မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်လို ဘုရားမျိုးလဲ

ဘယ်လို ဘုရားမျိုးလဲ

လူတစ်ယောက်ရဲ့ အရည်အသွေးတွေ သိလာ​လေ အဲဒီ​လူကို ပို​သိကျွမ်း​ခင်မင်​လာ​လေ​ပဲ။ အလားတူပဲ ယေဟောဝါရဲ့ အရည်အသွေးတွေကို သိလာ​လေ ဘယ်လို ဘုရား​မျိုး​လဲ​ဆိုတာ ပို​သိလာပြီး ပို​ရင်းနှီး​လာ​လေ​ပဲ။ ဘုရားရဲ့ အံ့ဖွယ်​ ဂုဏ်ရည်တော်​အားလုံး​ထဲမှာ တန်ခိုး၊ ဉာဏ်ပညာ၊ တရား​မျှတမှု၊ ချစ်ခြင်း​မေတ္တာ​တို့​က အထင်ရှားဆုံး​ပဲ။

ဘုရားသခင် တန်ခိုးကြီး

‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်​က ကောင်းကင်နဲ့ မြေကြီးကို ကြီးမားတဲ့​တန်ခိုး​နဲ့ ဖန်ဆင်းခဲ့တယ်။’ယေရမိ ၃၂:၁၇

ဘုရားသခင်ရဲ့ တန်ခိုးကို ဖန်ဆင်းရာတွေ​မှာ တွေ့မြင်ရတယ်။ နွေရာသီ နေ့တစ်နေ့မှာ နေရောင်အောက် ရပ်​တဲ့အခါ ဘယ်လို ခံစား​ရ​သလဲ။ နေပူရှိန် ခံစား​ရတယ်။ တကယ်တော့ ယေဟောဝါ တန်ခိုး​နဲ့ ဖန်ဆင်း​ထားတဲ့အရာကို ခံစား​နေတာပါ။ နေဟာ ဘယ်လောက် စွမ်းအင်​ကြီး​မားသလဲ။ နေရဲ့​ဗဟိုမှာ အပူချိန် ၂၇,၀၀၀,၀၀၀ ဒီဂရီ​ဖာရင်ဟိုက် (၁၅,၀၀၀,၀၀၀°C) ခန့် ရှိတယ်။ နျူကလီးယား​ဗုံး သန်း​ထောင်ချီ ပေါက်ကွဲအား​နဲ့ ညီမျှတဲ့​စွမ်းအင်​ကို စက္ကန့်​တိုင်း ထုတ်လွှတ်​ပေး​နေတယ်။

ဒါတောင်မှ စကြဝဠာမှာ နေ​ထက် အဆ​မတန်​ကြီးမားတဲ့​ကြယ်တွေ သန်း​ထောင်ချီ ရှိသေးတယ်။ ယူ​ဝိုင်​စ​ကူ​တီ​လို့​ခေါ်တဲ့ အကြီးဆုံး​ကြယ်တစ်ခုရဲ့ အချင်းဟာ နေ​အချင်း​ထက် အဆ ၁,၇၀၀ နီးပါး ကြီးတယ်။ နေကို ယူဝိုင်စကူတီနဲ့ အစားထိုး​လိုက်ရင် ကမ္ဘာဂြိုဟ်​ကို လွှမ်းခြုံ​ကာ ဂျူပီတာ​ဂြိုဟ်​ပတ်​လမ်း​ကိုတောင် ကျော်လွန်​သွားပါလိမ့်မယ်။ အဲဒါက ကောင်းကင်နဲ့ မြေကြီး (စကြဝဠာ) ကို ကြီးမားတဲ့​တန်ခိုး​နဲ့ ယေဟောဝါ​ဘုရား ဖန်ဆင်းခဲ့တယ်​ဆိုတဲ့ ယေရမိ​စကားကို ပို​နားလည်စေ​နိုင်ပါတယ်။

