မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏သော့ချက်များ

သားသမီးများကို ဆုံးမပဲ့ပြင်ခြင်း

သားသမီးများကို ဆုံးမပဲ့ပြင်ခြင်း

ဂျော်န်– * ကျွန်တော့်မိဘတွေက အမှားတစ်ခုခုအတွက် ကျွန်တော့်ကို အပြစ်မပေးခင် အဲဒီအမှားကို ကျွန်တော် ဘာလို့လုပ်သလဲဆိုတဲ့ အကြောင်းရင်းနဲ့ ပါဝင်ပတ်သက်နေတဲ့ အခြေအနေတွေကိုသိအောင် လုပ်ကြတယ်။ ဒါကြောင့် သမီးတွေကို ပဲ့ပြင်ပေးတဲ့အခါ ကျွန်တော့်မိဘတွေကို အတုယူဖို့ ကျွန်တော်ကြိုးစားတယ်။ ကျွန်တော့်ဇနီး အလာစန်ရဲ့ ဘဝနောက်ခံကတော့ ကျွန်တော်နဲ့မတူဘူး။ သူ့မိဘတွေက အခြေအနေတစ်ခုကို သေချာမဆန်းစစ်ဘဲ စိတ်လိုက်မာန်ပါဆုံးမတတ်တယ်။ လုပ်လိုက်တဲ့အမှားတစ်ခုနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေကို ထည့်မစဉ်းစားဘဲ သားသမီးတွေကို အပြစ်ပေး ဆုံးမလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော့်ဇနီးလည်း သားသမီးတွေကို စိတ်မြန်လက်မြန် အပြစ်ပေးတတ်တယ်။

ကယ်ရယ်လ်– အဖေက ကျွန်မငါးနှစ်အရွယ်မှာ ကျွန်မတို့မိသားစုကို စွန့်ပစ်သွားတယ်။ ကျွန်မကိုရော၊ ညီမလေးသုံးယောက်ကိုပါ လုံးဝဂရုမစိုက်ဘူး။ အမေက အတော်ရုန်းကန်ပြီး ကျွန်မတို့ကို ရှာဖွေကျွေးမွေးခဲ့ရတယ်။ ကျွန်မကတော့ ညီမလေးသုံးယောက်ကို ကြည့်ရှုပြုစုပေးရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတာဝန်ကို ယူရတဲ့အတွက် ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေကို မခံစားခဲ့ရဘူး။ ဒါကြောင့် ဒီနေ့အထိ ပျော်ပျော်မနေတတ်ဘဲ အမြဲလိုလို ခပ်တည်တည် ဖြစ်နေတယ်။ အခု ကျွန်မသားသမီးတွေကို ပဲ့ပြင်ဆုံးမဖို့ လိုအပ်လာတဲ့အခါ သူတို့ရဲ့ အမှားတွေအတွက် အရမ်းစိတ်ပူတတ်တယ်။ ဘာတွေများ စဉ်းစားတွေးခေါ်ပြီး ဒီလိုလုပ်လိုက်ရသလဲဆိုတာ သိပ်သိချင်တယ်။ ကျွန်မခင်ပွန်း မာ့ခ်ကတော့ အဲဒီလိုမဟုတ်ဘူး။ ဖြစ်ပြီးတဲ့ကိစ္စတွေအတွက် သိပ်ပြီး စိုးရိမ်မနေဘူး။ မေတ္တာရှိပြီး ပြတ်သားတဲ့အပြင် သူ့အမေကိုလည်း သစ္စာရှိရှိပေါင်းသင်းတဲ့ ဖခင်လက်အောက်မှာ သူ ကြီးပြင်းခဲ့ရတာကိုး။ ဒါကြောင့် သမီးတွေနဲ့ ပတ်သက်လာရင် ပြဿနာတွေကို မြန်မြန်ပဲ ဖြေရှင်းတတ်တယ်။ အမှားတစ်ခုကို ဆန်းစစ်ပြီး သူတို့ကို ဆုံးမတယ်၊ ပြီးတဲ့နောက် အဲဒီအကြောင်း လုံးဝမစဉ်းစားတော့ဘူး။

