မာတိကာဆီ ကျော်သွား

ပရောဖက်ပြုချက်ဆိုတာ ဘာလဲ

ပရောဖက်ပြုချက်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 ပရောဖက်ပြုချက်ဆိုတာ ဘုရားဆီကလာတဲ့ သတင်းစကား၊ ဗျာဒိတ် ဖြစ်တယ်။ ပရောဖက်တွေက “သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဒါကြောင့် ပရောဖက်ဆိုတာ ဘုရားဆီက သတင်းစကား ရရှိပြီး လူတွေကို ပြန်အသိပေး ကြေညာသူ ဖြစ်တယ်။​—တမန်တော် ၃:၁၈

ဘုရားဆီက သတင်းစကားကို ပရောဖက်တွေ ဘယ်လို ရရှိကြသလဲ

 ဘုရားသခင်က မိမိရဲ့အကြံအစည်တွေကို အောက်ပါနည်းတွေ သုံးပြီး ပရောဖက်တွေကို အသိပေးတယ်-

  •   အရေးအသား။ ပညတ်တော်ဆယ်ပါးကို ဘုရားကိုယ်တိုင် ရေးပြီး မောရှေဆီ ပေးအပ်ခဲ့တဲ့အတွက် ဒီနည်းကို အနည်းဆုံး တစ်ကြိမ်တစ်ခါ သုံးခဲ့တယ်။​—ထွက်မြောက်ရာ ၃၁:၁၈

  •   ကောင်းကင်တမန်တွေကတစ်ဆင့်။ ဥပမာ၊ အီဂျစ်ပြည်က ဖာရောကို မောရှေ ဘာတွေ ပြောရမလဲဆိုတာ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး သင်ပေးခဲ့တယ်။ (ထွက်မြောက်ရာ ၃:၂-၄၊ ၁၀) “ဒီစကားတွေကို ရေးမှတ်ထားပါ။ ဒီမှာပါတဲ့အတိုင်း မင်းနဲ့ရော အစ္စရေးလူမျိုးနဲ့ပါ ငါပဋိညာဉ် ဖွဲ့မယ်” ဆိုပြီး မောရှေကို ပြောတုန်းကလိုမျိုး တိကျတဲ့စကားလုံးတွေကို သုံးဖို့ အရေးကြီးတဲ့အခါ ကောင်းကင်တမန်ကို နှုတ်တိုက်ချပေးခိုင်းတယ်။​—ထွက်မြောက်ရာ ၃၄:၂၇ a

  •   စိတ်အာရုံများ။ ပရောဖက် နိုးနိုးကြားကြား၊ သတိရှိနေချိန်မှာ စိတ်အာရုံတွေ ပေးတတ်တယ်။ (ဟေရှာယ ၁:၁။ ဟဗက္ကုတ် ၁:၁) ဘယ်လောက် ပီပြင်သလဲဆိုရင် စိတ်အာရုံရသူပါ စိတ်အာရုံမှာ ပါဝင်နေတဲ့အထိပဲ။ (လုကာ ၉:၂၈-၃၆။ ဗျာဒိတ် ၁:၁၀-၁၇) စိတ်အာရုံရသူ မိန်းမောနေတုန်း မြင်ရတဲ့ စိတ်အာရုံလည်း ရှိတယ်။ (တမန်တော် ၁၀:၁၀၊ ၁၁။ ၂၂:၁၇-၂၁) ပရောဖက် အိပ်ပျော်နေတုန်း အိပ်မက်ပေးတာလည်း ရှိတယ်။​—ဒံယေလ ၇:၁။ တမန်တော် ၁၆:၉၊ ၁၀

