မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ

ယေရှုရဲ့ သစ္စာရှိနောက်လိုက်တချို့က ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်မယ့်အချိန်ကို သိချင်ခဲ့ကြတယ်။ ဘုရားနိုင်ငံတော် ကမ္ဘာမြေကို အုပ်ချုပ်မယ့် အချိန်အတိအကျကို သိရမှာမဟုတ်ဘူးလို့ သူတို့ကို ယေရှု ပြောခဲ့တယ်။ (တမန်တော် ၁:၆၊ ၇) ဒါပေမဲ့ “ဘုရားသခင့်နိုင်ငံတော် နီးနေပြီ၊” ဘုရားနိုင်ငံတော်က ကမ္ဘာမြေကို စအုပ်ချုပ်မယ့်အချိန် ရောက်ပြီဆိုတာ သိရမယ့် အဖြစ်အပျက်တချို့ကို အနာဂတ်မှာ မြင်တွေ့ရမယ်လို့ အဲဒီမတိုင်ခင်က ပြောခဲ့တယ်။—လုကာ ၂၁:၃၁

ဘယ်အဖြစ်အပျက်တွေ ဖြစ်ပျက်မယ်လို့ ယေရှု ပြောခဲ့သလဲ

“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (လုကာ ၂၁:၁၀၊ ၁၁) လက်ဗွေရာက သတ်သတ်မှတ်မှတ် လူတစ်ယောက်ကို ဖော်ပြသလိုပဲ အဲဒီအဖြစ်အပျက်တွေကလည်း “ဘုရားသခင့်နိုင်ငံတော် နီးနေပြီ” ဆိုတာ အတိအကျ ဖော်ပြတယ်။ အဲဒီအဖြစ်အပျက်တွေကို ကမ္ဘာအနှံ့မှာ မြင်တွေ့နေရပြီလား။ အထောက်အထားတွေကို လေ့လာကြည့်ပါ။

၁။ ကမ္ဘာစစ်ကြီးများ

၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့လို့ သမိုင်းပညာရှင်တွေက အဲဒီနှစ်ကို လူ့သမိုင်းရဲ့ အလှည့်အပြောင်းလို့ ရည်ညွှန်းလေ့ရှိတယ်။ စစ်ကြီးအတွင်းမှာ တင့်ကားတွေ၊ ဗုံးကြဲလေယာဉ်တွေ၊ စက်သေနတ်တွေ၊ အဆိပ်ဓာတ်ငွေ့တွေနဲ့ တခြားလူသတ်လက်နက်တွေကို စသုံးစွဲခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်မှာတော့ အနုမြူလက်နက်တွေ သုံးစွဲကြတယ်။ ၁၉၁၄ ခုနှစ်ကစပြီး တစ်နေရာမဟုတ် တစ်နေရာမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီစစ်ပွဲတွေကြောင့် လူတွေ သန်းနဲ့ချီ သေဆုံးကြရတယ်။

၂။ မြေငလျင်

နှစ်စဉ်နှစ်တိုင်း “ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေတဲ့” ငလျင် အကြိမ် ၁၀၀ လောက်လှုပ်တယ်လို့ ဗြိတိန်နီကာအကယ်ဒမစ်က ဆိုတယ်။ ၁၉၀၀ ပြည့်နှစ်ကစတဲ့ “မှတ်တမ်းတွေအရ နှစ်တိုင်းလိုလို အင်အားပြင်းငလျင် ၁၆ ကြိမ်လောက် လှုပ်ခဲ့တယ်” လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းတွေက ဖော်ပြတယ်။ ငလျင်တွေ ပိုများလာတာဟာ တိုင်းတာရေး ကိရိယာတွေ ပိုကောင်းလာလို့ ဖြစ်ပုံရတယ်ဆိုပြီး ပညာရှင်တချို့ ယူဆကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကမ္ဘာတစ်ဝန်းမှာ ငလျင်ကြီးတွေကြောင့် ဘေးဒုက္ခနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်။

၃။ အစာခေါင်းပါးမှု

စစ်၊ အကျင့်ပျက်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ရာသီဥတုဖောက်ပြန်တာကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းမှာ အစာခေါင်းပါးမှုတွေ ဖြစ်နေတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ “၂၀၁၈ ခုနှစ် မှတ်တမ်း” အရ “ကမ္ဘာတစ်ဝန်းမှာ ဝဝလင်လင် မစားရသူ ၈၂၁ သန်းရှိပြီး အဲဒီအထဲက ၁၂၄ သန်းကတော့ အလွန်ဆာလောင်နေကြတယ်” လို့ သိရတယ်။ နှစ်စဉ် ကလေး ၃.၁ သန်းဟာ အာဟာရချို့တဲ့လို့ သေဆုံးကြရတယ်။ ၂၀၁၁ ခုနှစ်အတွက်ဆိုရင် အဲဒါက ကမ္ဘာတစ်ဝန်း ကလေးသေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းပဲ။

