မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | လူငယ်များ

ဒေါသကို ချိုးနှိမ်နိုင်ပုံ

ဒေါသကို ချိုးနှိမ်နိုင်ပုံ

အခက်အခဲ

“အစ်မကို အသံကုန်ပြန်အော်ပြီး တံခါးကို ဆောင့်ဆွဲဖွင့်လိုက်တာ တံခါးမှာရှိတဲ့ချိတ်က နံရံထဲစူးဝင်သွားတယ်။ နံရံမှာရှိတဲ့ အဲဒီအပေါက်က ကျွန်မငယ်ငယ်က ဒေါသထွက်ခဲ့တာကို အမြဲမှတ်မိစေတယ်။”—ဒိုင်ယန်း။ *

“‘အဖေက လုံးဝ မကောင်းဘူး။ လူဆိုးပဲ’ လို့အော်ပြောပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ်။ တံခါးမပိတ်ခင် အဖေ့မျက်နှာပျက်သွားတာ တွေ့လိုက်ရတော့ အဲဒီလိုမပြောမိရင် ကောင်းသား။”—လော်ရန်။

လော်ရန်နဲ့ ဒိုင်ယန်းလိုအဖြစ်မျိုး ကြုံဖူးသလား။ ကြုံဖူးတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပဲ။

သိထားသင့်ရာ

ဒေါသပေါက်ကွဲတတ်တဲ့အကျင့်က နာမည်ပျက်စေတယ်။ အခု အသက် ၂၁ နှစ်ရှိနေတဲ့ ဘရီရာနာက “ကျွန်မရဲ့ ဒေါသပေါက်ကွဲတတ်တဲ့အကျင့်ကို တခြားသူတွေ နားလည်ပေးမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှ စိတ်မချုပ်တည်းနိုင်တဲ့သူတွေဟာ တော်တော်ကြည့်ရဆိုးတာကို မြင်လိုက်တယ်။ တခြားသူတွေလည်း ကျွန်မကို အဲဒီလိုမြင်မှာပဲ” လို့ပြောတယ်။

“စိတ်တိုသောသူသည် မိုက်စွာသောအမှုကိုပြုတတ်၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—သုတ္တံ ၁၄:၁၇

မီးတောင်ပေါက်ကွဲတဲ့အခါ လူတွေ ထွက်ပြေးကြသလိုပဲ ဒေါသပေါက်ကွဲတတ်တဲ့သူကို လူတွေ ရှောင်ပါလိမ့်မယ်

ဒေါသထွက်လွယ်တဲ့သူကို လူတွေမပေါင်းချင်ကြဘူး။ “ဒေါသမထိန်းနိုင်ရင် အရှက်ရမယ်၊ တခြားသူတွေလည်း ကိုယ့်ကို လေးစားမှာမဟုတ်ဘူး” လို့ ၁၈ နှစ်ရှိတဲ့ ဒံနီယယ် ပြောတယ်။ ၁၈ နှစ်အရွယ် အီလိန်းကလည်း “ဒေါသကြီးတဲ့သူ နားကို ဘယ်သူမှ မကပ်ချင်ဘူး။ သူ့ကို ဝေးဝေးပဲရှောင်ကြမှာ” လို့ပြောတယ်။

“စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ မလိုက်နှင့်” လို့ သမ္မာကျမ်းစာ ဆိုတယ်။—သုတ္တံ ၂၂:၂၄

သင် ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ “ဒေါသထွက်စေတဲ့ အခြေအနေကိုတော့ မထိန်းနိုင်ဘူး။ ဒါပေမဲ့ ဒေါသမပေါက်ကွဲပဲနဲ့ ကိုယ့်စိတ်ကိုကိုယ် ထိန်းလိုက်ရင် ဖြစ်တာပဲ” လို့ ၁၅ နှစ်သမီး စယ်ရာပြောတယ်။

သမ္မာကျမ်းစာက “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသောသူထက်လည်းကောင်း သာ၍ကောင်း၏” ဆိုပြီးပြောတယ်။—သုတ္တံ ၁၆:၃၂

