။ (ယောဟန် ၄:၂၄) ဒါပေမဲ့ ဘုရားသခင်ကို မြင်ရတဲ့လူတချို့အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ (ဟေဗြဲ ၁၁:၂၇) ဘယ်လိုနည်းနဲ့ မြင်နိုင်တာလဲ။ သင်လည်း “မျက်မြင်မရသော ဘုရားသခင်” ကို ဘယ်လိုနည်းတွေနဲ့ မြင်နိုင်မလဲ။—ကောလောသဲ ၁:၁၅

ကျွန်ုပ်တို့ရဲ့အခြေအနေကို မွေးကတည်းက မျက်စိမမြင်တဲ့သူနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ မျက်စိမမြင်တဲ့သူဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို မသိနိုင်တော့ဘူးလား။ လုံးဝမဟုတ်ပါဘူး။ မျက်စိမမြင်တဲ့သူက ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ၊ အရာဝတ္ထုတွေနဲ့ လှုပ်ရှားမှုတွေကို နည်းအမျိုးမျိုးနဲ့ သိမြင်နိုင်ပါတယ်။ “အမြင်အာရုံက မျက်စိမှာမဟုတ်ဘူး။ စိတ်မှာရှိတာ” လို့မျက်မမြင်တစ်ယောက် ပြောတယ်။

အလားတူ၊ ဘုရားကို ကျွန်ုပ်တို့ရဲ့ ပကတိမျက်လုံးနဲ့ မမြင်နိုင်ပေမဲ့ “ဉာဏ်မျက်စိ” နဲ့မြင်နိုင်ပါတယ်။ (ဧဖက် ၁:၁၈) ဘုရားကို မြင်နိုင်တဲ့နည်း ၃ ခုကို သုံးသပ်ကြည့်ရအောင်။

‘ဖန်ဆင်းထားရာများမှ ထင်ရှားစွာ သိမြင်ရ’

မမြင်နိုင်တဲ့အရာတွေကို သိရှိခံစားနိုင်ဖို့ မျက်မမြင်တစ်ယောက်ရဲ့ အကြားအာရုံနဲ့ အထိအတွေ့အာရုံက ပိုထက်မြက်နေလေ့ရှိတယ်။ အဲဒီလိုပဲ၊ ကျွန်ုပ်တို့လည်း အာရုံငါးပါးကိုသုံးပြီး ပတ်ဝန်းကျင်ကအရာတွေကို သိရှိခံစားနိုင်တယ်။ ဒီအရာတွေကို ပြုလုပ်ထားတဲ့ မမြင်ရတဲ့အရှင်အကြောင်း နားလည်သဘောပေါက်နိုင်တယ်။ ကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း ‘ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များကို လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်’ နိုင်ပါတယ်။—ရောမ ၁:၂၀

ဥပမာ၊ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးအကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့လောက်ပဲ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ လေပြည်လေညင်း၊ နွေးထွေးတဲ့နေရောင်ခြည်၊ အရည်ရွှမ်းတဲ့အသီး၊ ငှက်ကလေးတွေရဲ့ သီချင်းဆိုသံ စတာတွေက ကျွန်ုပ်တို့ကို စိတ်ချမ်းသာစေတယ် မဟုတ်လား။ ဘုရားပေးထားတဲ့ ဒီလက်ဆောင်တွေကနေ ကိုယ်တော်ရဲ့ ထောက်ထားစာနာမှု၊ သနားကြင်နာမှုနဲ့ ရက်ရောမှုတို့ကို သိမြင်နိုင်တယ် မဟုတ်လား။

စကြဝဠာကိုကြည့်ပြီး ဘုရားသခင်အကြောင်း ဘာသိနိုင်သလဲ။ တစ်ခုကတော့၊ ဘုရားရဲ့တန်ခိုးတော်အကြောင်း သိနိုင်ပါတယ်။ စကြဝဠာကြီးက ပြန့်ကားနေပြီး ပြန့်ကားနှုန်းကလည်း ပိုမြန်လာတယ်လို့ သိပ္ပံပညာရှင်တွေ မကြာသေးခင်က တွေ့ရှိခဲ့ကြတယ်။ ညဘက် ကောင်းကင်ယံကို ကြည့်ပြီး ဒီစကြဝဠာကြီး အရှိန်နဲ့ပြန့်ကားနေတာ ဘာကြောင့်များလဲလို့ သင်တွေးကောင်းတွေးမိမယ်။ ဘုရားသခင်မှာ “ကြီးမားပြင်းထန်လှတဲ့ စွမ်းအင်” ရှိတယ်လို့ ကျမ်းစာက ပြောပြပါတယ်။ (ဟေရှာယ ၄၀:၂၆ကဘ) ဒါကြောင့် ဘုရားသခင် ဖန်ဆင်းထားရာတွေက ကိုယ်တော်ဟာ ‘တန်ခိုးအကြီးဆုံးအရှင်’ ဖြစ်တယ်ဆိုတာ ဖော်ပြနေတယ်။—ယောဘ ၃၇:၂၃

