မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ယောဟန် ၁၄:၂၇—“ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်”

ယောဟန် ၁၄:၂၇—“ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်”

 “ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်။ ငြိမ်သက်ခြင်းကို ပေးခဲ့မယ်။ ကျွန်တော်ပေးတဲ့ ငြိမ်သက်ခြင်းဟာ လောကပေးတဲ့ ငြိမ်သက်ခြင်းနဲ့ မတူဘူး။ ဒါကြောင့် ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။”—ယောဟန် ၁၄:၂၇ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။”—ယောဟန် ၁၄:၂၇။ ယုဒသန်ကျမ်း။

ယောဟန် ၁၄:၂၇ ရဲ့ အဓိပ္ပာယ်

 အခက်အခဲ ကြုံရတဲ့အခါ အစိုးရိမ်မလွန်ကြဖို့ တမန်တော်တွေကို ယေရှု အားပေးတဲ့ စကားတွေပါ။ ယေရှုလိုပဲ သူတို့လည်း ဘုရားသခင့် အကူအညီနဲ့ စိတ်ငြိမ်သက်မှု ရှိနိုင်ကြတယ်။

 တမန်တော်တွေအတွက် ယေရှု ထားခဲ့တဲ့ ငြိမ်သက်ခြင်းက ဘယ်လို ငြိမ်သက်ခြင်းမျိုးလဲ။ ကိုယ်တိုင်ခံစားရတဲ့ ငြိမ်သက်ခြင်းကို ယေရှု ထားခဲ့တာပါ။ ဒီငြိမ်သက်ခြင်းဟာ ပဋိပက္ခ မရှိတာ၊ ဘေးဒုက္ခ ကင်းတာကို မဆိုလိုဘူး။ (ယောဟန် ၁၅:၂၀။ ၁၆:၃၃) ယေရှုဟာ မတရား ဆက်ဆံခံရပြီး ကွပ်မျက်ခံရတာတောင် စိတ်ငြိမ်သက်မှု ရှိခဲ့တယ်။ (လုကာ ၂၃:၂၇၊ ၂၈၊ ၃၂-၃၄။ ၁ ပေတရု ၂:၂၃) အဖဘုရား ယေဟောဝါရဲ့ a မေတ္တာနဲ့ နှစ်သက်မှုကို ရထားကြောင်း သိနေတဲ့အတွက် စိတ်ငြိမ်သက်မှု ရှိနေခြင်း ဖြစ်တယ်။—မဿဲ ၃:၁၆၊ ၁၇

 ယေရှုက မိမိကော အဖဘုရားပါ တမန်တော်တွေကို ချစ်ပြီး နှစ်သက်ကြောင်း အာမခံခြင်းအားဖြင့် ငြိမ်သက်ခြင်းကို ထားခဲ့တယ်။ (ယောဟန် ၁၄:၂၃။ ၁၅:၉၊ ၁၀။ ရောမ ၅:၁) ယေရှုဟာ ဘုရားရဲ့သား ဖြစ်ကြောင်း ယုံကြည်ခြင်းအပေါ် အခြေခံတဲ့ ဒီငြိမ်သက်ခြင်းက ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို လျော့နည်းစေတယ်။ (ယောဟန် ၁၄:၁) ယေရှုက သူတို့နဲ့ အတူရှိမနေတော့ပေမဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းသော စွမ်းအားတော်က ယုံကြည်စိတ်ချမှု၊ စိတ်ငြိမ်သက်မှု ရှိစေမယ်။ (ယောဟန် ၁၄:၂၅-၂၇) ယေရှုရဲ့ နောက်လိုက်တွေဟာ ယေဟောဝါရဲ့ နှစ်သက်မှုနဲ့ ထောက်မမှု ရထားမှန်း သိနေတဲ့အတွက် အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်။—ဟီဘရူး ၁၃:၆

 ယေရှု ကမ္ဘာပေါ် ရှိခဲ့ချိန်က လူတွေ အချင်းချင်း တွေ့ဆုံတဲ့အခါ ငြိမ်သက်ခြင်း ရှိပါစေလို့ နှုတ်ခွန်းဆက်လေ့ရှိကြတယ်။ (မဿဲ ၁၀:၁၂) ဒါပေမဲ့ ယေရှုက မိမိရဲ့တမန်တော်တွေကို ငြိမ်သက်ခြင်း ရှိပါစေလို့ ဆန္ဒပြုရုံမဟုတ်ဘဲ ငြိမ်သက်ခြင်းကို ထားပေးခဲ့တာပါ။ ဒါ့အပြင် ယေရှုပေးတဲ့ ငြိမ်သက်ခြင်းက လောက bက ပေးနိုင်တဲ့ ငြိမ်သက်ခြင်းမှန်သမျှနဲ့ ကွာခြားပါတယ်။ လောကကတော့ ရင်းနှီးမှု၊ စည်းစိမ်၊ ကျော်ကြားမှု၊ ရာထူးတွေကတစ်ဆင့် ငြိမ်သက်ခြင်းအတော်အသင့် ပေးနိုင်တယ်။ ယေရှုရဲ့ ငြိမ်သက်ခြင်းကတော့ အပြင်ပန်း အခြေအနေပေါ် မမူတည်ဘူး။ ထာဝစဉ် တည်မြဲတဲ့ စိတ်ငြိမ်သက်မှုမျိုးပါ။

ယောဟန် ၁၄:၂၇ ရဲ့ အထက်အောက်စကား

 ယေရှုက မသေဆုံးခင်ညမှာ သစ္စာရှိ တမန်တော်တွေကို ဒီစကားတွေ ပြောခဲ့တာပါ။ သူတို့ကို ခွဲခွာသွားတော့မယ်လို့ အဲဒီညမှာ ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၃၊ ၃၆) တမန်တော်တွေ သိပ်ဝမ်းနည်းသွားတယ်။ (ယောဟန် ၁၆:၆) ဒါကြောင့် ယေရှုက မိမိခွဲခွာသွားပြီးနောက် ဘာတွေ ကြုံရမယ်ဆိုတာ တပည့်တွေ မစိုးရိမ်ဖို့ အခုလို အာမခံနေခြင်း ဖြစ်တယ်။

 ယေရှုရဲ့စကားက ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် အားရှိစရာပါပဲ။ ကျွန်တော်တို့လည်း ငြိမ်သက်ခြင်း ရှိနိုင်ကြတယ်။ (၂ သက်သာလောနိတ် ၃:၁၆) ကျွန်တော်တို့ဟာ ယေရှုတပည့် ဖြစ်လာချိန်မှာ ကျွန်တော်တို့ကို ယေရှုနဲ့ အဖဘုရား ယေဟောဝါ ချစ်မြတ်နိုးပြီး နှစ်သက်မှန်း သိလာတယ်။ (ကောလောသဲ ၃:၁၅။ ၁ ယောဟန် ၄:၁၆) ဒါကြောင့် အစိုးရိမ်လွန်နေစရာ မလိုဘူး။ အကြောင်းကတော့ ကျွန်တော်တို့ဘေးမှာ ဘုရားသခင် ရှိနေလို့ပါ။—ဆာလံ ၁၁၈:၆။ ဖိလိပ္ပိ ၄:၆၊ ၇။ ၂ ပေတရု ၁:၂

 ယောဟန်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

b ကျမ်းစာမှာ “လောက” ဆိုတဲ့ အသုံးအနှုန်းက ဘုရားသခင်နဲ့ စိမ်းကားကင်းကွာနေတဲ့ လူ့အဖွဲ့အစည်းကို ရည်ညွှန်းနိုင်တယ်။