မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ

ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ

တစ်ယောက်ယောက်ကို သိချင်တဲ့​အခါ “နာမည် ဘယ်လို ခေါ်​သလဲ” လို့ အရင်ဆုံး မေးတတ်ကြတယ်။ ဘုရားကို အဲ​သလို မေး​ရင် ဘယ်လို ဖြေမလဲ။

“ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့​နာမည်​ပဲ။”—ဟေရှာယ ၄၂:၈

အခု​မှ ဒီ​နာမည် ကြားဖူးတာလား။ ဖြစ်နိုင်ပါတယ်။ ကျမ်းစာ​ဘာသာပြန်သူ​အများ​က ဘုရား​နာမည်ကို လုံးဝ နီးပါး မ​သုံး​ကြလို့ပဲ။ ဘုရား​နာမည်ကို “သခင်” ဆိုတဲ့​ဘွဲ့​နဲ့ အစားထိုးလေ့​ရှိကြတယ်။ တကယ်တော့ မူရင်း​ကျမ်းစာသား​မှာ ဘုရားနာမည် အကြိမ် ၇,၀၀၀ ခန့် တွေ့ရတယ်။ ဟီဘရူး ဗျည်း​လေးလုံး (ယဟ​ဝ​ဟ) နဲ့ ဖော်ပြတဲ့ ဘုရားသခင်​နာမည်ကို မြန်မာ​လို “ယေဟောဝါ” ဆိုပြီး ပြန်ဆို​ထားတယ်။

ဟီဘရူး​ကျမ်းနဲ့ ဘာသာပြန်ကျမ်း​များစွာမှာ ဘုရားနာမည် တွေ့ရ

ပင်လယ်သေ ကျမ်းလိပ် အေဒီ ပထမရာစု၊ ဟီဘရူး

တင်ဒေးလ် ဘာသာပြန်ကျမ်း ၁၅၃၀ ခုနှစ်၊ အင်္ဂလိပ်

ရေနာ ဗာလာရာ ဘာသာပြန်ကျမ်း ၁၆၀၂ ခုနှစ်၊ စပိန်

ယူနီယံ ဘာသာပြန်ကျမ်း ၁၉၁၉၊ တရုတ်

ဘုရားသခင်​နာမည် အရေးကြီး​ရတဲ့ အကြောင်းရင်း

ဘုရား​အတွက်လည်း နာမည် အရေးကြီးတယ်။ ဘုရား​နာမည်ကို လူတွေက ပေးတာ မဟုတ်ဘူး။ ဘုရားကိုယ်တိုင် ရွေးချယ်​ထားတဲ့​နာမည် ဖြစ်တယ်။ ယေဟောဝါ ဒီလို​ပြောတယ်– “ဒီ​နာမည်ဟာ ထာဝစဉ် ငါ့​နာမည်​ပဲ။ လူမျိုး​အဆက်ဆက် ငါ့ကို ဒီ​နာမည်​နဲ့ သိရကြလိမ့်မယ်။” (ထွက်မြောက်ရာ ၃:၁၅) ကျမ်းစာမှာ အနန္တ​တန်ခိုးရှင်၊ ခမည်းတော်၊ သခင်၊ ဘုရား​စတဲ့ ဘွဲ့​တွေ​ထက် ဘုရားသခင်​နာမည်ကို ပို​တွေ့ရ​သလို အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ယေရှု​စတဲ့ နာမည်တွေထက်လည်း ပို​တွေ့ရတယ်။ ယေဟောဝါ​က လူတွေကို မိမိ​နာမည် သိစေချင်တယ်။ “ယေဟောဝါလို့ နာမည်​ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေ​တစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး​အရှင် ဖြစ်မှန်း လူတွေ သိကြပါစေ” လို့​ ကျမ်းစာမှာ ဆိုထားတယ်။—ဆာလံ ၈၃:၁၈