“တစ်ပါးတည်းသော သားတော်သည် ကိုယ်တော်ကို ဖော်ပြ”

မျက်မမြင်ကလေးနှစ်ယောက် မိခင်က ခုလိုပြောတယ်– “စကားပြောတာက ကလေးတွေရဲ့ သင်ယူမှုမှာ အရေးကြီးဆုံး အပိုင်းတစ်ခုဖြစ်တယ်။ အိမ်အပြင်ရောက်တဲ့အခါ မြင်ရသမျှ၊ ကြားရသမျှအားလုံး သူတို့ကို ကျွန်မ ပြောပြတယ်။ ကျွန်မက သူတို့ရဲ့ မျက်လုံးပဲ။” အဲဒီလိုပါပဲ၊ “ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး” ပေမဲ့ ‘ခမည်းတော်၏ ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ကိုယ်တော့်ကို ဖော်ပြ’ တယ်။ (ယောဟန် ၁:၁၈) ဘုရားသခင် ဦးဆုံးဖန်ဆင်းခဲ့တဲ့ တစ်ပါးတည်းသောသားတော် ယေရှုဟာ ကောင်းကင်မှာဖြစ်နေတဲ့အရာတွေကို ပြောပြတဲ့ ကျွန်ုပ်တို့ရဲ့ “မျက်လုံး” ဖြစ်တယ်။ မမြင်နိုင်တဲ့ဘုရားအကြောင်း ပြောပြနိုင်တဲ့ အဓိကပုဂ္ဂိုလ်ကတော့ ယေရှုပါပဲ။

ခမည်းတော်နဲ့ အတိုင်းမသိ အကြာကြီးအတူနေခဲ့တဲ့ ယေရှုက ဘုရားသခင်အကြောင်း ပြောပြထားတဲ့အချက်တချို့ကို လေ့လာကြည့်ပါ။

  • ဘုရားသခင်က အလုပ်ကြိုးစားသူဖြစ်တယ်။ “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။”—ယောဟန် ၅:၁၇

  • ကျွန်ုပ်တို့ရဲ့ လိုအပ်ရာတွေကို ဘုရားသခင် သိတယ်။ “သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ၏။”—မဿဲ ၆:၈

  • ဘုရားသခင်က လူသားအားလုံးကို ရက်ရက်ရောရော ပေးတယ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။”—မဿဲ ၅:၄၅သမ္မာကျမ်း။

  • ဘုရားသခင်က ကျွန်ုပ်တို့တစ်ဦးစီကို တန်ဖိုးထားတယ်။ “စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနှင့် ရောင်းရသည်မဟုတ်လော။ ကောင်းကင်ဘုံရှိ သင်တို့၏အဖမသိဘဲ ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့၏ဆံပင်များကိုလည်း အကုန်အစင် ရေတွက်ထား၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများထက် သာ၍မြတ်ကြ၏။”—မဿဲ ၁၀:၂၉-၃၁

မမြင်နိုင်တဲ့ဘုရားသခင်အကြောင်း ဖော်ပြတဲ့လူသား

မျက်စိမမြင်တဲ့သူက မျက်စိမြင်တဲ့သူ နားလည်ထားသလို နားမလည်နိုင်ဘူး။ ဥပမာ၊ အရိပ်လို့ပြောရင် နေရောင်မရှိတဲ့ မှောင်နေတဲ့နေရာအဖြစ်မဟုတ်ဘဲ အပူရှိန်ကနေ လွတ်ကင်းတဲ့ အေးမြတဲ့နေရာလို့ နားလည်တယ်။ မျက်စိလုံးဝမမြင်တဲ့သူတစ်ယောက်က အရိပ်၊ အလင်းဆိုတာတွေကို မမြင်နိုင်သလို ကျွန်ုပ်တို့လည်း မမြင်ရတဲ့ ယေဟောဝါဘုရားအကြောင်း ကိုယ့်အစွမ်းအစနဲ့ နားမလည်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါဘုရားက မိမိရဲ့ အရည်အသွေးတွေကို အပြည့်အဝ တုပနိုင်တဲ့ လူသားတစ်ယောက်ကို ပေးထားပါတယ်။

