မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာ​ကျမ်းစာက ဘဝ​ပုံစံတွေကို ပြောင်းလဲပေးနိုင်

ကျွန်မ မသေချင်ဘူး

ကျွန်မ မသေချင်ဘူး
  • မွေးဖွားတဲ့နှစ် ၁၉၆၄

  • နေရင်းနိုင်ငံ အင်္ဂလန်

  • ဘဝနောက်ခံ ထင်ရာစိုင်းတဲ့ ဆယ်ကျော်သက်​အရွယ်​ မိခင်

အတိတ်

အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့ရဲ့ လူနေ​ထူထပ်တဲ့ ပက်ဒင်းတန်​မြို့နယ်မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ အဲဒီမှာ အမေ၊ အစ်မ​သုံးယောက်နဲ့အတူ နေထိုင်တယ်။ အဖေကတော့ အရက်သမားဆိုတော့ ကျွန်မတို့နဲ့ အတူနေလိုက်၊ မနေလိုက်ပဲ။

ကျွန်မ​ငယ်ငယ်တုန်းက ညတိုင်း​ဆုတောင်း​တတ်အောင် အမေ​သင်ပေးတယ်။ ဆာလံကျမ်း​တစ်ကျမ်းတည်း​ပါတဲ့ ကျမ်း​စာအုပ်​အသေးလေး ကျွန်မမှာ​ရှိတယ်။ အဲဒီကျမ်း​စာသားတွေကို သီဆိုလို့ရအောင် ကျွန်မ သံစဉ်​ထည့်ထားတယ်။ ကျွန်မ​ဖတ်ခဲ့တဲ့ စာအုပ်​တစ်အုပ်ထဲက စာကြောင်း​တစ်ကြောင်းကို စိတ်ထဲမှာ​စွဲနေတယ်။ “တစ်နေ့ကျရင် မနက်ဖြန်​ဆိုတာ ရှိတော့မှာမဟုတ်ဘူး” တဲ့။ အဲဒီစကားတွေကြောင့် အိပ်မပျော်နိုင်ဘဲ အနာဂတ်​အကြောင်း စဉ်းစားမိတယ်။ ‘ဘဝဟာ ဒီထက်ပိုပြီး အဓိပ္ပာယ်ရှိရမယ်။ မရှိရင် အသက်ရှင်နေတာ ဘာအတွက်လဲ’ လို့ တွေးမိတယ်။ ကျွန်မ မသေချင်ဘူး။

မှော်ပညာကို ကျွန်မ​သိပ်စိတ်ဝင်စားတယ်။ ဒါကြောင့် လူသေတွေနဲ့ စကားပြောဖို့ ကြိုးစားတယ်၊ ကျောင်းက သူငယ်ချင်းတွေနဲ့အတူ သင်္ချိုင်းကုန်းတွေဆီ သွားတယ်၊ သရဲကားတွေ ကြည့်တယ်။ အဲဒါတွေက စိတ်လှုပ်ရှားစရာ​ကောင်းသလို ကြောက်စရာလည်း ကောင်းတယ်။

ကျွန်မဟာ အသက် ၁၀ နှစ်အရွယ်ကစပြီး ထင်ရာစိုင်းတော့တယ်။ ဆေးလိပ်​စသောက်တတ်လာပြီး မကြာခင်မှာပဲ ဆေးလိပ်​စွဲသွားတယ်။ နောက်ပိုင်းတော့ ဆေးခြောက်ပါ ရှူလာတယ်။ အသက် ၁၁ နှစ်မှာ အရက်​သောက်တတ်နေပြီ။ အရက်ရဲ့ အရသာကို မကြိုက်ပေမဲ့ မူးယစ်​ရီဝေ​နေရတာကိုတော့ ကြိုက်တယ်။ တေးဂီတနဲ့ အကကိုလည်း သိပ်ခုံမင်တယ်။ ဒါကြောင့် ပါတီပွဲတွေ၊ နိုက်ကလပ်တွေကို အမြဲလိုလို​ တက်ဖြစ်တယ်။ ညမှာ အိမ်အပြင်​ခိုးထွက်ပြီး မိုးမလင်းခင် အရောက်​ပြန်လာလေ့ရှိတယ်။ အဲဒီတော့ နောက်တစ်နေ့ဆို လူက ပင်ပန်းနေရော။ ဒါနဲ့ ကျောင်းပြေးတယ်။ ကျောင်းတက်ပြန်ရင်လည်း စာသင်ချိန် ခဏနားတဲ့အချိန်မှာ အရက်သောက်တယ်။

