မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် ဂရုစိုက်မှုကနေ သင်အကျိုးရနိုင်

ဘုရားသခင့် ဂရုစိုက်မှုကနေ သင်အကျိုးရနိုင်

ဘုရားသခင်က ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ​ကို အံ့ဖွယ် ပြန်လည်​ကုသ​နိုင်စွမ်း​နဲ့ ဖန်ဆင်း​ထားတယ်။ ထိခိုက်၊ ပြတ်ရှ၊ ခြစ်မိတာနဲ့ ကိုယ်ခန္ဓာ​မှာ “ဒဏ်ရာ​အကြီး​အငယ်​တွေကို ကုသ​ပေးတဲ့ ရှုပ်ထွေး​တဲ့ ဖြစ်စဉ်​တစ်ခု အစပြု​လာတယ်။” (ဂျွန် ဟော့ကင်း ဆေး​တက္ကသိုလ်) သွေး​ထွက်တာ ရပ်သွားဖို့၊ သွေးကြောတွေ ကျယ်လာဖို့၊ ဒဏ်ရာကို ကုဖို့၊ တစ်သျှူးတွေကို ပြန်​အားဖြည့်ပေး​ဖို့ ကိုယ်ခန္ဓာ​က ချက်ချင်း လုပ်ဆောင်တယ်။

သုံးသပ်​ကြည့်ပါ– ဘုရားသခင်က ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ​ကို ပြန်လည်​ကုသ​ပေးနိုင်စွမ်း​နဲ့ ဖန်ဆင်း​ထားတယ်​ဆိုရင် စိတ်ဒဏ်ရာ​တွေ​ကိုလည်း ပြန်​ကုသ​ပေးမယ်ဆိုတာ စိတ်ချ​နိုင်ပါတယ်။ ဘုရားက “စိတ်​ကြေကွဲနေသူတွေကို ကုသ​ပေးတယ်။ ဒဏ်ရာတွေကို စည်းပေး​တယ်။” (ဆာလံ ၁၄၇:၃) အတိတ် ဒါမှမဟုတ် လက်ရှိ​အခြေအနေတွေကြောင့် စိတ်ဒဏ်ရာ​ရနေတယ် ဆိုရင်​ကော။ အခုရော အနာဂတ်​မှာပါ ယေဟောဝါ​ဘုရားက သင့်​ဝေဒနာ​ကို ကုပေး​မယ်​ဆိုတာ ဘယ်လို စိတ်ချ​နိုင်မလဲ။

ဘုရားသခင့်​မေတ္တာနဲ့​ပတ်သက်တဲ့ ကျမ်းစာ​သွန်သင်ရာ

“မကြောက်​နဲ့။ မင်းနဲ့​အတူ ငါရှိ​တယ်။ မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့​စေမယ်၊ ကူညီ​ပေးမယ်” လို့ ဘုရား ကတိ​ပေးတယ်။ (ဟေရှာယ ၄၁:၁၀) ယေဟောဝါ ဂရုစိုက်​ကြောင်း သိရခြင်းက စိတ်​ငြိမ်သက်​စေပြီး ပြဿနာ​အမျိုးမျိုးကို ဖြေရှင်းဖို့ ခွန်အားရ​စေတယ်။ အဲဒီ​စိတ်​ငြိမ်သက်မှုကို “လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း” လို့ တမန်တော်​ပေါလု ခေါ်ထားတယ်။ ‘ကျွန်တော့်ကို အစွမ်း​ခွန်အား​ပေးတဲ့ ဘုရားသခင်​ကြောင့် အရာရာကို စွမ်းဆောင်​နိုင်တယ်’ ဆိုပြီး ပေါလု ဆက်ပြောတယ်။—ဖိလိပ္ပိ ၄:၄-၇၊ ၉၊ ၁၃

ကျမ်းစာက လူ့​အနာဂတ်နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ကတိတွေ​ကို ယုံကြည်​စိတ်ချမှု တိုးများ​စေတယ်။ ဥပမာ၊ ဗျာဒိတ် ၂၁:၄၊ ၅ မှာ ဘုရား ဘာလုပ်​ပေးမယ်၊ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်တယ်ဆိုတာ ပြောတယ်–

  • “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်​ပေးလိမ့်မယ်။” ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခ​တွေ၊ စိုးရိမ်​ပူပန်မှုတွေ​က တခြား​သူတွေ​အတွက် သေးငယ်​ပုံ​ပေါက်​ရင်တောင် အားလုံးကို ယေဟောဝါ ဖယ်ရှား​ပေးပါလိမ့်မယ်။

  • ကောင်းကင် “ရာဇ​ပလ္လင်​ပေါ်​ထိုင်​နေတဲ့” အနန္တ​တန်ခိုးရှင် ဘုရင်က ဆင်းရဲဒုက္ခ​တွေကို တားဆီး​ဖို့၊ ကျွန်တော်တို့ကို ကူညီဖို့ မိမိ​တန်ခိုး​အာဏာကို သုံးပါ​လိမ့်မယ်။

  • မိမိရဲ့​ကတိ​တွေဟာ “သစ္စာ​စကား၊ ဟုတ်မှန်​တဲ့​စကား” ဖြစ်ကြောင်း ယေဟောဝါ အာမခံတယ်။ ကတိအတိုင်း လုပ်ပေးမယ်​ဆိုတာကို ကိုယ့်​နာမည်​နဲ့ ဂုဏ်​သိက္ခာ​ကို တိုင်တည်ပြီး အာမခံ​နေတာ​ဖြစ်တယ်။