ယေရှု​အတွက်လည်း ဘုရားနာမည် အရေးကြီးတယ်။ ကျွန်တော်တို့​အဖ ဒါမှမဟုတ် သခင့်​ဆုတောင်းချက်မှာ “နာမတော် သန့်ရှင်း​မြင့်မြတ်​ပါစေ” လို့ နောက်လိုက်​တွေကို ဆုတောင်းဖို့ ယေရှု သင်ပေးတယ်။ (မဿဲ ၆:၉) “အဖ၊ အဖရဲ့​နာမည်ကို ဘုန်းထင်ရှား​စေပါ” လို့ ယေရှု​ကိုယ်တိုင် ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၂:၂၈) ဘုရားနာမည် ဘုန်း​ထင်ရှားစေဖို့ ယေရှု အဓိက​ထား လုပ်ဆောင်ခဲ့လို့ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြ​ပါပြီ” ဆိုပြီး ဆုတောင်း​နိုင်ခဲ့တယ်။—ယောဟန် ၁၇:၂၆

ဘုရားကို သိတဲ့​သူတွေ​အတွက်လည်း ဘုရားနာမည် အရေးကြီးတယ်။ ကာကွယ်မှု၊ ကယ်တင်မှုဟာ ဘုရားရဲ့ ထူးခြားတဲ့​နာမည်​နဲ့ ဆက်စပ်​နေတယ်လို့ ရှေးခေတ်​က ဘုရားရဲ့​လူတွေ နားလည်ခဲ့​ကြတယ်။ “ယေဟောဝါရဲ့ နာမည်ဟာ ခိုင်ခံ့တဲ့​ရဲတိုက်​ပဲ။ ဖြောင့်မတ်​သူက ပြေးဝင်​ပြီး အကာအကွယ်​ယူတယ်။” (ပညာအလိမ္မာ ၁၈:၁၀) “ယေဟောဝါရဲ့​နာမည်ကို ခေါ်ပြီး ဆုတောင်း​သူ​တိုင်း ကယ်တင်​ခံရမယ်။” (ယောလ ၂:၃၂) ဘုရားသခင့်​နာမည်က ဝတ်ပြု​သူတွေကို ခွဲခြား​သိမြင်​စေမယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ “လူတွေက သူတို့​ဘုရားရဲ့ နာမည်ကို ခံယူပြီး အသက်ရှင်​ကြတယ်။ ကျွန်တော်တို့​ကတော့ ကျွန်တော်တို့​ဘုရား ယေဟောဝါရဲ့​နာမည်ကို ခံယူပြီး အစဉ်​ထာဝရ အသက်ရှင်ကြမယ်။”—မိက္ခာ ၄:၅။ တမန်တော် ၁၅:၁၄

ဘုရားနာမည်က ဖော်ပြရာ

နာမတော်​က ဘုရားသခင်ကို ခွဲခြား​ဖော်ပြတယ်။ ယေဟောဝါ​နာမည်က “ကိုယ်တော် ဖြစ်လာ​စေတယ်” လို့ အဓိပ္ပာယ်​ရ​ကြောင်း ကျမ်းပညာရှင်​တွေ ဆိုကြတယ်။ “ငါ​ဖြစ်ချင်​တာ​မှန်သမျှ ငါ​ဖြစ်လာမယ်” လို့ မောရှေ​ကို ပြောတဲ့အခါ နာမတော်​အဓိပ္ပာယ်​ကို ယေဟောဝါ​ဘုရား သဘောပေါက်​စေခဲ့တယ်။ (ထွက်မြောက်ရာ ၃:၁၄) ဒါကြောင့် အရာခပ်သိမ်း​ကို ဖန်ဆင်းရှင် ဖြစ်​ရုံ​မ​က​ဘူး၊ ရည်ရွယ်တော်မူချက်​တွေ ပြည့်စုံ​စေဖို့ ကိုယ်တိုင်ရော၊ ဖန်ဆင်းရာတွေကိုပါ ဘာ​မဆို ဖြစ်စေ​နိုင်စွမ်း ရှိကြောင်း ဖော်ပြတယ်။ ဘွဲ့​နာမ​တွေ​က ဘုရားရဲ့ အနေအထား၊ အခွင့်အာဏာ၊ တန်ခိုး​တို့ကို ဖော်ပြပေမဲ့ ယေဟောဝါ​ဆိုတဲ့​နာမည်က​သာ ဘုရား ဘယ်သူ​လဲ၊ ဘာ​ဖြစ်စေ​နိုင်သလဲ​ဆိုတာကို ဖော်ပြတယ်။