ဘုရားသခင့်​တန်ခိုး​ကနေ  ဘယ်လို  အကျိုး​ခံစား​ကြ​ရ  သလဲ။ ကျွန်တော်တို့​အသက်ဟာ နေ​နဲ့​တကွ ကမ္ဘာပေါ်​က အံ့ဖွယ်​သယံဇာတ​တွေ​စတဲ့ ဖန်ဆင်းရာတွေ​အပေါ် မူတည်​နေတယ်။ ဒီ့ပြင် ဘုရားသခင်က လူသားတွေ​အကျိုးအတွက် တန်ခိုးကို အသုံးပြု​နေ​ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ ပထမရာစု​တုန်း​က ယေရှုကို တကယ့်​အံ့ဖွယ်​အမှုတွေ ပြုလုပ်​နိုင်အောင် ဘုရားသခင်က အစွမ်း​တန်ခိုး ပေးခဲ့တယ်။ “မျက်မမြင်​တွေ ပြန်မြင်​လာပြီ။ ခြေမသန်​သူတွေ လမ်းလျှောက်​နိုင်ပြီ။ အနာကြီး​ရောဂါသည်​တွေ ပြန်ကောင်း​လာပြီ။ နားမကြားသူ​တွေ ကြား​ရပြီ။ သေလွန်သူတွေ အသက် ပြန်ရှင်​လာပြီ” လို့ ဖတ်​ရတယ်။ (မဿဲ ၁၁:၅) ဒီနေ့​ကော။ “မောပန်း​သူကို ငါ​ခွန်အား​ပေးမယ်။ . . . ယေဟောဝါကို မျှော်လင့်တဲ့​သူတွေကတော့ ခွန်အား ပြန်​ပြည့်လာ​လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟေရှာယ ၄၀:၂၉၊ ၃၁) အခက်အခဲ​တွေ၊ ဘဝ​ပြဿနာတွေကို ကျွန်တော်တို့ ရင်ဆိုင်​ခံရပ်​နိုင်အောင် ဘုရားသခင်က “သာမန်​ထက်​ ထူးကဲ​တဲ့​တန်ခိုး” ပေး​နိုင်တယ်။ (၂ ကောရိန္သု ၄:၇) ကျွန်တော်တို့​အကျိုးအတွက် အကန့်အသတ်မဲ့​တန်ခိုးကို မေတ္တာပါ​စွာ အသုံးပြု​နေတဲ့ ဘုရားသခင်ကို ပိုမရင်းနှီးချင်​ဘူး​လား။

ဘုရားသခင်ဟာ ဉာဏ်​ပညာရှိ

“ယေဟောဝါ​ဘုရား၊ ကိုယ်တော့်​လုပ်ဆောင်မှုတွေ များ​လိုက်တာ။ ဒါတွေ​အားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်း​ထားတယ်။”ဆာလံ ၁၀၄:၂၄

ဘုရားသခင် ဖန်ဆင်းတဲ့​အရာတွေ​အကြောင်း ပို​သိလာ​လေ ဘုရားရဲ့ ဉာဏ်ပညာ​ကို ပို​အံ့ဩ​ရလေပဲ။ ဇီဝ​တုပ​မှု​ပညာ​မှာ သိပ္ပံ​ပညာရှင်တွေက ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို လေ့လာ​တုပ​ပြီး ဒီဇိုင်းဆွဲ​ကြတယ်။ ရိုးရှင်းတဲ့​ကပ်ခွာ​ကနေ လေယာဉ်​အထိ တုပ​တီထွင်​ကြတယ်။

လူ့မျက်စိဟာ အံ့ဖွယ်ဖန်ဆင်းရာပါပဲ

ဘုရားရဲ့ ဉာဏ်ပညာ​ကို လူ့​ကိုယ်ခန္ဓာ​မှာ အံ့ဖွယ်​အကောင်းဆုံးနည်းနဲ့ တွေ့ရတယ်။ ကလေး​တစ်ယောက် ကြီးထွားလာပုံ​ကို သုံးသပ်​ကြည့်ပါ။ ဗီဇ​ညွှန်ကြားချက်​အားလုံး ပါဝင်တဲ့ မျိုးအောင်​ဆဲလ်​တစ်ခုကနေ စတင်​ဖြစ်ပေါ်လာတယ်။ အဲဒီ​ဆဲလ်ဟာ ဆဲလ်များ​စွာ​အဖြစ် ကွဲ​ထွက်​သွားတယ်။ အချိန်တန်​တဲ့အခါ ဆဲလ်​တွေ သီးခြား​စီ ပေါင်းစည်း​ပြီး သွေး​ဆဲလ်၊ အာရုံကြော​ဆဲလ်၊ အရိုး​ဆဲလ်​စတဲ့ မျိုး​ကွဲ​ဆဲလ်​ရာ​ချီ ဖြစ်ပေါ်လာတယ်။ မကြာခင်မှာပဲ ကိုယ်အင်္ဂါ​တွေ ပေါ်လာပြီး အလုပ်​စ​လုပ်​လာတယ်။ ကိုးလ​အတွင်း မူလ​ဆဲလ်​ကနေ ဆဲလ်​သန်း​ထောင်ချီ​နဲ့ ဖွဲ့စည်းထားတဲ့ ကလေး ဖြစ်လာတယ်။ ဒီလို​ဒီဇိုင်း​မှာ မြင်တွေ့ရ​တဲ့ ဉာဏ်ပညာ​ကြောင့် “ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်း​ထားတဲ့​အတွက် ကိုယ်တော့်​ကို ချီးမွမ်း​ပါတယ်” ဆိုတဲ့ ကျမ်း​စကားကို သဘော​တူကြတယ်။—ဆာလံ ၁၃၉:၁၄