၄။ ကပ်ရောဂါများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် စာစောင်တစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “၂၁ ရာစုမှာ ကပ်ရောဂါဆိုးတွေ ဖြစ်ပွားနေတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါနဲ့ ငန်းဝါအဖျားရောဂါတွေ တစ်ကျော့ပြန်ဖြစ်လာတယ်။ ဆားစ်ရောဂါ၊ ကူးစက်မြန် တုပ်ကွေးရောဂါ၊ မားစ်ရောဂါ၊ အီဘိုလာ၊ ဇီကာ စတဲ့ ရောဂါအသစ်အဆန်းတွေလည်း ပေါ်လာတယ်။” လောလောလတ်လတ် ကြုံထားရတာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါပါ။ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေဟာ ဖျားနာမှုတွေအကြောင်း အများကြီးသိကြပေမဲ့ ရောဂါအားလုံးကို ကုသနိုင်တဲ့နည်း ရှာမတွေ့နိုင်ကြသေးဘူး။

၅။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း

ယေရှုက နောက်ထပ် နိမိတ်တစ်ခုအကြောင်းလည်း ကြိုဟောခဲ့တယ်– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။” (မဿဲ ၂၄:၁၄) ကမ္ဘာပေါ်မှာ ဆိုးရွားလှတဲ့ ပြဿနာတွေ ဖြစ်ပွားနေပေမဲ့ နိုင်ငံတကာက လူရှစ်သန်းကျော်ဟာ နိုင်ငံနဲ့နယ်မြေပေါင်း ၂၄၀ မှာ ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကြေညာနေကြတယ်။ သမိုင်းတစ်လျှောက်မှာ ဒီလို တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။

နိမိတ်တွေရဲ့ အဓိပ္ပာယ်က ဘာလဲ

ယေရှု ပြောခဲ့တဲ့ နိမိတ်တွေအတိုင်း ဒီခေတ်မှာ တကယ်ဖြစ်နေပြီ။ အဲဒါတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ “ဒါတွေဖြစ်နေတာကို မြင်ရရင် ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိကြပါ” လို့ ယေရှု ပြောခဲ့လို့ပဲ။—လုကာ ၂၁:၃၁

မကြာခင် ကမ္ဘာပေါ်မှာ ဘုရားသခင့်အလိုတော် ပြည့်စုံလာအောင် နိုင်ငံတော်က လုပ်ဆောင်ပါလိမ့်မယ်

ယေရှုပြောခဲ့တဲ့ နိမိတ်တွေ၊ ကျမ်းစာ သက္ကရာဇ်စဉ်တွေကို လေ့လာလိုက်တဲ့အခါ ၁၉၁၄ ခုနှစ်မှာ ကောင်းကင်မှာ ဘုရားနိုင်ငံတော် တည်ထောင်ပြီဆိုတာ နားလည်ရတယ်။ a အဲဒီအချိန်မှာ ဘုရားသခင်က သားတော် ယေရှုခရစ်ကို ဘုရင်အဖြစ် နန်းတင်ခဲ့တယ်။ (ဆာလံ ၂:၂၊ ၄၊ ၆-၉) မကြာခင် ဘုရားနိုင်ငံတော်က ကမ္ဘာမြေကို အုပ်ချုပ်မယ်။ လူ့အစိုးရအားလုံးကို ဖယ်ရှားမယ်။ ကမ္ဘာမြေကို လူသားတွေ ထာဝစဉ်နေထိုင်ဖို့ ပရဒိသုဖြစ်အောင် လုပ်ပေးမယ်။

ယေရှု သင်ပေးခဲ့တဲ့ “နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုတဲ့ ဆုတောင်းချက် မကြာခင် ပြည့်စုံပါတော့မယ်။ (မဿဲ ၆:၁၀) ဒါဆိုရင် ဘုရားနိုင်ငံတော် ၁၉၁၄ ခုနှစ်မှာ စတင်အုပ်ချုပ်ချိန်ကစပြီး ဘာတွေ လုပ်ဆောင်နေသလဲ။ လူသားတွေအပေါ် အပြည့်အဝ အုပ်ချုပ်တဲ့အခါ ဘာတွေလုပ်ဆောင်ပေးမလဲ။

a ၁၉၁၄ ခုနှစ်အကြောင်း အသေးစိတ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၂ ကို ကြည့်ပါ။