သင် ကြီးပြင်းလာပုံသည် သားသမီးများကို ပဲ့ပြင်ဆုံးမပုံအပေါ် အကြီးအကျယ် သြဇာသက်ရောက်နိုင်ကြောင်း ဂျော်န်နှင့် ကယ်ရယ်လ်တို့၏ မှတ်ချက်များက ဖော်ပြနေသည်။ ခင်ပွန်းနှင့် ဇနီး၏ မိသားစုနောက်ခံများ မတူပါက သားသမီးများကို သွန်သင်လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ သူတို့၏အမြင်များလည်း အလွန် ကွဲပြားတတ်သည်။ ထိုကွဲပြားမှုများက တစ်ခါတစ်ရံ မိသားစုပြဿနာများကို ပေါ်ပေါက်စေနိုင်သည်။

မိဘများ ပင်ပန်းနွမ်းနယ်နေချိန်တွင် ပြဿနာများ ပိုကြီးထွားလာနိုင်သည်။ သားသမီးများကို ပဲ့ပြင်ဆုံးမခြင်းသည် အလွန်ပင်ပန်းပြီး အချိန်ပြည့်အလုပ်ဖြစ်ကြောင်း မိဘအသစ်စက်စက်များ မကြာမီသိလာကြသည်။ ခင်ပွန်းဒယ်ရန်နှင့်အတူ သမီးနှစ်ဦးကို မွေးမြူပြုစုခဲ့သော ဂျုံးက ဤသို့ဆို၏– “သမီးတွေကို ကျွန်မချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မအိပ်ရာဝင်စေချင်တဲ့ အချိန်မှာ သူတို့မအိပ်ချင်ကြဘူး။ သူတို့အိပ်နေသင့်တဲ့ အချိန်မှာကျတော့ နိုးနေကြတယ်။ ကျွန်မ စကားပြောချင်တဲ့အချိန်မှာ အမြဲ ကြားဖြတ်တယ်။ ဖိနပ်၊ အဝတ်နဲ့အရုပ်တွေက ပွနေတာပဲ၊ စားပြီးသား အစာတွေကိုလည်း ဘယ်တော့မှ ပြန်မသိမ်းဘူး။”

ဒုတိယကလေး မွေးပြီးနောက် မီးတွင်းစိတ်ကျဝေဒနာ ခံစားနေရသော ဇနီးရှိသူ ဂျက် ဤသို့ဆို၏– “အလုပ်ကနေ အမြဲလိုလို ပင်ပန်းပြီး အိမ်ပြန်လာတယ်။ ညရောက်လို့ အိပ်တော့လည်း မွေးကင်းစကလေးကြောင့် ညတစ်ဝက်မှာ ကျွန်တော်တို့ နိုးရတယ်။ ဒါကြောင့် သမီးအကြီးကိုလည်း ကောင်းကောင်း မဆုံးမနိုင်တော့ဘူး။ သမီးအငယ်ကို ဂရုစိုက်တာမြင်တော့ သူ မနာလိုဖြစ်လာတယ်။”

မောပန်းနေသော မိဘများသည် ကလေးတစ်ဦးကို မည်သို့ ဆုံးမသွန်သင်ရမည်နှင့်ပတ်သက်၍ စကားများနေပါက ပြဿနာ သေးသေးလေးမှာ ကြီးမားသွားနိုင်သည်။ သဘောထားကွဲလွဲမှုများကို မဖြေရှင်းပါက မောင်နှံစုံကို စိတ်ဝမ်းကွဲစေနိုင်သည့်အပြင် မိမိအလိုရှိရာကို ရဖို့ မိဘတစ်ဦးဦးကို မလိမ့်တပတ်လုပ်ရန် ကလေးအား လမ်းဖွင့်ပေးရာ ရောက်သည်။ သားသမီးများကို ထိရောက်စွာ ဆုံးမသွန်သင်ရင်း တစ်ချိန်တည်းတွင် ခိုင်မြဲသောအိမ်ထောင်နှောင်ကြိုး စည်းနှောင်နေစေရန် အဘယ်ကျမ်းစာမူများက ကူညီပေးနိုင်သနည်း။