ကျောင်း​နောက်ဆုံး​နှစ်မှာ ကျွန်မရဲ့​ရမှတ်တွေက အောက်ဆုံး​အဆင့်ကို ရောက်သွားတယ်။ ကျွန်မ ထင်ရာစိုင်းနေတာကို အစပိုင်း အမေသတိမထားမိပေမဲ့ အဲဒီရမှတ်တွေကြောင့် သိသွားပြီး ကျွန်မကို စိတ်လည်းဆိုး၊ ဒေါသလည်း ထွက်တယ်။ အမေနဲ့ စကားများတော့ ကျွန်မလည်း အိမ်ကနေ ဆင်းလာပြီး ရည်းစားဖြစ်သူ တိုနီနဲ့အတူနေတယ်။ သူက ပြစ်မှုငယ်တွေ ကျူးလွန်တယ်၊ မူးယစ်ဆေး ရောင်းတယ်၊ ကမ်းကုန်​အောင် ကြမ်းတမ်း​ရမ်းကားသူလို့ နာမည်ကြီးတယ်။ ကျွန်မအသက် ၁၆ နှစ်မှာ ကိုယ်ဝန်​ရှိပြီး သားလေးကို မွေးခဲ့တယ်။

သမ္မာ​ကျမ်းစာက ကျွန်မ​ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 

လက်မထပ်ရသေးတဲ့ မိခင်တွေနဲ့ သူတို့ရဲ့​ကလေးတွေအတွက် ဖွင့်ထားတဲ့ ဂေဟာမှာ ကျွန်မ​နေနေတဲ့အချိန်မှာ ယေဟောဝါ​သက်သေတွေနဲ့ ဦးဆုံးအကြိမ် တွေ့ခဲ့တယ်။ အစိုးရ​ခွင့်ပြုချက်နဲ့ ဂေဟာမှာ နေစရာ​အခန်း​တစ်ခန်း ကျွန်မရထားတယ်။ သက်သေခံ​အမျိုးသမီး​နှစ်ယောက်က တခြား​မိခင်တွေဆီ ပုံမှန်​လာလည်လေ့ရှိတယ်။ တစ်နေ့တော့ ကျွန်မလည်း သူတို့ရဲ့ ဆွေးနွေးခန်းထဲ ဝင်ပါဖြစ်တယ်။ သက်သေခံတွေ မှားတယ်ဆိုတာကို ထောက်ပြဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့ သူတို့က ကျွန်မ​မေးသမျှကို ကျမ်းစာထဲကနေ ရှင်းရှင်းလင်းလင်း၊ တည်တည်ငြိမ်ငြိမ် အဖြေပေးတယ်။ သူတို့ရဲ့ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှုကို ကျွန်မ​သိပ်သဘောကျ​သွားတယ်။ ဒါနဲ့ ကျမ်းစာ​လေ့လာဖို့ သဘောတူလိုက်တယ်။

မကြာခင်မှာပဲ ကျွန်မ​ဘဝကို ပြောင်းလဲသွားစေမယ့် အရာတချို့ကို ကျမ်းစာကနေ သိခဲ့ရတယ်။ ငယ်ငယ်ကတည်းက သေရမှာကို ကြောက်ခဲ့ပေမဲ့ အခုတော့ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ သွန်သင်ချက်ကို သိလာတယ်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားက ကျွန်မကို ဂရုစိုက်မှန်းလည်း သိလိုက်ရတယ်။ (၁ ပေတရု ၅:၇) အထူးသဖြင့် ဒီစကားတွေကို ကျွန်မ အကြိုက်ဆုံးပဲ။ ‘ယေဟောဝါ ပြောတာက– “မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်​အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”’ (ယေရမိ ၂၉:၁၁ကဘ) ဒီကမ္ဘာမြေပေါ် သာယာလှပတဲ့အခြေအနေမှာ ထာဝစဉ်အသက်ရှင်ခွင့် မျှော်လင့်ချက်ကို ပိုင်ဆိုင်နိုင်မှန်း ကျွန်မယုံကြည်လာတယ်။—ဆာလံ ၃၇:၂၉

