မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ခင်ဗျားတို့ဟာ ပို​တန်ဖိုးရှိ​ပါတယ်။’—မဿဲ ၁၀:၃၁

သင့်ကို ဘုရား သိသလား

သင့်ကို ဘုရား သိသလား

ဖန်ဆင်းခြင်းက သွန်သင်ရာ

မွေးကင်းစ​ကလေး​အတွက် မိခင်​ဝမ်း​ထဲ​ကနေ ထွက်ထွက်ချင်း ဦးဆုံး မိနစ် ၆၀ ဟာ သိပ်​အရေး​ပါတယ်။ ဘာကြောင့်လဲ။ ဒီ​အချိန်အတွင်း မိခင်ရဲ့ ယုယ​ပိုက်​ထွေး​မှု​ဟာ ကလေးရဲ့ ကြီးထွား​ဖွံ့ဖြိုး​မှု​ကို အကြီးအကျယ် တိုးတက်စေ​နိုင်​လို့​ပဲ။ *

မွေးကင်းစ​ကလေးကို ယုယ​ပိုက်​ထွေး​ဖို့ မိခင်​ကို ဘာက လှုံ့ဆော်​ပေး​သလဲ။ အောက်ဆီတိုစင် ဟော်မုန်း​က “မီးဖွား​ပြီးနောက် ကလေးကို ထိတွေ့၊ ကြည့်ရှု​ပြီး နို့​ချို​တိုက်ကျွေး​ရင်း မိခင်​စိတ် ဝင်​လာ​အောင် လှုံ့ဆော်​ပေးတယ်” လို့ မဂ္ဂဇင်း​တစ်စောင် (The Journal of P​e​r​in​at​al Education) မှာ ပါမောက္ခ ဂျဲနက် ခ​ရန်​ရှော ရှင်းပြတယ်။ ဒီလို​အချိန်မှာ ထွက်​တဲ့ ဟော်မုန်း နောက်တစ်မျိုးကလည်း “ကလေး​အပေါ် တုံ့ပြန်​ဖို့ မိခင်​ကို လှုံ့ဆော်​ပေးတယ်။” ဒါ ဘာကြောင့် ထူးခြား​သလဲ။

မိခင်နဲ့ ကလေး​ကြား​က သံယောဇဉ်​နှောင်ကြိုး​ကို မေတ္တာ​ရှိတဲ့ ဖန်ဆင်းရှင် ယေဟောဝါ​ဘုရား ဒီဇိုင်းဆွဲ​ထားတယ်။ * “အမေ့​ဝမ်း​ထဲ​ကနေ ခေါ်ထုတ်​ပြီး” အမေ့​ရင်ခွင်မှာ ဘေးကင်းလုံခြုံ​စေတဲ့​အတွက် ဘုရားသခင်ကို ဘုရင်​ဒါဝိဒ် ချီးမွမ်းခဲ့တယ်။ “ကျွန်တော်ဟာ မွေးကတည်းက ကိုယ်တော်​ဂရုစိုက်တာ ခံခဲ့ရ​သူ​ပါ။ အမေ့​ဝမ်း​ထဲမှာ ရှိကတည်းက ကိုယ်တော်​ဟာ ကျွန်တော့်​ဘုရားသခင်ပါ” လို့ ဒါဝိဒ် ဆုတောင်း​တယ်။—ဆာလံ ၂၂:၉၊ ၁၀

သုံးသပ်​ကြည့်ပါ– မိခင်​တွေ ကလေးကို မေတ္တာနဲ့ ဂရုစိုက်​ကြည့်ရှု​ပြီး ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးနိုင်​ဖို့ ရှုပ်ထွေး​တဲ့​စနစ်ကို ဘုရား ဖန်ဆင်းခဲ့တယ်​ဆိုရင် “ဘုရားရဲ့ သားသမီးတွေ” ဖြစ်တဲ့ ကျွန်တော်တို့​တစ်ဦးစီ​ကို ဘုရား ဂရုစိုက်​တယ်​ဆိုတာ ယုတ္တိ​ရှိတယ် မဟုတ်လား။—တမန်တော် ၁၇:၂၉

