မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်က လူငယ်တွေနဲ့ပေါင်းသင်းရတာကို ပျော်တယ်

သမ္မာကျမ်းစာ​က ဘဝပုံစံ​တွေကို ပြောင်းလဲ​ပေးနိုင်​ပုံ

ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်

ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်
  • မွေးဖွား​တဲ့​နှစ် ၁၉​၂၈

  • နေရင်း​နိုင်ငံ ကော့စ်တာရီကာ

  • နောက်ခံ ကြေးစား​အားကစားသမား၊ လောင်းကစား​သမား

အတိတ်

ကော့စ်တာရီကာ​ကမ်းရိုးတန်း အရှေ့ဘက်​မှာရှိတဲ့ ပွာတိုလီမင်​ဆိပ်ကမ်းမြို့​နဲ့ ဝန်းကျင်​မှာ ကျွန်တော် ကြီးပြင်းလာ​တယ်။ မောင်နှမ​ရှစ်ယောက်​ထဲမှာ ကျွန်တော်​က ခုနစ်ယောက်​မြောက် ဖြစ်တယ်။ ကျွန်တော် ရှစ်နှစ်​သား​အရွယ်မှာ အဖေ​ဆုံးသွား​တဲ့အတွက် အမေက​ပဲ ကျွန်တော်တို့​ကို ရှာကျွေး​ခဲ့ရတယ်။

ဘေ့စ်ဘော​ဟာ ကျွန်တော့်​ဘဝ​မှာ အဓိက​ပဲ။ ကျွန်တော် ကလေးဘဝ​ကတည်းက အားကစား​ဝါသနာ​ပါတယ်။ ဆယ်ကျော်သက်​အရွယ်မှာ အပျော်တမ်း​အားကစား​အသင်းဝင် ဖြစ်နေ​ပြီ။ အသက် ၂၀ ကျော်​ရောက်​တော့ အပျော်တမ်း​အားကစား​အသင်း​မှာ ကစား​နေတုန်း ကင်း​ထောက်​လူငယ်​တစ်ဦး​က နီကာရာဂွာ​နိုင်ငံ​က ကြေးစား​အားကစား​အသင်း​မှာ ကစား​ဖို့ ကမ်းလှမ်း​တယ်။ အဲဒီအချိန်​မှာ ကျန်းမာရေး​မကောင်းတဲ့ အမေ​ကို ပြုစု​နေရ​လို့ နီကာရာဂွာ​နိုင်ငံ​ကို မသွား​ချင်ဘူး။ ဒါကြောင့် အဲဒီ​ကမ်းလှမ်းချက်​ကို ငြင်း​လိုက်တယ်။ နောက်ပိုင်းမှာ ကင်း​ထောက်​လူငယ် နောက်​တစ်ဦး​က ကော့စ်တာရီကာ အမျိုးသား ဘေ့စ်ဘော​အသင်း​မှာ ကစား​ဖို့ ဖိတ်ခေါ်​တယ်။ အဲဒီမှာ အပျော်တမ်း​အားကစား​အသင်း​က ကစားသမား​တွေ ပါတယ်။ ဒီ​တစ်ခါ​တော့ ကျွန်တော် လက်ခံ​လိုက်တယ်။ အမျိုးသား​အားကစား​အသင်း​မှာ ၁၉၄၉ က​နေ ၁၉​၅၂ အထိ ကစား​ခဲ့တယ်။ ကျူးဘား၊ မက္ကဆီကို​နဲ့ နီကာရာဂွာ​မှာလည်း ကစား​ခဲ့တယ်။ ကျွန်တော်ဟာ ဘေ့စ်ဘော အ​ပစ်​အဖမ်း ကျွမ်းကျင်​တယ်။ ဘာ​အမှားအယွင်း​မှ မရှိဘဲ ၁၇ ပွဲ​ကို တစ်ဆက်​တည်း ကစား​နိုင်တယ်။ ကျွန်တော့်​နာမည်​တပ်​ပြီး အားပေး​တာ​ကို ကြား​ချင်​တယ်။