ယေဟောဝါ​သက်သေတွေက ကျွန်မကို စစ်မှန်တဲ့​မေတ္တာ​ပြကြတယ်။ သူတို့ရဲ့​အစည်းအဝေးတစ်ခုကို ဦးဆုံးအကြိမ် တက်တုန်းက နွေးထွေး​ဖော်ရွေ​လိုက်ကြတာ။ (ယောဟန် ၁၃:၃၄၊ ၃၅) ချာ့ခ်ျမှာ ဆက်ဆံခံရပုံနဲ့များ ဆီနဲ့ရေလို​ကွာတယ်။ သက်သေခံတွေက ကျွန်မရဲ့ အခြေအနေကို​သိလျက်နဲ့ လှိုက်လှိုက်လှဲလှဲ​ကြိုဆိုကြတယ်။ ကျွန်မကို အချိန်ပေးပြီး ဂရုစိုက်တဲ့အပြင် တကယ်လိုအပ်တဲ့ အကူအညီတွေလည်း ပေးကြတယ်။ မေတ္တာ​ပြည့်ဝတဲ့ မိသားစုကြီးမှာ မိသားစုဝင်တစ်ယောက်လို ခံစားရတယ်။

ဘုရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်​တရား​စံနှုန်းတွေနဲ့ ကိုက်ညီဖို့ဆိုရင် ဘဝကို ပြုပြင်​ပြောင်းလဲရမယ်ဆိုတာ ကျမ်းစာလေ့လာရင်း သိလာတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်ဖို့က တော်တော်လေးခက်တယ်။ တေးသီချင်းတချို့က ဆေးခြောက်ရှူချင်တဲ့ ဆန္ဒကို ပိုပြင်းပြစေမှန်းလည်း သိလာတယ်။ ဒါကြောင့် နားထောင်နေတဲ့ တေးသီချင်း​တချို့ကို ပြောင်းပစ်လိုက်တယ်။ အရက်မမူးဘဲ​နေချင်တာမို့ အရက်သောက်ဖို့ သွေးဆောင်မှုဖြစ်စေနိုင်တဲ့ ပါတီပွဲတွေ၊ နိုက်ကလပ်တွေ တက်တာကို ရပ်ပစ်လိုက်တယ်။ ဘဝ​ပုံစံ​အသစ်နဲ့ နေထိုင်နိုင်အောင် ကူညီပေးနိုင်မယ့်သူတွေ၊ ကောင်းတဲ့​ဩဇာလွှမ်းမိုးနိုင်မယ့် သူငယ်ချင်း​အသစ်တွေကိုလည်း ရှာဖွေခဲ့တယ်။—သုတ္တံ ၁၃:၂၀

အဲဒီအချိန်အတောအတွင်း တိုနီလည်း ယေဟောဝါ​သက်သေတွေနဲ့ ကျမ်းစာ​လေ့လာတယ်။ သက်သေခံတွေက သူမေးသမျှကို ကျမ်းစာထဲကနေ အဖြေပေးတာမို့ ဒါဟာ အမှန်တရားပဲလို့ သူလည်း​ယုံကြည်လာတယ်။ ဒါနဲ့ သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲလိုက်တယ်။ ကြမ်းတမ်းရမ်းကားတဲ့ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်​ဖြတ်တယ်၊ ပြစ်မှုငယ်တွေ မကျူးလွန်တော့ဘူး၊ ဆေးခြောက်ရှူတဲ့ အကျင့်ကိုလည်း ဖြတ်တယ်။ ယေဟောဝါ​ဘုရားရဲ့စိတ်တော်နဲ့ အပြည့်အဝတွေ့နိုင်ဖို့ဆိုရင် အကျင့်ပျက်​ဘဝ​ပုံစံကို ပြုပြင်​ပြောင်းလဲဖို့ လိုအပ်မှန်း၊ သားလေးအတွက် တည်ငြိမ်​အေးချမ်းတဲ့ အသိုင်းအဝိုင်းကို တည်ဆောက်ပေးဖို့ လိုအပ်မှန်း ကျွန်မတို့ နှစ်ယောက်စလုံးသိလာတယ်။ ဒါကြောင့် ၁၉၈၂ ခုနှစ်မှာ လက်ထပ်လိုက်ကြတယ်။