“‘ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်​ပေးလိမ့်မယ်။ သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က​ဖြစ်ဖူးတာတွေ ကွယ်ပျောက်​သွားပြီ။’ ရာဇ​ပလ္လင်​ပေါ်​ထိုင်​နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်းနေတယ်’ လို့​ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်​တဲ့​စကား​ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ’ လို့​လ​ည်း ပြောတယ်။”—ဗျာဒိတ် ၂၁:၄၊ ၅

စကြဝဠာ​နဲ့ ကျမ်းစာက ဘုရားရဲ့ အရည်အသွေးတွေကို ဖော်ပြတယ်။ ဖန်ဆင်းရာတွေ​က ဘုရားနဲ့ မိတ်ဆွေဖွဲ့​ဖို့ သွယ်ဝိုက် ဖိတ်ခေါ်​နေပေမဲ့ ကျမ်းစာက​တော့ “ဘုရားသခင်နဲ့ ရင်းနှီး​အောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီး​လာလိမ့်မယ်” လို့ တိုက်ရိုက် ဖိတ်ခေါ်​ထားတယ်။ (ယာကုပ် ၄:၈) “ဘုရားသခင်​ဟာ ကျွန်တော်တို့ တစ်ယောက်နဲ့​မှ မ​ဝေး​ပါဘူး” လို့ တမန်တော် ၁၇:၂၇ မှာ ပြောတယ်။

ဒါကြောင့် ဘုရား​အကြောင်း အချိန်ပေး​လေ့လာတဲ့​အခါ ကျွန်တော်တို့ကို “ဂရုစိုက်​တဲ့​အရှင်” ဖြစ်ကြောင်း ပို​နားလည်​လာပါလိမ့်မယ်။ (၁ ပေတရု ၅:၇) ယေဟောဝါကို ယုံကြည်​ကိုးစား​ရင် ဘာအကျိုး​တွေ ရမလဲ။

ဂျပန်​နိုင်ငံက တိုရူး​အကြောင်း သုံးသပ်​ကြည့်ပါ။ ခရစ်ယာန်​မိခင် လက်အောက်မှာ ကြီးပြင်း​လာပေမဲ့ ယာ​ကူ​ဇာ​လို့ ခေါ်တဲ့ ဂျပန်​လူဆိုးဂိုဏ်း​ထဲ ဝင်ခဲ့တယ်။ “ကျွန်တော့်ကို ဘုရား မုန်းတယ်​လို့ ထင်ခဲ့တယ်။ ဝန်းကျင်​က လူတွေ၊ အထူးသဖြင့် ကိုယ်​ချစ်ရသူ​တွေ သေဆုံး​တာ​က ကျွန်တော့်ကို ဘုရား ဒဏ်​ပေးနေတာလို့ ယူဆခဲ့တယ်။ ဝန်းကျင်​ဆိုး​ကြောင့် သွေးအေး​အေး​နဲ့ ရက်စက်တဲ့​သူ ဖြစ်လာတယ်” လို့ တိုရူး​ပြောတယ်။ “ကိုယ့်ထက် ထင်ပေါ်တဲ့​သူကို သတ်၊ ဒီနည်းနဲ့ နာမည်ကြီး​အောင် လုပ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်​တယ်” လို့ သူ့ရဲ့ ရည်မှန်းချက်​ကို ပြောပြတယ်။

ဒါပေမဲ့ ဇနီးဟာ​နာ​နဲ့အတူ ကျမ်းစာ​လေ့လာပြီး​နောက် တိုရူးရဲ့​ဘဝ အကြီးအကျယ် ပြောင်းလဲသွားတယ်။ “ကျွန်မ​ရဲ့ ယော​က်ျား လုံးဝ ပြောင်းလဲသွားတယ်” လို့ ဟာ​နာ ပြောတယ်။ “တစ်ယောက်စီကို တကယ် ဂရုစိုက်​တဲ့ ဘုရား​ရှိတယ်။ ဘုရားက ဘယ်သူ့ကိုမှ မသေ​စေချင်ဘူး။ နောင်တ​ရတဲ့​သူကို လိုလိုလားလား ခွင့်လွှတ်တယ်။ ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်​တဲ့၊ ဘယ်သူမှ နားမလည်​ပေးနိုင်တဲ့ အကြောင်းတွေ​ကို နားထောင်၊ နားလည်​ပေးတယ်။ ပြဿနာတွေနဲ့ ဒုက္ခ​အားလုံးကို မကြာခင် ဖယ်ရှား​ပေး​တော့​မယ်။ အခု​တောင် မမျှော်လင့်​ထားတဲ့​နည်းတွေနဲ့ ကူညီပေး​တယ်။ စိတ်ဓာတ်ကျ​နေချိန်မှာ စောင့်ရှောက်​ပေးတယ်” လို့ တိုရူး ပြောတယ်။—ဆာလံ ၁၃၆:၂၃

အဖြစ်ဆိုး​အားလုံးကို ဘုရား ဖယ်ရှား​ပေးနိုင်​ပြီး ဖယ်ရှား​ပေး​တော့​မယ်။ ဒါက အနာဂတ်​မျှော်လင့်ချက် ရှိစေ​ရုံ​သာမက လောလောဆယ်​လ​ည်း ပိုကောင်းတဲ့​ဘဝကို ရစေတယ်။ ဒုက္ခ​ပြည့်နေတဲ့ လောကမှာ​တောင် ဘုရားရဲ့ မေတ္တာပါ ဂရုစိုက်မှုက​နေ အကျိုး​ရနိုင်ပါတယ်။