အဲဒီလူသားကတော့ ယေရှုဖြစ်တယ်။ (ဖိလိပ္ပိ ၂:၇) ယေရှုဟာ သူ့ခမည်းတော်အကြောင်း ပြောပြရုံသာမက ဘုရားက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာပါ ဖော်ပြပေးတယ်။ ယေရှုရဲ့ တပည့် ဖိလိပ္ပုက “သခင်၊ ခမည်းတော်ကို ကျွန်ုပ်တို့အား ပြတော်မူပါ” လို့တောင်းဆိုတဲ့အခါ ယေရှုက “ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” လို့ ပြန်ပြောခဲ့တယ်။ (ယောဟန် ၁၄:၈၊ ၉) ယေရှုရဲ့ လုပ်ရပ်တွေကနေတစ်ဆင့် ခမည်းတော်အကြောင်း ဘာသိရသလဲ။

ယေရှုက ကြင်နာတယ်၊ နှိမ့်ချတယ်၊ ရင်းနှီးရလွယ်တယ်။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော့်ရဲ့ နှစ်သက်ဖွယ်အရည်အသွေးတွေကြောင့် လူတွေက ကိုယ်တော်နဲ့ ရင်းနှီးချင်ကြတယ်။ တခြားသူတွေ ဝမ်းနည်းတဲ့အခါ ယေရှု ဝမ်းနည်းတယ်။ တခြားသူတွေ ပျော်ရွှင်တဲ့အခါ ကိုယ်တော်လည်း ပျော်ရွှင်တယ်။ (လုကာ ၁၀:၁၇၊ ၂၁; ယောဟန် ၁၁:၃၂-၃၅) ယေရှုအကြောင်း ကျမ်းစာမှတ်တမ်းတွေကို နားထောင်တဲ့အခါ၊ ဖတ်တဲ့အခါ ဖြစ်ရပ်တွေမှာ အာရုံနှစ်ပြီး ကိုယ်ပါ တကယ်ပါဝင်နေသလို လိုက်ခံစားကြည့်ပါ။ လူတွေနဲ့ ယေရှု ဆက်ဆံပုံကို တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်ရဲ့ အံ့သြဖွယ်ကောင်းတဲ့ အရည်အသွေးတွေကို ရှင်းရှင်းလင်းလင်း မြင်လာပြီး ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။

အချက်အလက်တွေကို ဆက်စပ်ပါ

“မျက်မမြင်တစ်ယောက်က (အထိအတွေ့၊ အနံ့၊ အကြားစတဲ့ အာရုံတွေကနေ) ရရှိထားတဲ့ အချက်အလက်အားလုံးကို ဆက်စပ်ကြည့်တတ်တယ်” လို့စာရေးဆရာတစ်ယောက် ပြောတယ်။ အလားတူပဲ၊ ကျွန်ုပ်တို့လည်း ဘုရားသခင်ပြုလုပ်ထားရာတွေကို လေ့လာမယ်၊ ခမည်းတော်အကြောင်း ယေရှုပြောတာတွေကို ဖတ်ရှုမယ်၊ ခမည်းတော်ရဲ့အရည်အသွေးတွေကို တုပခဲ့တဲ့ ယေရှုရဲ့နည်းလမ်းတွေကို လေ့လာမယ်ဆိုရင် ယေဟောဝါဘုရားအကြောင်း ပိုသဘောပေါက်လာမှာဖြစ်တယ်။ အဲဒီလိုမျိုးလုပ်ဆောင်မယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်ုပ်တို့အတွက် တကယ်တည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာပါလိမ့်မယ်။

ရှေးတုန်းက အသက်ရှင်ခဲ့တဲ့ ယောဘလည်း အဲဒီလိုမျိုး ခံစားခဲ့ရတယ်။ အစမှာ “နားမလည်သောအရာ” တွေကို သူပြောခဲ့တယ်။ (ယောဘ ၄၂:၃) ဒါပေမဲ့ ဘုရားသခင်ရဲ့ အံ့သြဖွယ်လက်ရာတွေကို သေချာတွေးတောဆင်ခြင်ပြီးတဲ့အခါ “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော့်ကို မျက်စိနှင့်မြင်ရပါ၏” လို့ ယောဘ ချီးမွမ်းခဲ့ပါတယ်။—ယောဘ ၄၂:၅

ယေဟောဝါဘုရားကိုရှာရင် သင့်ကိုလည်း ကိုယ်တော်အတွေ့ခံပါလိမ့်မယ်

ယေဟောဝါဘုရားကိုရှာရင် သင့်ကိုလည်း ကိုယ်တော်အတွေ့ခံပါလိမ့်မယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉) မမြင်နိုင်တဲ့ ယေဟောဝါဘုရားကို ရှာတွေ့နိုင်ဖို့ ယေဟောဝါသက်သေတွေက သင့်ကို ဝမ်းသာအားရ ကူညီပေးပါလိမ့်မယ်။