ဝမ်းနည်းစရာ​က အကျင့်ပျက်​တဲ့​ဘဝ ရောက်​သွားတယ်။ ရည်းစား​ရှိ​လျက်​နဲ့ တခြား​မိန်းကလေး​တွေနဲ့​လည်း တွဲ​တယ်။ အရက် အလွန်အကျွံ သောက်​တယ်။ တစ်ခါ​က ဘယ်လောက်ထိ အရက်မူး​သလဲ​ဆိုရင် နောက်​တစ်နေ့ အိပ်ရာနိုး​တဲ့အခါ အိမ်​ကို ဘယ်လို​ပြန်ရောက်​နေမှန်း မ​သိလိုက်​ဘူး။ လောင်းကစား​လည်း ဝါသနာ​ပါတယ်။ ဒိုမီနို​ဂိမ်း ကစား​တဲ့အပြင် ထီ​လည်း ထိုး​တယ်။

ကျွန်တော် အဲဒီ​ဘဝ​ရောက်နေ​တုန်း အမေ​ဟာ ယေဟောဝါသက်သေ ဖြစ်လာတယ်။ သူ့​ယုံကြည်ချက်​တွေကို ပြောပြ​ပေ​မဲ့ အစပိုင်းမှာ မအောင်မြင်​ဘူး။ ကျွန်တော်​ဟာ အားကစား​ကလွဲလို့ ဘာကို​မှ စိတ်မဝင်စား​ဘူး။ လေ့ကျင့်​နေရ​မယ်ဆိုရင် ထမင်း​မေ့​ဟင်း​မေ့​ပဲ။ အားကစား​ထဲမှာ​ပဲ စိတ်​ရောက်နေ​တယ်။ ဘေ့စ်ဘော​ကစား​တာ​ကို အကြိုက်ဆုံး​ပဲ။

အသက် ၂၉ နှစ်​ရောက်​တော့ ကစား​ပွဲ​တစ်ခုမှာ ဘောလုံး​ဖမ်း​ရင်းနဲ့ အကြီးအကျယ် ဒဏ်ရာ​ရသွား​တယ်။ ထူထူထောင်ထောင် ပြန်​ဖြစ်လာတဲ့​အ​ခါ ကြေးစား အားကစားသမား​ဘဝကို စွန့်​လိုက်တယ်။ ဒါပေမဲ့ ဘေ့စ်ဘော​နဲ့​တော့ အဆက်ပြတ်​မသွား​ဘူး။ ကျွန်တော့်​အိမ်နား​မှာ အပျော်တမ်း အားကစားသမား​တွေအတွက် နည်းပြ​လုပ်ပေး​တယ်။

ကျွန်တော့်​ဘဝကို ကျမ်းစာ ပြောင်းလဲ​ပေး​ပုံ

၁၉​၅၇ မှာ ကျွန်တော် ဘေ့စ်ဘော​ကစား​ခဲ့တဲ့​ကွင်း​မှာ ကျင်းပတဲ့ ယေဟောဝါသက်သေ​တွေရဲ့ စည်းဝေးကြီး​ကို သွား​တက်​ခဲ့တယ်။ ပရိသတ်​ထဲမှာ ထိုင်​နေရင်း သက်သေခံ​တွေရဲ့ လေးစား​စရာ​အမူအကျင့်​နဲ့ ဘေ့စ်ဘော​ကစား​ပွဲ လာ​ကြည့်​သူတွေ​ရဲ့ ရုန့်ရင်းကြမ်းတမ်း​တဲ့ အမူအကျင့် လုံးလုံး​မတူ​တာ​ကို သတိထား​မိတယ်။ စည်းဝေးကြီး​မှာ မြင်ခဲ့​ရတာ​တွေကြောင့် သက်သေခံ​တွေနဲ့ ကျမ်းစာ စလေ့လာ​ဖို့၊ အသင်းတော်​အစည်းအဝေး​တွေ တက်ဖို့ လှုံ့ဆော်ခံ​ခဲ့ရတယ်။