လူတွေကို စိတ်ဝင်စား​ကြောင်း နာမတော်​က ဖော်ပြတယ်။ ဘုရား​နာမတော်​အဓိပ္ပာယ်​က ကျွန်တော်တို့ အပါအဝင် ဖန်ဆင်းရာ​မှန်သမျှကို သံယောဇဉ် ရှိတယ်ဆိုတဲ့​သဘော​ပဲ။ နာမတော် ပေးသိတဲ့​အချက်ကလည်း ဘုရားနဲ့ သိကျွမ်း​စေ​ချင်​မှန်း ဖော်ပြတယ်။ ကျွန်တော်တို့ မ​မေး​ခင်​ကတည်းက နာမတော်ကို ပြောပြ​ထားတယ်။ လူတွေနဲ့ အလှမ်းဝေး​တဲ့ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် မဟုတ်ဘဲ ရင်းနှီး​ကျွမ်းဝင်​နိုင်တဲ့ တကယ့်​ပုဂ္ဂိုလ်​အဖြစ် ရှုမြင်​စေ​ချင်​မှန်း သိသာတယ်။—ဆာလံ ၇၃:၂၈

ဘုရားနာမည် အသုံးပြုခြင်းက ဘုရားကို စိတ်ဝင်စား​ကြောင်း ဖော်ပြတယ်။ ခင်မင်​ရင်းနှီး​ချင်တဲ့​သူကို ကိုယ့်​နာမည် ပြောပြပြီး မိတ်ဆက်​တယ် ဆိုပါစို့။ ကိုယ့်​နာမည်ကို အဲဒီ​လူ လုံးဝ မ​သုံး​ချင်​ရင် ဘယ်လို ခံစား​ရမလဲ။ ကိုယ်​နဲ့ တကယ်​ကော ရင်းနှီးချင်ရဲ့လား​လို့ တွေးမိမယ်။ ဘုရားသခင်လည်း အလားတူပါပဲ။ ယေဟောဝါ​က မိမိ​နာမည်ကို ဖော်ပြပြီး အသုံးပြု​ဖို့ အားပေးတယ်။ အသုံးပြု​ရင် ယေဟောဝါနဲ့ ရင်းနှီး​ချင်တယ်​ဆိုတဲ့ သဘောပါပဲ။ “နာမတော်​အကြောင်း တွေးတော​ဆင်ခြင် [“တန်ဖိုးထား​လေးမြတ်၊” အောက်ခြေမှတ်ချက်] သူတွေ” ကိုတောင် ရေးမှတ်​ထားတယ်။—မာလခိ ၃:၁၆

ဘုရားနာမည် သိခြင်းက ဘုရားကို သိကျွမ်းဖို့ ပထမ ခြေလှမ်း​ပါပဲ။ ဒါပေမဲ့ ရပ်သွား​လို့ မရဘူး။ နာမည်​နောက်ကွယ်​က ပုဂ္ဂိုလ်​အကြောင်း လေ့လာ​ရမယ်။ ဘယ်လို ဘုရား​မျိုး​လဲ​ဆိုတာ လေ့လာ​ရမယ်။

ဘုရားသခင်​နာမည် ဘယ်လို ခေါ်​သလဲ ဘုရားသခင်​နာမည် ယေဟောဝါပါ။ အဲဒီ​နာမည်က ရည်ရွယ်တော်မူချက်​တွေ ပြည့်စုံ​စေတဲ့​ပုဂ္ဂိုလ် ဖြစ်ကြောင်း ခွဲခြား​သိမြင်​စေတယ်