လုပ်ဆောင်နိုင်ရာ

ပန်းတိုင်ထားပါ။ “ဒါ ငါ့ရဲ့အကျင့်ပဲ” လို့မပြောဘဲနဲ့ ခြောက်လ ဒါမှမဟုတ် အချိန်တိုအတွင်းမှာ ပြောင်းလဲဖို့ ပန်းတိုင်ထားပါ။ အဲဒီအချိန်အတွင်းမှာ ကိုယ့်ရဲ့တိုးတက်မှုကို ရေးမှတ်ထားပါ။ ဒေါသထွက်မိတိုင်း (၁) ဘာဖြစ်လို့လဲ၊ (၂) ဘယ်လိုတုံ့ပြန်ခဲ့သလဲ၊ (၃) ဘယ်လိုတုံ့ပြန်ရင် ကောင်းမလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကို ရေးမှတ်ပါ။ နောက်ပိုင်း ဒေါသထွက်စရာပေါ်လာရင် တုံ့ပြန်သင့်တဲ့အတိုင်း တုံ့ပြန်ဖို့ ကြိုးစားပါ။ အကြံပြုချက်– အောင်မြင်ခဲ့တာတွေကိုလည်း ရေးမှတ်ထားပါ။ စိတ်ချုပ်တည်းနိုင်ခဲ့လို့ ဘယ်လိုခံစားလိုက်ရသလဲ ဆိုတာကိုလည်း ရေးမှတ်ထားပါ။—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၃:၈

ချက်ချင်း မတုံ့ပြန်ပါနဲ့။ တစ်ဦးတစ်ယောက်၊ တစ်ခုခုကြောင့် စိတ်ဆိုးသွားရင် စိတ်ထဲပေါ်လာတာကို ချက်ချင်းမပြောလိုက်နဲ့။ လိုအပ်မယ်ဆိုရင် အသက်ပြင်းပြင်းရှူလိုက်ပါ။ ၁၅ နှစ်သား အဲရစ်က “အသက်ပြင်းပြင်းရှူလိုက်တာက နောက်ပိုင်း နောင်တရစရာ စကားမျိုး၊ အပြုအမူမျိုး မလုပ်မိအောင် စဉ်းစားချိန်ရတယ်” လို့ပြောတယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၁:၂၃

သူများဘက်ကနေ စဉ်းစားပေးပါ။ တစ်ခါတလေ တစ်ဖက်သတ်ပဲ တွေးတဲ့ အခါ ဒေါသထွက်စရာ ဖြစ်လာနိုင်တယ်။ သူများဘက်ကနေလည်း စဉ်းစားပေးပါ။ “တစ်ဖက်သားက တကယ့်ကိုရိုင်းစိုင်းနေရင်တောင် သူ့ကိုနားလည်ပေးဖို့ အကြောင်းတစ်ခုခုတော့ရှိနိုင်တယ်” လို့ ဂျက်ဆီကာပြောတယ်။ —ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၉:၁၁

လိုအပ်မယ်ဆိုရင် ရှောင်ထွက်သွားပါ။ ‘အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ’ လို့ ကျမ်းစာကဆိုတယ်။ (သုတ္တံ ၁၇:၁၄ကဘ) ကျမ်းစာပြောထားသလို ဒေါသပေါက်ကွဲစရာ အခြေအနေကနေ ရှောင်ထွက်သွားတာက အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ့လည်း ပြဿနာကို တနုံ့နုံ့တွေးနေရင် ဒေါသတွေစုလာပြီး ပေါက်ကွဲထွက်လာလိမ့်မယ်။ “ကျွန်မ လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ လျော့သွားပြီး စိတ်ကိုချုပ်တည်းနိုင်တယ်” လို့ ဒဲန်နီယယ်လ် ပြောပြတယ်။

စိတ်လျှော့တတ်ဖို့ ကြိုးစားပါ။ ကျမ်းစာက ဒီလိုပြောတယ်– ‘စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် အပြစ်တော့မလုပ်ကြနဲ့။ ကိုယ့်စိတ်ထဲကိုယ်ပြောပြီး တိတ်တိတ်နေကြပါ။’ (ဆာလံ ၄:၄ကဘ) စိတ်အနှောင့်အယှက်ဖြစ်တာ မမှားပါဘူးလို့ ပြောထားတာကို သတိပြုပါ။ အရေးကြီးတာက ဘာဖြစ်မလဲ။ “သူများကြောင့် ကိုယ်ဒေါသထွက်ရင် သူတို့က ကိုယ့်ကို အနိုင်ရသွားမယ်။ ဒါကြောင့် သဘောထားကြီးကြီးနဲ့ သူတို့အပြုအမူတွေကို မသိသလိုနေနိုင်အောင် ကြိုးစားပါ” လို့ ရစ်ချက်ပြောတယ်။ အဲဒီလိုသာလုပ်မယ်ဆိုရင် ဒေါသကို ထိန်းနိုင်မယ်၊ ဒေါသက ကိုယ့်ကို ထိန်းသွားမှာမဟုတ်တော့ဘူး။

^ အပိုဒ်၊ 4 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။