မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခဟာ ဘုရားဆီက ပြစ်ဒဏ်လား

ဆင်းရဲဒုက္ခဟာ ဘုရားဆီက ပြစ်ဒဏ်လား

လူ​ဇီ​ယာ​ရဲ့ ဘယ်​ခြေထောက်​က မသန်​ဘူး။ ငယ်ငယ်တုန်းက အာရုံကြော​စနစ်ကို တိုက်ခိုက်​တဲ့ ပိုလီယို​ရောဂါ ကူးစက်ခံခဲ့​ရတယ်။ အသက် ၁၆ နှစ်​တုန်း​က လူ​ဇီ​ယာ အလုပ်​လုပ်တဲ့ အိမ်ရှင်​အမျိုးသမီး​က “အမေ့​စကား နားမထောင်​ဘဲ ဆိုး​လို့ ဘုရား​ဒဏ်ပေး​တာ” ဆိုပြီး ပြောလို့ လူ​ဇီ​ယာ စိတ်ထိခိုက်​ခဲ့​ရတယ်။

ဦးနှောက်​ကင်ဆာ ဖြစ်နေမှန်း ဒမာရစ္စ သိလိုက်​ရတဲ့အခါ အဖေက “နင် ဘာတွေ လုပ်​ထားလို့ ဒီ​ရောဂါ ရတာလဲ။ မကောင်းတာ တစ်ခုခု လုပ်​ထားလို့ ဘုရား အပြစ်ပေး​တာ နေမှာ” လို့ ပြောတယ်။ ဒမာရစ္စ အတော်​စိတ်​ကြေကွဲ​ခဲ့​ရတယ်။

ဖျားနာမှု​ဟာ ဘုရားဆီက ပြစ်ဒဏ်​ပဲ​လို့ လူတွေ ယူဆ​လာတာ ကြာပြီ။ ခရစ်တော်​လက်ထက်​က လူ​များစွာလည်း “ဖျားနာမှု​ဟာ ဖျားနာသူ ဒါမှမဟုတ် ဆွေမျိုး​တွေရဲ့ အပြစ်​ကြောင့် ခံရတဲ့ ပြစ်ဒဏ်” လို့ ယုံကြည်​ကြတယ်​ဆိုပြီး စာအုပ်​တစ်အုပ် (Man​n​ers and C​us​to​m​s of Bible La​n​d​s) မှာ ဖော်ပြ​ထားတယ်။ အလယ်ခေတ်တုန်းကလည်း “ပြစ်ဒဏ်​အဖြစ် ကပ်ရောဂါ​တွေကို ဘုရား​ဖြစ်စေတယ်လို့ လူတချို့ ယုံကြည်​ကြတယ်” ဆိုပြီး စာအုပ်​တစ်အုပ် (Me​di​e​v​al Me​di​c​in​e and the P​la​gu​e) က ဆိုတယ်။ ဒါဆို ၁၄ ရာစု​တုန်း​က ကပ်ရောဂါ​ကြောင့် ဥရောပ​တစ်ခွင်မှာ လူသန်းပေါင်းများစွာ သေ​တာ​ဟာ လူဆိုးတွေကို ဘုရား ဒဏ်ပေး​တာ​လား။ ဒါမှမဟုတ် အဲဒီ​ကတည်းက ဆေးသုတေသီတွေ တွေ့ရှိ​ခဲ့​သလို ဘက်တီးရီးယား​ပိုး ကူးစက်မှု​ကြောင့် ဖြစ်တာ​လား။ ပြစ်ဒဏ်​အဖြစ် လူတွေကို ဘုရား ဖျားနာစေ​တာ​လားလို့ လူတချို့ တွေးမိ​နိုင်တယ်။ *

သုံးသပ်​ကြည့်ပါ– ဖျားနာမှု​နဲ့ ဆင်းရဲဒုက္ခ​ကို ဘုရား​ပေးတဲ့ ပြစ်ဒဏ်​လို့ ယူမှတ်​မယ်​ဆိုရင် ယေရှု​က ဖျားနာ​သူတွေကို ဘာကြောင့် ကုပေး​တာလဲ။ အဲဒီလို ကုပေး​တာ​က ဘုရားရဲ့ တရား​မျှတမှု​နဲ့ ဖြောင့်မတ်မှု​ကို ဆန့်ကျင်​ရာ​ရောက်မယ် မဟုတ်လား။ (မဿဲ ၄:၂၃၊ ၂၄) ယေရှုဟာ ဘုရားရဲ့ လုပ်ဆောင်မှုကို ဘယ်တော့မှ မဆန့်ကျင်​ဘူး။ ‘ဘုရား နှစ်သက်တာကို​ပဲ အမြဲ​လုပ်တယ်။’ “အဖဘုရား မိန့်မှာ​တဲ့​အတိုင်း လုပ်တယ်။”—ယောဟန် ၈:၂၉။ ၁၄:၃၁

ယေဟောဝါ ဘုရား​ဟာ “မတရားမှု​ကင်းတဲ့​ဘုရား” ဖြစ်တယ်လို့ ကျမ်းစာမှာ ရှင်းလင်းစွာ ပြောထားတယ်။ (တရားဟောရာ ၃၂:၄) ဥပမာ၊ ဘုရားက လေယာဉ်​ပေါ်မှာ​ပါတဲ့ လူတစ်ယောက်ကို အပြစ်​ပေးချင်လို့ လေယာဉ်​ပျက်​ကျ​အောင် လုပ်ပြီး အပြစ်မဲ့​သူ ရာနဲ့ချီ​ကို သေစေ​မှာ မဟုတ်ဘူး။ ဘုရားက ဖြောင့်မတ်တဲ့​အတွက် “လူကောင်း​တွေကို လူဆိုးတွေနဲ့​ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူး” လို့ သစ္စာရှိ​ကျေးကျွန် အာဗြဟံ​ပြောတယ်။ (ကမ္ဘာဦး ၁၈:၂၃၊ ၂၅) “ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မ​လုပ်​ဘူး၊” “မကောင်းတာကို လုံးဝ မ​လုပ်​ဘူး” လို့​လ​ည်း ကျမ်းစာမှာ ပြောထားတယ်။—ယောဘ ၃၄:၁၀-၁၂