အိမ်ထောင်အတွက် အချိန်ပေးပါ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သားသမီးများ မမွေးဖွားမီကပင် အိမ်ထောင်ပြုပြီး ဖြစ်ရန်၊ သားသမီးများ အိမ်မှခွဲထွက်သွားပြီးနောက်အထိ သေတစ်ပန်သက်ဆုံး ပေါင်းသင်းနေရန် ဘုရားသခင် ရည်ရွယ်တော်မူသည်။ အိမ်ထောင် အနှောင်အဖွဲ့နှင့်ပတ်သက်၍ ကျမ်းစာက “ဘုရားသခင် တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဟုဆို၏။ (မဿဲ ၁၉:၆) ယင်းနှင့် ဆန့်ကျင်လျက် ကလေးတစ်ဦးအတွက်မူ နောက်ဆုံးတွင် “မိဘကိုစွန့်ခွာ” သွားရန် ဘုရားသခင်ရည်ရွယ်သည်ဟု ထိုအခန်းကြီးတွင်ပင် ဖော်ပြသည်။ (မဿဲ ၁၉:၅) ထို့ကြောင့် သားသမီးများကို ပြုစုပျိုးထောင်ခြင်းသည် အိမ်ထောင်၏ ကဏ္ဍတစ်ရပ်သာဖြစ်ပြီး အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေသည့် အဓိကအကြောင်းရင်း မဟုတ်ပေ။ မိဘများသည် သားသမီးများကို သွန်သင်လေ့ကျင့်ရန် အချိန်ပေးရသည်မှာ မှန်ပါသည်။ သို့သော် အိမ်ထောင်နှောင်ကြိုး ခိုင်မာနေခြင်းက ထိုသို့သွန်သင်လေ့ကျင့်ရန် အကောင်းဆုံး အုတ်မြစ်ဖြစ်သည်ကို အမြဲအမှတ်ရသင့်သည်။

သားသမီးများကို မွေးမြူပြုစုသည့် နှစ်များအတွင်း မောင်နှံစုံများအား အိမ်ထောင်နှောင်ကြိုး ခိုင်မာနေစေသည့် နည်းတစ်နည်းကား အဘယ်နည်း။ သားသမီးများမပါဘဲ အတူတကွ အသုံးပြုရန် အတတ်နိုင်ဆုံး ပုံမှန်အချိန် ဖယ်ထားပါ။ သို့ဖြင့် အရေးကြီးသော မိသားစုကိစ္စများကို ဆွေးနွေးနိုင်ပြီး တူနှစ်ကိုယ်ရှိနေရခြင်း၏ ကြည်နူးမှုကို ခံစားနိုင်ပါလိမ့်မည်။ သို့သော် မောင်နှံစုံများအနေဖြင့် မိမိတို့နှစ်ဦးတည်းအတွက် အချိန်သီးသန့်ဖယ်ထားရန်မှာ မလွယ်ကူပေ။ အစောပိုင်းတွင် ဖော်ပြခဲ့သောမိခင် အလာစန် ဤသို့ဆို၏– “ကျွန်မနဲ့ ကျွန်မခင်ပွန်း အတူရှိနေဖို့ ခဏလေးအချိန်ရပြီလို့ ထင်တဲ့အခါ သမီးအငယ်ဆုံးက သူ့ကိုပဲ ဂရုစိုက်စေချင်တယ်၊ ခြောက်နှစ်သမီးကတော့ ပုံဆွဲခဲတံ ပျောက်တာ၊ အဲဒီလို တခြားအရာတွေကြောင့် ‘ကမ္ဘာပျက်’ နေတတ်တယ်။”

အစောပိုင်းတွင် ဖော်ပြခဲ့သော ဂျုံးနှင့် ဒယ်ရန်သည် သမီးများအတွက် အိပ်ရာဝင်ချိန် သတ်မှတ်ပေးခြင်းဖြင့် မိမိတို့နှစ်ဦးတည်းအတွက် အချိန်ရအောင် ပြုလုပ်ကြသည်။ “သတ်မှတ်ထားတဲ့အချိန်မှာ သမီးတွေက မဖြစ်မနေ ‘မီးမှိတ်’ ပြီး အိပ်ရာဝင်ကြရတယ်။ အဲဒါက ဒယ်ရန်နဲ့ကျွန်မတို့ နားနားနေနေနဲ့ အတူစကားပြောဖို့ အချိန်ရစေတယ်” ဟု ဂျုံးပြောပြသည်။