ဘုရားသခင်ရဲ့ ဉာဏ်​ပညာက​နေ ဘယ်လို အကျိုး​ခံစား​ကြသ​လဲ။​ ကျွန်တော်တို့ ပျော်ရွှင်ဖို့ လိုအပ်​မှန်း ဖန်ဆင်းရှင် သိထားတယ်။ ဘုရား​ရဲ့ ဉာဏ်ပညာ ကြီးမားမှု​ကြောင့် ကျမ်းစာမှာ ဒီလို​အကြံ​ပေးထားတယ်။ “ဆက်ပြီး​သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။” (ကောလော​သဲ ၃:၁၃) ပညာရှိ​အကြံဉာဏ်​ပဲ မဟုတ်လား။ ဟုတ်​ပါတယ်။ ခွင့်လွှတ်ခြင်းက အိပ်ပျော်​စေနိုင်တယ်၊ သွေး​တိုး ကျစေ​နိုင်တယ်လို့ ဆရာဝန်တွေ တွေ့ရှိ​ကြတယ်။ စိတ်ကျ​ရောဂါ​နဲ့ တခြား​ကျန်းမာရေး​ပြဿနာတွေကိုလည်း လျော့နည်းစေ​နိုင်တယ်။ ဘုရားသခင်ဟာ ဂရုစိုက်​ပေးတတ်တဲ့ ပညာရှိ​မိတ်ဆွေ​နဲ့ တူတယ်။ အကူအညီ​ဖြစ်စေတဲ့၊ အကျိုးရှိ​စေတဲ့ အကြံဉာဏ်​တွေ မပြတ်​ပေး​တတ်တယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အဲဒီ​မိတ်ဆွေမျိုးကို မလိုချင်ဘူးလား။

ဘုရားသခင်ဟာ တရား​မျှတ

“ယေဟောဝါဟာ တရား​မျှတမှု​ကို မြတ်နိုးတယ်။”ဆာလံ ၃၇:၂၈

ဘုရားသခင်က မှန်ရာကိုပဲ အမြဲ​လုပ်တယ်။ “စစ်မှန်တဲ့​ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မ​လုပ်​ဘူး။ အနန္တ​တန်ခိုးရှင်​က မကောင်း​တာ​ကို လုံးဝ မ​လုပ်​ဘူး။” (ယောဘ ၃၄:၁၀) “လူတွေကို ကိုယ်တော် တရား​သဖြင့် စီရင်” တယ်​လို့ ဆာလံဆရာ ဖော်ပြတဲ့​အတိုင်းပဲ ဘုရားရဲ့ တရားစီရင်ချက်​တွေဟာ ဖြောင့်မှန်တယ်။ (ဆာလံ ၆၇:၄) ‘ယေဟောဝါ​က နှလုံးသားကို ကြည့်’ တဲ့​အတွက် ဘုရားကို လှည့်စားလို့ မရဘူး။ အမှန်တရားကို အမြဲ သိမြင်​နိုင်တယ်။ အမှန်အတိုင်း တရား​စီရင်တယ်။ (၁ ရှမွေလ ၁၆:၇) ဒီ့ပြင် ကမ္ဘာပေါ်​က မတရားမှု၊ အကျင့်ပျက်​ခြစားမှု မှန်သမျှကို သိ​မြင်တယ်။ ဒါကြောင့် မကြာခင် ‘လူဆိုးတွေကို ကမ္ဘာမြေပေါ်​ကနေ ပယ်ရှင်း’ မယ်​လို့ ကတိ​ပေးထားတယ်။—ပညာအလိမ္မာ ၂:၂၂

