မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုတွေ အဆုံးတိုင်မှာလား

အကြမ်းဖက်မှုတွေ အဆုံးတိုင်မှာလား

 အကြမ်းဖက် တိုက်ခိုက်မှု ကြုံရချိန်မှာ ဒီလိုမေးမိနိုင်တယ်- ‘ဘုရားသခင် ကြည့်ရက်သလား။ ဒါတွေ ဘာလို့ ဖြစ်နေရတာလဲ။ အကြမ်းဖက်မှုတွေ a အဆုံးတိုင်မှာလား။ ကြောက်ကြောက်နဲ့ ငါ ဘယ်လို အသက်ရှင်နိုင်မှာလဲ။’ အဲဒီမေးခွန်းတွေအတွက် ကျမ်းစာမှာ အဖြေ ရှိပါတယ်။

အကြမ်းဖက်မှုတွေကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ

 အကြမ်းဖက်မှုတွေကို ဘုရား ရွံ့မုန်းတယ်။ (ဆာလံ ၁၁:၅။ ပညာအလိမ္မာ ၆:၁၆၊ ၁၇) ဘုရားရဲ့ ကိုယ်စားလှယ် ယေရှုကလည်း ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့ တပည့်တွေကို ဆုံးမခဲ့တယ်။ (မဿဲ ၂၆:၅၀-၅၂) တချို့က ဘုရားနာမည် သုံးပြီး အကြမ်းဖက် တိုက်ခိုက်နေကြပေမဲ့ သူတို့ကို အဲဒီလိုလုပ်ခွင့် ဘုရား မပေးထားဘူး။ သူတို့ရဲ့ ဆုတောင်းသံတွေကိုလည်း နားမထောင်ဘူး။—ဟေရှာယ ၁:၁၅

 အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေရသူတွေ၊ ဝေဒနာ ခံစားနေရသူတွေ အားလုံးကို ဘုရား ဂရုစိုက်တယ်။ (ဆာလံ ၃၁:၇။ ၁ ပေတရု ၅:၇) အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် ဘုရား အရေးယူပေးမယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာယ ၆၀:၁၈

အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်း

 အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။” (ဒေသနာ ၈:၉) သမိုင်းတစ်လျှောက်မှာ အာဏာရှင်တွေက လူတွေကို ဖိနှိပ်ဖို့ အကြမ်းဖက်နည်းတွေကို သုံးခဲ့ကြတယ်။ ဖိနှိပ်ခံရတဲ့သူတွေကလည်း ပြန်ပြီး အကြမ်းဖက်တိုက်ခိုက် တော်လှန်ကြတယ်။—ဒေသနာ ၇:၇

အကြမ်းဖက်မှု အဆုံးတိုင်မယ်

 ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေကို ကျူပင်ခုတ် ကျူငုတ်ပါမကျန် အမြစ်ဖြတ်ပြီး ကမ္ဘာမြေကို အေးချမ်းသာယာအောင် လုပ်ပေးတော့မယ်လို့ ဘုရား ကတိပေးထားတယ်။ (ဟေရှာယ ၃၂:၁၈။ မိက္ခာ ၄:၃၊ ၄) ဘုရားရဲ့ ကတိတွေက-

  •   အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို ဖယ်ရှားပေးမယ်။ လူ့အစိုးရတွေကို ဖယ်ရှားပြီး ဘုရားသခင့် အစိုးရကို တည်ထောင်မယ်။ ဘုရားသခင့် အစိုးရရဲ့ အုပ်စိုးရှင် ယေရှုခရစ်က လူတိုင်းကို မျှမျှတတ ဆက်ဆံပြီး ဖိနှိပ်မှုနဲ့ အကြမ်းဖက်တွေကို ဖယ်ရှားပေးလိမ့်မယ်။ (ဆာလံ ၇၂:၂၊ ၁၄) အဲဒီအချိန်မှာ ဘယ်သူ့မှ အကြမ်းဖက်တော့မှာ မဟုတ်ဘူး။ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

  •   အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရာအားလုံးကို ပယ်ဖျက်ပေးမယ်။ ဘုရားက အကြမ်းဖက်မှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒဏ်ရာရနေတဲ့သူတွေကို ကုစားပေးလိမ့်မယ်။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၃၊ ၄) သေဆုံးသွားသူတွေကိုတောင် အေးချမ်းလုံခြုံတဲ့ ကမ္ဘာမြေမှာ အသက်ပြန်ရှင်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။—ယောဟန် ၅:၂၈၊ ၂၉

 မကြာခင်၊ အကြမ်းဖက်မှုတွေကို ဘုရား အရေးယူတော့မယ်ဆိုတာ ယုံကြည်နိုင်တဲ့ အကြောင်းရင်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို သင် သိချင်မှာပဲ- ‘အကြမ်းဖက်မှုတွေ ပပျောက်အောင် ဘုရား ဘာကြောင့် မလုပ်သေးတာလဲ။’ အဖြေ သိချင်ရင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားသလဲ ဗီဒီယိုကို ကြည့်ပါ။

a “အကြမ်းဖက်မှု” ဆိုတာ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင်တာ ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမူရေး အပြောင်းအလဲတွေကြောင့် ပြည်သူတွေ ကြောက်စိတ် ဝင်အောင် ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာကို အကြမ်းဖက်မှုဆိုပြီး ယူမှတ်လို့ ရမရ သဘောထား ကွဲလွဲနေကြတယ်။