သားသမီးများ၏ ပုံမှန်အိပ်ရာဝင်ချိန်ကို သတ်မှတ်ပေးခြင်းဖြင့် မောင်နှံစုံသည် မိမိတို့အတွက် အချိန်ဝယ်ယူနိုင်ရုံမျှမက ကလေးကိုလည်း “ကိုယ်ကို ထင်သင့်သည်ထက် လွန်၍မထင်” ရန် ကူညီပေးနိုင်သည်။ (ရောမ ၁၂:၃) နောက်ဆုံး၊ အိပ်ရာဝင်ချိန်ကို လေးစားစွာ လိုက်နာရန် လေ့ကျင့်ခံရသော သားသမီးများသည် အိမ်ထောင်တွင် သူတို့သာ အရေးကြီးဆုံး မဟုတ်ကြောင်း၊ မိသားစုစည်းမျဉ်းများကို သူတို့အကြိုက် လိုက်စေမည့်အစား သူတို့က မိသားစုစည်းမျဉ်းများကို လိုက်နာရန်ဖြစ်ကြောင်း သဘောပေါက်လာကြသည်။

ဤအရာကို ကြိုးစားကြည့်ပါ– ပုံမှန်အိပ်ရာဝင်ချိန်ကို သတ်မှတ်ပေးပြီး ယင်းအတိုင်း တစ်သမတ်တည်း လိုက်နာစေပါ။ ရေတစ်ခွက်သောက်ချင်သည် စသည်ဖြင့် မအိပ်ရန် အကြောင်းပြပါက တောင်းဆိုမှုတစ်ခုကို သင် လိုက်လျောနိုင်ပါသည်။ သို့သော် တစ်ခုပြီးတစ်ခု တောင်းဆိုနေခြင်းဖြင့် အိပ်ချိန်ကို လုံးဝရွှေ့လိုက်ရန် ခွင့်မပြုပါနှင့်။ နောက်ငါးမိနစ်ခန့် အချိန်ပေးရန် သင့်ကလေး တောင်းပန်ပါက သူ၏ဆန္ဒကို လိုက်လျောနိုင်သည်။ သို့သော် နောက်ငါးမိနစ်အတွက် နှိုးစက်နာရီကို သံပတ်ပေးထားပါ။ နှိုးစက်သံ မြည်လာပါက နောက်ထပ် မည်သည့်အကြောင်းပြချက်ကိုမျှ မလိုက်လျောတော့ဘဲ အိပ်ရာဝင်စေပါ။ သင်၏စကားအား “အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေ” ပါ။ —မဿဲ ၅:၃၇

ကလေးများရှေ့တွင် သင်တို့၏စည်းလုံးမှုကို အမြဲပြသပါ

“ငါ့သား အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်” ဟု ပညာရှိစကားတစ်ခုက ဆိုသည်။ (သု. ၁:၈) ထိုအခန်းငယ်က မိဘနှစ်ပါးစလုံးသည် သားသမီးများအပေါ် အခွင့်အာဏာရှိကြောင်း ဖော်ပြသည်။ သို့သော် ဆင်တူသော မိသားစုနောက်ခံရှိသည့် မောင်နှံစုံများပင် သားသမီးများကို မည်သို့ ဆုံးမပဲ့ပြင်သင့်ကြောင်း၊ အခြေအနေတစ်ခုတွင် မည်သည့် မိသားစုစည်းကမ်းများ ထုတ်သင့်ကြောင်းတို့နှင့်ပတ်သက်၍ သဘောထားကွဲလွဲနိုင်သည်။ ထိုအခက်အခဲကို မိဘများ မည်သို့ဖြေရှင်းနိုင်သနည်း။

အထက်တွင်ဖော်ပြသော ဂျော်န်က “ကလေးတွေရှေ့မှာ စကားမများမိဖို့ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်” ဟုပြောသည်။ သို့သော် ကလေးများရှေ့တွင် မိမိတို့၏ စည်းလုံးမှုကို ပြသရန်ဟူသည် အလုပ်ထက် အပြောက အလွန်လွယ်ကြောင်း သူဝန်ခံသည်။ “ကလေးတွေက အရိပ်အခြည်ကို အရမ်း နားလည်တတ်တယ်။ သူတို့ရှေ့မှာ စကားမများတာတောင် ကျွန်တော်တို့ရဲ့ ခံစားချက်ကို ချက်ချင်း ကောက်နိုင်တယ်” ဟု ဂျော်န်ပြောသည်။