ဘုရားသခင့် ဂရုစိုက်​စောင့်ရှောက်မှု​နဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ

ဖန်ဆင်းရှင်​အကြောင်း တခြား​သူတွေ​ထက် ပို​နားလည်တဲ့ ယေရှု​ခရစ်​က “စာငှက်​နှစ်ကောင်​ကို ငွေ​တစ်ပြား​နဲ့ ဝယ်​လို့​ရတယ် မဟုတ်လား။ အဖဘုရား မသိဘဲ​နဲ့ အဲဒီ​စာငှက်​တစ်ကောင်​မှ မြေပေါ်​မကျ​ဘူး။ ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်​ထားတယ်။ ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိ​ပါတယ်” လို့ သင်ပေးတယ်။—မဿဲ ၁၀:၂၉-၃၁

ငှက်​တစ်ကောင်​ချင်း​ကို သတိထားကြည့်​မိ​တဲ့​သူ ရှား​ပါတယ်။ ငှက်​တစ်ကောင် မြေပေါ်​ကျ​တာ​ကို သိဖို့​ဆိုရင်​တော့ ပို​ဝေး​တာ​ပေါ့။ ဒါပေမဲ့ ကောင်းကင်ဖခင်​က ငှက်​တစ်ကောင်​ချင်း​ကို သိတယ်။ လူကို ငှက်တွေ​ထက် ပိုတန်ဖိုး​ထားတယ်။ သင်ခန်းစာ​ကတော့ ဘုရား သတိ​မထား​မိ​မှာ​ကို တွေးပူ​နေဖို့ မလိုပါဘူး။ သင့်ကို ဘုရား တကယ်​ဂရုစိုက်ပါ​တယ်။

ကျွန်တော်တို့ရဲ့ ကောင်းကျိုး​ကို ဘုရား တကယ် စိတ်ဝင်စား​ပြီး မေတ္တာနဲ့ ဂရုစိုက်​စောင့်ရှောက်​နေတယ်

ယုံကြည်​စိတ်ချ​စေတဲ့ ကျမ်းချက်များ

  • “ယေဟောဝါ​က အရာရာကို မြင်တယ်။ လူဆိုးတွေကို​ရော လူကောင်း​တွေကို​ပါ ကြည့်​နေတယ်။” ပညာအလိမ္မာ ၁၅:၃

  • “ယေဟောဝါ​က ဖြောင့်မတ်​သူတွေကို ကြည့်ရှု​နေတယ်။ သူတို့ရဲ့ အော်ဟစ်​အကူအညီ​တောင်း​သံကို နားထောင်​နေတယ်။”ဆာလံ ၃၄:၁၅

  • “ခိုင်မြဲ​တဲ့​မေတ္တာတော်​ကြောင့် ကျွန်တော် ဝမ်းမြောက်​ဝမ်းသာ ဖြစ်နေ​မှာပါ။ ကျွန်တော် ဒုက္ခရောက်​နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက်​နေတာကို သိတယ်။”ဆာလံ ၃၁:၇

“ကျွန်မကို ယေဟောဝါ မချစ်​ဘူးလို့ ခံစားခဲ့​ရ”

ကျွန်တော်တို့ရဲ့ ကောင်းကျိုး​ကို ဘုရား တကယ် စိတ်ဝင်စားပြီး မေတ္တာနဲ့ ဂရုစိုက်​နေတယ်​ဆိုတာ သိရခြင်းက ဘဝကို ပြောင်းလဲ​စေနိုင်​သလား။ ပြောင်းလဲ​စေနိုင်ကြောင်း အင်္ဂလန်​နိုင်ငံက ဟဲနာ ပြောပြတယ်။ *