သိရှိ​လာတဲ့ ကျမ်းစာ​သွန်သင်ချက်​တွေကို ကျွန်တော် သဘောကျ​တယ်။ ဥပမာ၊ နောက်ဆုံးကာလ​မှာ မိမိရဲ့​နောက်လိုက်​တွေဟာ ဘုရားသခင့် နိုင်ငံတော်သတင်း​ကောင်း​ကို ကမ္ဘာ​တစ်ဝန်း​မှာ ဟောပြော​လိမ့်မယ်​လို့ ယေရှု ကြိုပြော​ခဲ့တယ်။ (မဿဲ ၂၄:၁၄) ခရစ်ယာန်စစ်​တွေဟာ ငွေကြေး​အထောက်အပံ့​ရဖို့ အမှုဆောင်​နေတာ မဟုတ်ဘူး​ဆိုတာကိုလည်း သိလာ​တယ်။ “အခမဲ့​ရထားတဲ့​အတွက် အခမဲ့​ပေးကမ်း​ကြပါ” လို့ ယေရှု​ပြောတယ်။—မဿဲ ၁၀:၈

ကျမ်းစာလေ့လာ​ရင်း ယေဟောဝါသက်သေ​တွေရဲ့ လုပ်ရပ်တွေ​ကို ကျမ်းစာ​ပြောတာ​တွေနဲ့ နှိုင်းယှဉ်​ကြည့်​တယ်။ ကမ္ဘာ​တစ်ဝန်း​မှာ နိုင်ငံတော်သတင်း​ကောင်း ပျံ့နှံ့​စေဖို့ သူတို့ မမော​နိုင်​မ​ပန်း​နိုင် ဟောပြော​နေတာကို ကျွန်တော် အထင်ကြီး​မိတယ်။ ခရစ်ယာန်တွေကို ယေရှု​မိန့်မှာ​ခဲ့တဲ့ ပေးကမ်း​ချင်တဲ့​စိတ်ဓာတ် သူတို့​ဆီမှာ​ရှိမှန်း သိရတယ်။ မာကု ၁၀:၂၁ မှာ “ကျွန်တော့်​နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို ဖတ်​ပြီးတဲ့နောက် သက်သေခံ​တစ်ဦး ဖြစ်ချင်​လာတယ်။

ပြတ်ပြတ်သားသား လုပ်ဆောင်​ဖို့​တော့ အချိန်ယူ​ခဲ့ရတယ်။ ဥပမာ၊ အပတ်​တိုင်း “လပ်ကီး” နံပါတ်​နဲ့ ထီ​ထိုး​လာ​တာ နှစ်​အတော်ကြာ​ပြီ။ ဒါပေမဲ့ “ကံကောင်း​ခြင်း နတ်ဘုရား” ကိုးကွယ်သူ​တွေ၊ လောဘ​ကြီးသူ​တွေကို ဘုရား မနှစ်သက်​မှန်း ကျမ်းစာက​နေ သိလာ​တယ်။ (ဟေရှာယ ၆၅:၁၁။ ကောလောသဲ ၃:၅) ဒါကြောင့် လောင်းကစား မလုပ်​တော့​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ထီ​ထိုး​တာ ရပ်​လိုက်​ပြီးနောက် ပထမ​အပတ်​တနင်္ဂနွေ​မှာ ကျွန်တော်​ထိုး​နေ​ကျ “လပ်ကီး” နံပါတ် ပေါက်​သွားတယ်။ အဲဒီ​အပတ်​မှာ ထီ​မ​ထိုး​တဲ့အတွက် ကျွန်တော့်ကို လှောင်​ကြ​တယ်။ ထီ​ပြန်​ထိုး​ဖို့ ဝိုင်း​ပြီး​တိုက်တွန်း​ကြပေမဲ့ ကျွန်တော် ထီ​မ​ထိုး​တော့ဘူး။ လောင်းကစား​ကို အပြီးအပိုင် စွန့်လွှတ်​လိုက်တယ်။

