မာတိကာဆီ ကျော်သွား

ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ

ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ငရဲ (ကျမ်းစာကို ရေးသားခဲ့တဲ့ ဘာသာစကားအရ “ရှီးအိုးလ်” နဲ့ “ဟေးဒီးစ်”) ဆိုတာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာနေရာကို ပြောတာမဟုတ်ပါဘူး။ သင်္ချိုင်းကို ဆိုလိုနေခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ။ လူဆိုး၊ လူကောင်း အားလုံးပါပဲ။ (ယောဘ ၁၄:၁၃; ဆာလံ ၉:၁၇) သေဆုံးသွားသူတွေ ရောက်ရှိနေတဲ့ ပုံဆောင်နေရာ ငရဲဟာ “အသက်ရှင်သောသူခပ်သိမ်းတို့ စုရုံးရာ” နေရာဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယောဘ ၃၀:၂၃သမ္မာ။

 ယေရှုတောင်မှ သေဆုံးသွားတဲ့အခါ ငရဲကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ “သင်္ချိုင်း [ငရဲ၊ The Bible in Basic English] ၌ စွန့်ပစ်တော်မူ” ခြင်းမခံခဲ့ရပါဘူး။ ကိုယ်တော့်ကို ဘုရားသခင် ထမြောက်စေခဲ့လို့ဖြစ်တယ်။—တမန်တော် ၂:၃၁၊ ၃၂

ငရဲမှာ ထာဝစဉ် နေရမှာလား

 ငရဲကို ရောက်သွားသူအားလုံး ပြန်ထွက်လာကြပါလိမ့်မယ်။ သူတို့အားလုံးကို ယေရှုက ဘုရားပေးတဲ့တန်ခိုးနဲ့ အသက်ပြန်ရှင်စေပါလိမ့်မယ်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အနာဂတ်မှာဖြစ်မယ့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဗျာဒိတ် ၂၀:၁၃ မှာ “သေခြင်းနှင့် ငရဲတို့လည်း သူတို့၌ရှိသော သေလွန်သူများကို လွှတ်ပေး” တယ်ဆိုပြီး ကြိုတင်ဖော်ပြထားတယ်။ (King James Version) ငရဲမှာရှိတဲ့ သေလွန်သူတွေအားလုံး ထွက်လာပြီးနောက်မှာ ငရဲဆိုတာ ရှိတော့မှာ မဟုတ်သလို ဘယ်သူမှလည်း ငရဲကို သွားရတော့မှာမဟုတ်ဘူး။ အကြောင်းကတော့ “သေခြင်း ရှိတော့မည်မဟုတ်” တော့လို့ပဲ။—ဗျာဒိတ် ၂၁:၃၊ ၄; ၂၀:၁၄

 ဒါပေမဲ့ လူအားလုံး ငရဲကို မသွားကြပါဘူး။ တချို့သူတွေဟာ အရမ်းကိုဆိုးယုတ်ပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) အဲဒီလိုလူတွေ သေဆုံးသွားတဲ့အခါ ငရဲကိုမဟုတ်ဘဲ ဂေဟင်နာကို ရောက်သွားမှာဖြစ်တယ်။ ဂေဟင်နာဆိုတာ ထာဝရပျက်စီးခြင်းရဲ့ အမှတ်သင်္ကေတ ဖြစ်တယ်။ (မဿဲ ၅:၂၉၊ ၃၀) ဥပမာ၊ ယေရှုက သူ့ခေတ်မှာရှိတဲ့ အရေခြုံဘာသာရေးခေါင်းဆောင်တချို့ဟာ ဂေဟင်နာကို ရောက်လိမ့်မယ်လို့ ဖော်ပြခဲ့တယ်။—မဿဲ ၂၃:၂၇–၃၃