“ကျွန်မကို ယေဟောဝါ မချစ်​ဘူး၊ ဆုတောင်းချက်တွေကို မဖြေ​ပေး​ဘူးလို့ အကြိမ်ကြိမ် ခံစားခဲ့​ရတယ်။ ကိုယ့်မှာ ယုံကြည်ခြင်း မရှိလို့​ဆိုပြီး ထင်ခဲ့တယ်။ ကျွန်မကို ဘုရား အပြစ်ပေး​နေတာ၊ အရေးမပါ​လို့ လျစ်လျူရှု​ထားပြီး ဂရုမစိုက်​ဘူးလို့ ခံစားခဲ့​ရတယ်။”

အခုတော့ ယေဟောဝါရဲ့ ဂရုစိုက်မှု​နဲ့ မေတ္တာကို ဟဲနာ သံသယ​မဝင်​တော့​ဘူး။ ဘာက ပြောင်းလဲသွား​စေ​တာလဲ။ “တကယ့် အပြောင်းအလဲပါပဲ။ ယေရှု​ရွေးဖိုး​နဲ့ပတ်သက်တဲ့ ဟောပြောချက်​တစ်ခုက ကျွန်မ​အပေါ် အကြီးအကျယ် အကျိုးသက်ရောက်​ခဲ့​တယ်။ အဲဒီ​ဟောပြောချက်က ယေဟောဝါရဲ့ မေတ္တာကို သံသယ​မဝင်​အောင် ကူညီပေးတယ်။ ဆုတောင်းချက်​တွေ အဖြေ​ရတဲ့အခါ ယေဟောဝါရဲ့ မေတ္တာ​ကို နားလည်​လာပြီး မျက်ရည်ကျရတာ ခဏခဏ​ပဲ။ ကျမ်းစာ​လေ့လာပြီး အစည်းအဝေးတွေ တက်တာ​က ယေဟောဝါ​အကြောင်း၊ ဘုရားရဲ့ အရည်အသွေးတွေ​အကြောင်း၊ ကျွန်မ​တို့​အပေါ်​ထားတဲ့ ခံစားချက်တွေ​အကြောင်း ပို​သိလာစေတယ်။ ကျွန်မတို့​အားလုံးကို ယေဟောဝါ ချစ်​မှန်း၊ တစ်ယောက်စီကို ကူညီ​စောင့်ရှောက်​ချင်​မှန်း အခု နားလည်ပါပြီ။”

ဟဲနာရဲ့ စကားတွေက အားရှိစရာ​ပါပဲ။ ဒါပေမဲ့ သင့်ကို ဘုရား နားလည်​မှန်း၊ ခံစားချက်တွေကို သိ​မှန်း ဘယ်လို သိနိုင်​မလဲ။ နောက်​ဆောင်းပါး​က အဖြေ​ပေးပါလိမ့်မယ်။

^ အပိုဒ်၊ 3 မီး​တွင်း စိတ်ကျ​ဝေဒနာ ခံစား​နေရတဲ့ မိခင်​တချို့ဟာ ကလေးကို ယုယ​ပိုက်​ထွေး​ဖို့ အခက်တွေ့​နိုင်တယ်။ သူတို့ကို အပြစ်မတင်​သင့်​ဘူး။ အမေရိကန် အမျိုးသား စိတ်​ကျန်းမာရေး တက္ကသိုလ်​ရဲ့ အဆို​အရ မီး​တွင်း စိတ်ကျ​ဝေဒနာ​ဟာ “ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် ဖြစ်ပုံရ​တယ်။ မိခင်​တစ်ယောက် တစ်ခုခုကို လုပ်လို့၊ မ​လုပ်လို့ ဖြစ်တာ မဟုတ်ပါဘူး။” ထပ်​သိချင်ရင် ၂၀၀၄၊ မတ် ၈ ရက်ထုတ် နိုးလော့! မီးတွင်း စိတ်ကျ​ဝေဒနာ​ကို နားလည်​သဘောပေါက်ခြင်း” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 5 ယေဟောဝါဆိုတာ ကျမ်းစာမှာ​ပါတဲ့ ဘုရားသခင့် နာမည်ပါ။—ဆာလံ ၈၃:၁၈

^ အပိုဒ်၊ 15 ဒီ​ဆောင်းပါးတွဲထဲက နာမည်​တချို့ကို ပြောင်းထား​ပါတယ်။