ဒါပေမဲ့ ဘုရားသခင်ဟာ လူတွေကို ပြစ်ဒဏ်ပေး​ချင်တဲ့၊ ခက်ထန်​တဲ့​တရားသူကြီး မဟုတ်ဘူး။ သင့်လျော်​ရင် ကရုဏာ ပြတယ်။ စိတ်ရင်းမှန်နဲ့ နောင်တ​ရတဲ့​လူဆိုးတွေကို​တောင် “ယေဟောဝါဟာ ကရုဏာ​ရှိပြီး သနား​စာနာတတ်တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ တကယ်​တရား​မျှတတယ် မဟုတ်လား။—ဆာလံ ၁၀၃:၈။ ၂ ပေတရု ၃:၉

ဘုရားသခင်ရဲ့ တရား​မျှတမှု​ကနေ ဘယ်လို အကျိုး​ခံစား​ကြ​ သလဲ။ တမန်တော် ပေတရု​က “ဘုရားသခင် မျက်နှာမလိုက်​မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်​သွားပြီ။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်​လက်ခံမှုကို ရတာပဲ” လို့ ပြောခဲ့တယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားသခင်က ဘယ်တော့မှ မျက်နှာမလိုက်​တဲ့​အတွက် ဘုရားသခင်ရဲ့ တရား​မျှတမှု​ကနေ အကျိုး​ခံစား​ကြရတယ်။ လူမျိုး၊ နိုင်ငံသား၊ ပညာရေး၊ လူမှုရေး​အဆင့်အတန်း ဘယ်လို ရှိပါစေ ဘုရားသခင်ရဲ့ နှစ်သက်​လက်ခံမှု ရနိုင်တယ်၊ ဘုရားကို ဝတ်ပြု​ကိုးကွယ်​နိုင်တယ်။

ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်တဲ့အတွက် လူမျိုး၊ လူမှုရေးအဆင့်အတန်း ဘယ်လိုပဲ ရှိပါစေ အကျိုးခံစားနိုင်ကြ

ဘုရားသခင့် တရား​မျှတမှု​ကို နားလည်ပြီး အကျိုး​ခံစား​စေ​ချင်​လို့ အမှားအမှန်​သိစိတ် ပေးထားတယ်။ အမှားအမှန်​သိစိတ်​ဆိုတာ ကိုယ့်​အ​ပြု​အမူ မှား​ကြောင်း၊ မှန်​ကြောင်း ‘အသိပေး​တဲ့၊’ ‘စိတ်နှလုံးထဲမှာ ရေးသားတဲ့’ ပညတ်တရား​လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ရောမ ၂:၁၅) ဘယ်လို အကျိုး​ခံစား​ကြသလဲ။ တော်မှန်​စွာ လေ့ကျင့်ပေး​ထားရင် အမှားအမှန်​သိစိတ်​က မကောင်းတဲ့၊ မတရားတဲ့​လုပ်ရပ်တွေကို ရှောင်ကြဉ်​စေနိုင်တယ်။ မှားသွားတဲ့​အခါ နောင်တရ ပြောင်းလဲ​စေတယ်။ ဘုရားသခင့် တရား​မျှတမှု​ကို နားလည်ခြင်းက အကူအညီ ဖြစ်စေပြီး ဘုရားနဲ့ ရင်းနှီး​လာ​စေတယ်။

ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်

“ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်လို့ပဲ။”၁ ယောဟန် ၄:၈

ဘုရားသခင်မှာ တန်ခိုး၊ ဉာဏ်ပညာ၊ တရား​မျှတမှု ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ တန်ခိုး၊ ဉာဏ်ပညာ၊ တရား​မျှတမှု ဖြစ်တယ်လို့ ကျမ်းစာမှာ မဖော်ပြဘူး။ ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်လို့ ဆိုထားတယ်။ ဘာကြောင့်လဲ။ ဘုရားသခင့်​တန်ခိုး​က လုပ်ဆောင်​စေနိုင်​ကာ တရား​မျှတမှု​နဲ့ ဉာဏ်ပညာက လုပ်ဆောင်ပုံကို လမ်းညွှန်​ပေးတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ချစ်ခြင်း​မေတ္တာ​က လုပ်ဆောင်ဖို့ လှုံ့ဆော်​ပေးတယ်။ လုပ်ဆောင်သမျှဟာ ချစ်ခြင်း​မေတ္တာ​ကြောင့်​ပဲ။