ဆင်းရဲဒုက္ခ​နဲ့ပတ်သက်ပြီး ကျမ်းစာ​သွန်သင်ရာ

ကျွန်တော်တို့ ကြုံနေ​ရတဲ့ ဆင်းရဲဒုက္ခ​ဟာ သတ်သတ်မှတ်မှတ် အပြစ်အတွက် ဘုရား ပြစ်ဒဏ်ပေး​နေတာ မဟုတ်ဘူး။ မွေးရာပါ မျက်မမြင်​တစ်ယောက်ကို မြင်တဲ့အခါ “တပည့်တွေ​က ‘ရဗ္ဗိ၊ သူ မျက်စိ​မမြင်​ဘဲ မွေးလာ​တာ သူ့​အပြစ်​ကြောင့်လား။ မိဘ​ရဲ့​အပြစ်​ကြောင့်လား’ လို့​မေးတော့ ယေရှု​က ‘သူ့​အပြစ်​ကြောင့် မဟုတ်ဘူး။ မိဘ​ရဲ့​အပြစ်​ကြောင့်လည်း မဟုတ်ဘူး။ သူ​အဲဒီလို​ဖြစ်နေတာ​ဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ မြင်ခွင့်​ရစေဖို့​ပဲ’” လို့​ဖြေတယ်။—ယောဟန် ၉:၁-၃

ယေရှု အဲဒီလို ပြောတဲ့အခါ မှားယွင်းတဲ့ အယူအဆ​ရှိ​ထားတဲ့ တပည့်တွေ အံ့ဩ​သွားမှာပဲ။ ယေရှုဟာ မျက်မမြင်​ကို ကုပေး​ရုံ​မက ဖျားနာမှု​ဟာ ဘုရား​ပေးတဲ့ ပြစ်ဒဏ်​ဆိုတဲ့ အယူအဆ​မှား​ကို​ပါ တည့်မတ်​ပေးခဲ့တယ်။ (ယောဟန် ၉:၆၊ ၇) ဘုရား​ကြောင့် ဒုက္ခရောက်​တာ မဟုတ်မှန်း သိရခြင်းက ရောဂါဆိုး ခံစား​နေရ​သူတွေကို နှစ်သိမ့်​ပေးနိုင်တယ်။

မကောင်းတာ​လုပ်လို့ ဘုရား ပြစ်ဒဏ်​ပေးတာ​ဆိုရင် ဖျားနာ​သူတွေကို ယေရှု ဘာကြောင့် ကုပေး​တာလဲ

ယုံကြည်​စိတ်ချ​စေတဲ့ ကျမ်းချက်များ

  • “မကောင်းတဲ့​အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်​လို့​မရ​သလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့​အရာနဲ့ မ​စမ်းသပ်​ဘူး။” (ယာကုပ် ၁:၁၃) ဖျားနာခြင်း၊ နာကျင်ခြင်း၊ သေခြင်း အပါအဝင် လူတွေကို နှစ်ပေါင်းများစွာ ဒုက္ခ​ပေး​လာတဲ့ “မကောင်းတဲ့​အရာတွေ” မကြာခင် ဖယ်ရှားခံရ​ပါတော့မယ်။

  • ယေရှု​ခရစ်​က “ဝေဒနာ​ခံစား​နေရ​သူ အားလုံးကို ကုသ​ပေးတယ်။” (မဿဲ ၈:၁၆) မိမိ​ဆီ​ရောက်လာတဲ့ လူနာ​အားလုံးကို ကုသ​ပေးခြင်း​အားဖြင့် ကမ္ဘာတစ်ဝန်းမှာ ဘုရား​နိုင်ငံတော် လုပ်ပေးမယ့်​အရာကို ပြခဲ့တယ်။

  • “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်​ပေးလိမ့်မယ်။ သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က​ဖြစ်ဖူးတာတွေ ကွယ်ပျောက်​သွားပြီ။”ဗျာဒိတ် ၂၁:၃-၅

ဘယ်သူ့ကို အပြစ်တင်​ရမလဲ

ဒါဆိုရင် လူတွေ ဘာကြောင့် ဒီလောက် ဒုက္ခရောက်​နေတာလဲ။ ဒီမေးခွန်း​ကို လူတွေ စဉ်းစား​လာတာ နှစ်ပေါင်းများစွာ​ရှိပြီ။ ဘုရားကို အပြစ်မတင်​ရင် ဘယ်သူ့ကို အပြစ်တင်​ရမလဲ။ ဒီ​အကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 4 သတ်သတ်မှတ်မှတ် အပြစ်တွေ​အတွက် အရင်တုန်းက လူတွေကို ဘုရား ဒဏ်ခတ်​တဲ့ အချိန်တွေ ရှိပေမဲ့ အခုတော့ ဖျားနာမှု၊ အဖြစ်ဆိုး​စ​တာ​တွေ​နဲ့ ဘုရား ဒဏ်​ပေးတယ်လို့ ကျမ်းစာမှာ မဖော်​ပြ​ဘူး။