မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး

သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး
  • မွေးဖွားတဲ့နှစ် ၁၉၅၈

  • နေရင်းနိုင်ငံ အီတလီ

  • နောက်ခံ အကြမ်းဖက်ဒုစရိုက်ဂိုဏ်းအဖွဲ့ဝင်

အတိတ်–

ရောမမြို့က ဆင်းရဲသားအလုပ်ကြမ်းသမားတွေနေတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ကျွန်တော် မွေးဖွားလာခဲ့တယ်။ ကျွန်တော့်ဘဝက တော်တော်ကြမ်းတမ်းပါတယ်။ အမေ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ အဖေနဲ့လည်း ရင်းရင်းနှီးနှီးမရှိဘူး။ ခက်ခဲကြမ်းတမ်းတဲ့ဝန်းကျင်မှာ ဘယ်လိုအသက်ရှင်ရမလဲဆိုတာ သင်ယူရင်း ကျွန်တော် ကြီးပြင်းလာတယ်။

ကျွန်တော် အသက် ၁၀ နှစ်လောက်မှာ ခိုးတတ်နေပြီ။ အသက် ၁၂ နှစ်မှာ အိမ်ကနေ ဦးဆုံးအကြိမ် ထွက်ပြေးတယ်။ ကျွန်တော့်ကို ရဲစခန်းမှာ အဖေလာခေါ်ရတာလည်း ခဏခဏပဲ။ လူတွေနဲ့ ကျွန်တော် အမြဲရန်ဖြစ်လေ့ရှိတယ်။ တစ်လောကလုံးကိုလည်း ကျွန်တော် မကျေနပ်ဘူး။ အသက် ၁၄ နှစ်မှာ အိမ်ကနေ အပြီးထွက်လာခဲ့တယ်။ မူးယစ်ဆေးလည်း သုံးတတ်လာပြီး လမ်းပေါ်မှာပဲ နေတယ်။ အိပ်စရာနေရာမရှိရင် သူများကားတံခါးကို တစ်နည်းနည်းနဲ့ ရအောင်ဖွင့်ပြီး မိုးမလင်းခင်အထိ ဝင်အိပ်လေ့ရှိတယ်။ ပြီးတော့ ရေရှိတဲ့နေရာကိုလိုက်ရှာပြီး ခြေလက်မျက်နှာ ဆေးလိုက်တယ်။

ကျွန်တော်ဟာ ခိုးယူလုယက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်လာတယ်။ အိတ်တွေကို အလစ်သုတ်တယ်။ ညမှာ အိမ်တွေကို ဝင်ခိုးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နာမည်ဆိုးတွင်လာတဲ့ ကျွန်တော့်ကို နာမည်ကြီး ဒုစရိုက်ဂိုဏ်းတစ်ခုက သူတို့နဲ့ပူးပေါင်းဖို့ ခေါ်တယ်။ သူတို့နဲ့ပေါင်းပြီး ဘဏ်တွေကို ဓားပြဝင်တိုက်တယ်။ ကြမ်းတမ်းတဲ့စရိုက်ကြောင့် အဲဒီဂိုဏ်းမှာ ကျွန်တော် နေရာပေးခံရတယ်။ သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး။ အိပ်ရင်တောင် သေနတ်ကို ခေါင်းအုံးအောက် ထားအိပ်တယ်။ အကြမ်းဖက်တာ၊ မူးယစ်ဆေးသုံးတာ၊ ခိုးယူလုယက်တာ၊ ဆဲဆိုတာ၊ အကျင့်ပျက်တာတွေက ကျွန်တော့်ရဲ့ ဘဝပုံစံပဲ။ ရဲတွေက ကျွန်တော့်ကို မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ အဖမ်းခံ၊ ထောင်ချခံရတာလည်း ခဏခဏပါပဲ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–

ထောင်ကလွတ်လာတဲ့ တစ်ခါမှာတော့ ကျွန်တော့်အဒေါ်ဆီ သွားလည်ခဲ့တယ်။ အဒေါ်နဲ့ မောင်နှမဝမ်းကွဲတွေ ယေဟောဝါသက်သေဖြစ်နေကြတာ ကျွန်တော် မသိလိုက်ဘူး။ သူတို့က အစည်းအဝေး တက်ဖို့ဖိတ်တော့ ကျွန်တော်လည်း ဘာလဲဆိုတာ သိချင်တာနဲ့ သူတို့နဲ့ လိုက်သွားတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမရောက်တော့ တံခါးပေါက်နားမှာ ထိုင်ပြီး ဘယ်သူတွေဝင်ထွက်နေကြသလဲဆိုတာ မျက်စိရှင်ရှင်နဲ့ ကြည့်နေလိုက်တယ်။ ထုံးစံအတိုင်း ကျွန်တော့်မှာ သေနတ်ကတော့ အဆင်သင့်ပဲ။

ဒီစည်းဝေးကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲခဲ့ပါတယ်။ စည်းဝေးမှာထိုင်နေတုန်း တခြားဂြိုဟ်ပေါ်များ ရောက်နေသလားလို့ ခံစားခဲ့ရတာ မှတ်မိသေးတယ်။ သက်သေခံတွေက ကျွန်တော့်ကို ခင်ခင်မင်မင်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ လာနှုတ်ဆက်ကြတယ်။ သူတို့ရဲ့ ရိုးသားကြင်နာတဲ့ မျက်လုံးတွေကို ခုထိမြင်ယောင်နေတုန်းပဲ။ ဒီနေရာက ကျွန်တော် ကျင်လည်နေတဲ့နေရာနဲ့ တခြားစီပါပဲ။