ယေဟောဝါမှာ လို​လေ​သေး​မရှိ ပြည့်စုံ​ပေမဲ့ မေတ္တာ​ကြောင့် ကောင်းကင်နဲ့ မြေကြီးပေါ်​က အသိဉာဏ်​ရှိတဲ့ သတ္တဝါ​တွေကို ဖန်ဆင်းခဲ့တယ်။ ဘုရားရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို မွေ့လျော်​ခံစား​နိုင်ကြ​တယ်။ လူသားတွေ​အတွက် အကောင်းဆုံး​စံအိမ်​အဖြစ် ကမ္ဘာမြေကို ကိုယ်ကျိုးမငဲ့ ပြင်ဆင်​ပေးထားတယ်။ “ကိုယ်တော်​က လူဆိုး​လူကောင်း​အပေါ် နေ​ထွက်​စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်​သူတွေ​အပေါ် မိုးရွာ​စေတယ်။” ဒီ​နည်းနဲ့ လူသား​အားလုံးကို မေတ္တာ ဆက်ပြ​နေတယ်။—မဿဲ ၅:၄၅

ဒီ့ပြင် “ယေဟောဝါဟာ အလွန်​ချစ်ခင်​စာနာ​ပြီး ကရုဏာ​ကြီးတယ်။” (ယာကုပ် ၅:၁၁) ဘုရားကို သိလာဖို့၊ ရင်းနှီး​ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစား​နေ​သူတွေကို ချစ်ခင်​တယ်။ အဲဒီ​လူတွေကို တစ်ယောက်ချင်း​စီ သိ​မြင်တယ်။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇

ဘုရားသခင့် ချစ်ခြင်း​မေတ္တာ​ကနေ ဘယ်လို အကျိုး​ခံစား​ကြ​ သလဲ။ နေဝင်​ဆည်း​ဆာ​အလှ​ကို ခံစား​ကြတယ်။ ကလေး​ရယ်သံကို ကြား​ချင်ကြတယ်။ မိသားစုဝင်​တွေရဲ့ မေတ္တာကို တန်ဖိုးထား​ကြတယ်။ ဒါတွေဟာ အခြေခံ​လိုအပ်ရာတွေ မဟုတ်ပေမဲ့ ကျွန်တော်တို့​အသက်တာကို အတိုင်းအဆမဲ့ ကြွယ်ဝ​စေတယ်။

ဘုရားသခင် မေတ္တာနဲ့ ပြင်ဆင်​ပေးတဲ့ ဆုတောင်းခြင်းက​နေလည်း အကျိုး​ခံစား​ကြတယ်။ “ဘာမှ မစိုးရိမ်​ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်း​ကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုး​အသနားခံ​ကြပါ၊ ဘုရားသခင်​ဆီ အသနားခံ​ကြပါ” လို့ ကျမ်းစာမှာ တိုက်တွန်း​ထားတယ်။ မေတ္တာ​ပြည့်ဝတဲ့​ဖခင်​လို​ပဲ အကူအညီ တောင်း​စေချင်တယ်။ စိုးရိမ်​ပူပန်​တာ​တွေ ဖွင့်ပြော​စေချင်တယ်။ ကိုယ်ကျိုးမငဲ့​တဲ့ မေတ္တာ​ကြောင့် “လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း” ကို ပေးမယ်လို့ ယေဟောဝါ ကတိ​ပေးထားတယ်။—ဖိလိပ္ပိ ၄:၆၊ ၇

တန်ခိုး၊ ဉာဏ်ပညာ၊ တရား​မျှတမှု၊ မေတ္တာ​ဆိုတဲ့ ဘုရားရဲ့ အဓိက​ဂုဏ်ရည်တော်​တွေ​အကြောင်း အနည်းငယ် ဆွေးနွေး​လိုက်ခြင်းက ဘယ်လို ဘုရား​မျိုး ဖြစ်ကြောင်း ပုံဖော်​ကြည့်စေ​နိုင်တယ် မဟုတ်လား။ ဘုရားသခင်ကို ကျေးဇူးတင်စိတ် ပေါ်လာ​အောင် ဘုရား ဘာလုပ်​ပေးခဲ့တယ်၊ ဘာလုပ်​ပေးဦးမယ်​ဆိုတာကို လေ့လာဖို့ ဖိတ်ခေါ်​ပါတယ်။

ဘယ်လို ဘုရား​မျိုး​လဲ ယေဟောဝါဟာ ဘယ်သူ​ထက်​မဆို ပို​တန်ခိုး​ကြီးတယ်၊ ဉာဏ်ပညာ ပို​ရှိတယ်၊ ပို​တရား​မျှတတယ်။ ဒါပေမဲ့ ဘုရားရဲ့ နှစ်လို့ဖွယ်​အကောင်းဆုံး အရည်အသွေး​ကတော့ ချစ်ခြင်း​မေတ္တာပါပဲ