ယေဟောဝါသက်သေ​တွေရဲ့ စည်းဝေးကြီး​တစ်ခုမှာ ကျွန်တော် နှစ်ခြင်း​ခံ​တယ်။ နှစ်ခြင်းခံ​တဲ့​နေ့​မှာပဲ “စရိုက်သစ်” ဝတ်ဆင်​တာနဲ့​ပတ်သက်ပြီး စမ်းသပ်မှု ကြုံရ​တယ်။ (ဧဖက် ၄:၂၄) အဲဒီ​ညနေ တည်းခိုခန်း​ကို ပြန်ရောက်​တဲ့အခါ ကျွန်တော့်​အခန်းဝ​မှာ ရည်းစား​ဟောင်း စောင့်နေ​တာ တွေ့​လိုက်ရတယ်။ “ဆမ်မီ၊ အတူပျော်​ကြ​ရ​အောင်” လို့ပြော​တော့ ကျွန်တော် ချက်ချင်း​ငြင်း​လိုက်တယ်။ အခု ကျမ်းစာ​စံနှုန်းတွေ​နဲ့အညီ ကျွန်တော် နေထိုင်​နေ​ပြီ​လို့ သူ့ကို ပြောပြတယ်။ (၁ ကောရိန္သု ၆:၁၈) “ဘယ်လို၊ ဘယ်လို” ဆိုပြီး လွှတ်​ခ​နဲ သူပြောတယ်။ လိင်အကျင့်ယိုယွင်း​ခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အမြင်​ကို သူ အလေးမထား​ဘူး။ ပြန်​တွဲ​ရ​အောင်​လို့ပဲ ပြော​နေတယ်။ ဒါနဲ့ ကျွန်တော် အခန်း​ထဲ​ဝင်​ပြီး တံခါး သော့ခတ်​လိုက်တယ်။ ၁၉​၅၈ မှာ သက်သေခံ​ဖြစ်လာ​ချိန်​ကစပြီး ပြောင်းလဲ​ခဲ့တဲ့ ဘဝပုံစံ​အတိုင်း အခုထိ စွဲစွဲမြဲမြဲ ဆက်နေ​ထိုင်​တယ်။

အကျိုးကျေးဇူး ခံစား​ခဲ့ရ​ပုံ

ကျမ်းစာ​လမ်းညွှန်မှု​ကို လိုက်လို့ ကျွန်တော် ရရှိတဲ့​အကျိုးကျေးဇူး​ကို စာအုပ်တစ်အုပ် ရေး​ရင် ရနိုင်​မယ်​ထင်​တယ်။ အကျိုးကျေးဇူး​တချို့က​တော့ မိတ်ဆွေကောင်း​တွေ အများကြီး ရထား​တယ်၊ ရည်ရွယ်ချက်​ရှိတဲ့​ဘဝနဲ့ စစ်မှန်တဲ့​ပျော်ရွှင်မှု​ကို ရရှိ​ထားတယ်။

ဘေ့စ်ဘော​ကစား​တာ​ကို အခုထိ ကြိုက်​နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်​ တန်ဖိုးထား​တာ​တွေ​တော့ မတူ​တော့ဘူး။ ဘေ့စ်ဘော​ကစား​တုန်းက ဂုဏ်​တွေ၊ ငွေ​တွေ ရရှိ​ပေ​မဲ့ မတည်မြဲ​ဘူး။ ဘုရားသခင်​နဲ့ ဆက်ဆံရေးကောင်း​ရှိတာ၊ ညီအစ်ကိုအသင်းအပင်း​အဝင် ဖြစ်​ရတာက​တော့ အမြဲ​တည်​တယ်။ “ဒီလောက​ရော လောကမှာ​ရှိတဲ့ လူတွေ​လိုချင်ရာ အားလုံး​ပါ ရွေ့​သွား​ကွယ်ပျောက်​နေတယ်။ ဘုရားသခင်ရဲ့ အလိုတော်​ကို ဆောင်တဲ့​သူက​တော့ အမြဲ​တည်​တယ်” လို့ ကျမ်းစာ​ပြောတယ်။ (၁ ယောဟန် ၂:၁၇) အခုတော့ ကျွန်တော်ဟာ ယေဟောဝါဘုရား​နဲ့ ဘုရားရဲ့​လူမျိုး​ကို အရာရာ​ထက် ပို​ချစ်​နေ​ပြီ။