ကျွန်တော့်ဘဝမှာ ကိုယ့်ရဲ့လုပ်ရပ်တွေကို ထိန်းချုပ်လာနိုင်တာ ဒါပထမဦးဆုံးပဲ

ဒါနဲ့ သက်သေခံတွေနဲ့ ကျွန်တော် ကျမ်းစာလေ့လာခဲ့တယ်။ ကျမ်းစာအကြောင်း ပိုသိလာလေ ကျွန်တော့်ဘဝပုံစံကို လုံးဝပြောင်းလဲရမယ်ဆိုတာ နားလည်လာလေပဲ။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဆိုတဲ့ သုတ္တံကျမ်းထဲက အကြံပြုချက်ကို ကျွန်တော် သတိထားမိတယ်။ (သုတ္တံ ၁၃:၂၀) ဒါကြောင့် ဒုစရိုက်ဂိုဏ်းနဲ့ ပတ်သက်လို့မရတော့ဘူးဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ ကျွန်တော် လုပ်နိုင်ခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင်လည်း ပြုပြင်ခဲ့တယ်။ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးကို ကျွန်တော် ကြိုးစားဖြတ်ပစ်လိုက်တယ်။ ဆံပင်ရှည်ကို ညှပ်လိုက်တယ်။ နားကွင်းတွေကို ဖြုတ်လိုက်တယ်။ ညစ်ညမ်းတဲ့စကားတွေလည်း မပြောတော့ဘူး။ ကျွန်တော့်ဘဝမှာ ကိုယ့်ရဲ့လုပ်ရပ်တွေကို ထိန်းချုပ်လာနိုင်တာ ဒါပထမဦးဆုံးပဲ။

စာဖတ်တာ၊ လေ့လာတာတွေကို ကျွန်တော် လုံးဝမကြိုက်ဘူး။ ဒါကြောင့် ကျမ်းစာလေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် မနည်းကြပ်မတ်ခဲ့ရတယ်။ ကျွန်တော် ကြိုးစားလာတာနဲ့အမျှ ယေဟောဝါဘုရားကို ပိုချစ်လာတယ်။ တစ်ဆက်တည်းမှာ ကိုယ့်ကိုယ်ကိုသိတဲ့စိတ်ကလည်း အနှောင့်အယှက်ပေးလာတယ်။ ‘ငါတော်တော်ဆိုးခဲ့တာပဲ။ ငါ့ရဲ့လုပ်ရပ်ဆိုးတွေကို ယေဟောဝါဘုရား ခွင့်လွှတ်ပါ့မလား’ လို့တွေးမိတဲ့အခါတွေရှိတယ်။ အဲဒီလိုအခါမျိုးမှာ အပြစ်ကြီး ကျူးလွန်ခဲ့တဲ့ အစ္စရေးဘုရင် ဒါဝိဒ်ကို ယေဟောဝါဘုရား ခွင့်လွှတ်ခဲ့တဲ့ မှတ်တမ်းကို ဖတ်လိုက်တဲ့အခါ ကျွန်တော် စိတ်သက်သာသွားတယ်။—၂ ဓမ္မရာဇဝင် ၁၁:၁-၁၂:၁၃

တစ်အိမ်တက်ဆင်းသွားပြီး ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း လိုက်ပြောပြဖို့ကလည်း ကျွန်တော့်အတွက် သိပ်ခက်တဲ့အရာတစ်ခုပါ။ (မဿဲ ၂၈:၁၉၊ ၂၀) ကျွန်တော် မတရားလုပ်ခဲ့တဲ့သူ၊ ထိခိုက်အောင်လုပ်ခဲ့တဲ့သူ တစ်ယောက်ယောက်နဲ့များ ပြန်တွေ့မလားလို့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေကို တဖြည်းဖြည်း ဖယ်ရှားနိုင်ခဲ့ပါတယ်။ ကောင်းကင်မှာရှိပြီး အကြွင်းမဲ့ခွင့်လွှတ်တတ်တဲ့ ဖခင်အကြောင်း တခြားသူတွေကို လိုက်ပြောပြရတာ ကျွန်တော် အရမ်းကြိုက်တယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ–

ယေဟောဝါဘုရားအကြောင်း သိလာတာက ကျွန်တော့်အသက်ကို ကယ်တင်လိုက်တာပဲ။ အခုဆို ကျွန်တော့်သူငယ်ချင်းဟောင်းအများစုက မရှိကြတော့ဘူး။ တချို့ကတော့ ထောင်ထဲမှာ။ ကျွန်တော်ကတော့ ပျော်ရွှင်ကျေနပ်စရာဘဝနဲ့ တောက်ပတဲ့မျှော်လင့်ချက်ကို ပိုင်ဆိုင်ထားပါတယ်။ စိတ်နှိမ့်ချဖို့၊ နာခံတတ်ဖို့နဲ့ ဒေါသကိုထိန်းတတ်ဖို့ ကျွန်တော် သင်ယူခဲ့ပါပြီ။ ခုဆို လူတွေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတတ်နေပြီ။ ခါမန်လို့ခေါ်တဲ့ အမျိုးသမီးနဲ့ ကျွန်တော်လက်ထပ်ခဲ့ပြီး ချစ်ဇနီးနဲ့အတူ လူတွေကို ကျမ်းစာအကြောင်း ပျော်ပျော်ရွှင်ရွှင် လိုက်ပြောပြနေပါတယ်။

ဒါနဲ့ ပြောစရာတစ်ခု ကျန်သေးတယ်။ အခုတော့ ကျွန်တော် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေပါတယ်။ ကျွန်တော့်အလုပ်က တစ်ခါတလေ ဘဏ်တွေနဲ့လည်း ပတ်သက်ရတယ်။ ဓားပြသွားတိုက်တာတော့ မဟုတ်ပါဘူး။ သန့်ရှင်းရေး သွားလုပ်ပေးတာပါ။