  •   စိတ်မနောကို လမ်းညွှန်မှု။ ဘုရားသခင်က မိမိရဲ့ သတင်းစကားကို အသိပေးဖို့ ပရောဖက်ရဲ့ စိတ်မနောကို လမ်းညွှန်ပေးတယ်။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့” ဆိုတဲ့ စကားစုကို ယုဒသန်ကျမ်းက “ဘုရားသခင် မှုတ်သွင်း” လို့ ပြန်ဆိုထားတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင်က စွမ်းအားတော်ကို သုံးပြီး မိမိရဲ့ အကြံအစည်တွေကို မိမိရဲ့ ကျေးကျွန်တွေ စိတ်ထဲ “မှုတ်သွင်း” ပေးတယ်။ ဘုရားရဲ့ သတင်းစကား မှန်ပေမဲ့ ပရောဖက်တွေက စကားလုံး ရွေးချယ်ရတယ်။​—၂ ရှမွေလ ၂၃:၁၊ ၂

ပရောဖက်ပြုချက်တွေက အနာဂတ် ကြိုဟောချက်တွေချည်းပဲလား

 မဟုတ်ပါဘူး။ ကြိုဟောချက်ချည်းပဲ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားဆီက သတင်းစကားအများစုက အနာဂတ်နဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတတ်တယ်။ ဥပမာ၊ မကောင်းတဲ့ လမ်းစဉ် လိုက်ခဲ့ကြတဲ့ ရှေးအစ္စရေးတွေကို ပရောဖက်တွေ အကြိမ်ကြိမ် သတိပေးတယ်။ သတိပေးချက်တွေ လိုက်နာမယ်ဆိုရင် ကောင်းချီးခံစားရမယ်၊ မလိုက်နာရင် ဘေးဆိုးကြုံရမယ်ဆိုတဲ့ ဆင့်ဆိုချက်တွေပဲ။ (ယေရမိ ၂၅:၄-၆) ရလဒ်ကတော့ အစ္စရေးတွေရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်။​—တရားဟောရာ ၃၀:၁၉၊ ၂၀

ကြိုဟောချက် မဟုတ်တဲ့ ကျမ်းစာပရောဖက်ပြုချက်များ

  •   အစ္စရေးတွေ အော်ဟစ်အကူအညီတောင်းတဲ့ တစ်ခေါက်မှာ ဘုရားက ပရောဖက်တစ်ယောက် စေလွှတ်လိုက်တယ်။ ဘုရားရဲ့ မိန့်မှာချက်တွေကို အစ္စရေးတွေ မနာခံကြလို့ မကယ်ဘူးဆိုပြီး ပြောခိုင်းတယ်။​—တရားသူကြီး ၆:၆-၁၀

  •   ရှမာရိအမျိုးသမီးနဲ့ စကားပြောတဲ့အခါ ယေရှုက ဘုရားဖွင့်ပြမှသာ သိနိုင်မယ့် ရှမာရိအမျိုးသမီးရဲ့ နောက်ကြောင်းကို ပြောခဲ့တယ်။ အနာဂတ် ကြိုဟောချက်တစ်ခုမှ မပြောပေမဲ့လည်း ယေရှုကို ပရောဖက်အဖြစ် အသိအမှတ်ပြုခဲ့တယ်။​—ယောဟန် ၄:၁၇-၁၉

  •   ယေရှု စစ်ဆေးခံရချိန်မှာ ရန်သူတွေက သူ့မျက်နှာကို ဖုံးပြီး ရိုက်နှက်ကြတယ်။ ပြီးတော့ “မင်းကို ဘယ်သူ ရိုက်သလဲ ဟောစမ်းပါဦး” လို့ ပြောကြတယ်။ အနာဂတ် ဟောကိန်း ထုတ်ခိုင်းတာ မဟုတ်ဘဲ ဘယ်သူ ရိုက်သလဲဆိုတာ ဘုရားပေးတန်ခိုးနဲ့ ပြောခိုင်းတာ ဖြစ်တယ်။​—လုကာ ၂၂:၆၃၊ ၆၄

a စစချင်းမှာတော့ ဘုရားသခင်က မောရှေကို တိုက်ရိုက် ပြောနေတယ် ထင်ရပေမဲ့ မောရှေပညတ် ပဋိညာဉ်ကို ကောင်းကင်တမန်တွေကတစ်ဆင့် ပေးခဲ့ကြောင်း ကျမ်းစာ ဖော်ပြတယ်။​—တမန်တော် ၇:၅၃။ ဂလာတိ ၃:၁၉