“အနာဂတ်အကြောင်း၊ သေခြင်းအကြောင်း တွေးပူ​ပြီး အိပ်မပျော်တာမျိုး လုံးဝမရှိတော့ဘူး”

ကျွန်မ​ပြောင်းလဲချင်တဲ့အတိုင်း ဘဝပုံစံကို အောင်မြင်စွာ​ပြောင်းလဲခဲ့သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ကင်းမျှော်စင် နဲ့ နိုးလော့ * မှာရှာဖတ်ခဲ့တာ မှတ်မိသေးတယ်။ သူတို့ရဲ့ စံနမူနာကြောင့် တကယ့်ကို အားရှိသွားတယ်။ ဆက်ကြိုးစားပြုပြင်ဖို့​၊ အၡုံးမပေးဖို့ လိုအပ်တဲ့​ခွန်အားတွေ ရလာတယ်။ ကျွန်မကို စိတ်မပျက်သွားဖို့ ယေဟောဝါ​ဘုရားဆီ အမြဲဆုတောင်းတယ်။ ဒီလိုနဲ့ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မတို့ဇနီးမောင်နှံ နှစ်ခြင်းခံခဲ့တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ

 

ယေဟောဝါဘုရားနဲ့ ရင်းနှီး​သိကျွမ်းလာတာက ကျွန်မရဲ့ဘဝကို ကယ်တင်ပေးလိုက်တာပဲ။ ကျွန်မတို့ ဇနီးမောင်နှံဟာ အခက်ခဲဆုံးအချိန်တွေမှာ ယေဟောဝါ​ဘုရားရဲ့ ထောက်မမှုကို ခံစားခဲ့ရတယ်။ ဘုရားကို ယုံကြည်​ကိုးစားတတ်ဖို့ ဒီအခက်အခဲတွေကနေ သင်ယူခဲ့ရတယ်။ ကျွန်မတို့​မိသားစုကို ကိုယ်တော် အမြဲ​ကူညီဖေးမ​ပေးမှန်းလည်း သိရှိခဲ့ရတယ်။—ဆာလံ ၅၅:၂၂

ယေဟောဝါ​ဘုရားကို ကျွန်မ​သိကျွမ်းသလို သားနဲ့သမီးလည်း သိကျွမ်းလာအောင် သွန်သင်ပေးခွင့်ရတာ သိပ်ပျော်တယ်။ အခုဆိုရင် သူတို့ရဲ့ ကလေးတွေလည်း ဘုရားကို သိကျွမ်းပြီး တိုးတက်နေတာကို​မြင်ရလို့ ကြည်နူးလိုက်တာ။

အနာဂတ်အကြောင်း၊ သေခြင်းအကြောင်း တွေးပူပြီး အိပ်မပျော်တာမျိုး လုံးဝမရှိတော့ဘူး။ ကျွန်မတို့ ဇနီးမောင်နှံဟာ ယေဟောဝါ​သက်သေတွေရဲ့ အသင်းတော်တွေဆီ တစ်ပတ်ပြီးတစ်ပတ် လည်ပတ်​အားပေးခွင့် ရထားတယ်။ ယေရှုကို ယုံကြည်မယ်ဆိုရင် ထာဝရ​အသက်ရနိုင်မယ့်အကြောင်း တခြားသူတွေကို သွန်သင်ပေးတဲ့​လုပ်ငန်းမှာ ကျွန်မတို့နှစ်ယောက် ပါဝင်နေပါတယ်။

^ စာပိုဒ်၊ 18 ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။