ဂျော်န်နှင့် အလာစန်သည် ထိုအခက်အခဲကို မည်သို့ ဖြေရှင်းခဲ့သနည်း။ အလာစန် ဤသို့ဆို၏– “သမီးကို ကျွန်မခင်ပွန်း ဆုံးမပဲ့ပြင်တဲ့ပုံကို ကျွန်မ မကြိုက်တဲ့အခါမျိုးမှာ သမီး မရှိတော့တဲ့အချိန်အထိ စောင့်ပြီးမှ ကျွန်မရဲ့ သဘောထားကို ပြောပြလေ့ရှိတယ်။ ကျွန်မတို့ရဲ့ သဘောထားကွဲလွဲမှုကို နင်းပြီး ကျွန်မတို့ကို ‘သွေးခွဲ အောင်မြင်နိုင်’ မယ်လို့ သူ့ကို မထင်စေချင်ဘူး။ ကျွန်မတို့ စကားများတာကို သူသိသွားတဲ့အခါမျိုးမှာ ကျွန်မက မိသားစုဝင်ယောက်တိုင်းဟာ ယေဟောဝါရဲ့အစီအစဉ်ကို လက်အောက်ခံရမယ်၊ သမီးက မိဘတွေရဲ့အခွင့်အာဏာကို လက်အောက်ခံသင့်သလို အမေလည်း သမီးအဖေရဲ့ ဦးဆောင်မှုကို လိုလိုလားလား လက်အောက်ခံတယ်ဆိုပြီး သူ့ကို ပြောပြတယ်။” (၁ ကောရိန္သု ၁၁:၃; ဧဖက် ၆:၁-၃) ဂျော်န်ကလည်း ဤသို့ဆို၏– “မိသားစုလိုက် အတူရှိနေတဲ့အခါမျိုးမှာ သမီးတွေကို ကျွန်တော်ကပဲ ဆုံးမပဲ့ပြင်တာ များတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုကို အလာစန်က ပိုသိတဲ့အခါမျိုးမှာတော့ သူ့ကို ဆုံးမပဲ့ပြင်ခိုင်းပြီး သူပြောတာကို ကျွန်တော် ထောက်ခံပေးတယ်။ တစ်ခုခုနဲ့ပတ်သက်လို့ ကျွန်တော် မကြိုက်တာရှိရင် သူနဲ့ကျွန်တော် နောက်ပိုင်းမှာ ပြန်ဆွေးနွေးကြတယ်။”

သားသမီး ထိန်းကျောင်းခြင်းနှင့်ပတ်သက်သည့် သဘောထား ကွဲလွဲမှုများကြောင့် သင်နှင့် သင့်အိမ်ထောင်ဖက် စိတ်နာကြည်းကာ သားသမီးများ၏လေးစားမှု ပျောက်ဆုံးသွားသည့် အဖြစ်မျိုးကို မည်သို့ ရှောင်ရှားနိုင်မည်နည်း။

ဤအရာကို ကြိုးစားကြည့်ပါ– သားသမီး ထိန်းကျောင်းသည့်ကိစ္စများကို ပတ်စဉ် ဆွေးနွေးရန် ပုံမှန်အချိန် ဖယ်ထားပါ။ သင် သဘောမတူသည့် မည်သည့်အရာကိုမဆို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ သင့်အိမ်ထောင်ဖက်၏ အမြင်ကို နားလည်ရန် ကြိုးစားပါ။ သင့် အိမ်ထောင်ဖက်တွင်လည်း သားသမီးများနှင့် သီးသန့် ဆက်ဆံရေးရှိသည် ဟူသောအချက်ကို လေးစားပါ။

သားသမီးများကို မွေးမြူပြုစုရင်း ပို၍ ရင်းနှီးတွယ်တာလာပါ

သားသမီးထိန်းကျောင်းခြင်းသည် ခက်ခဲသောအလုပ် ဖြစ်သည်။ တစ်ခါတစ်ရံ ယင်းသည် အလွန်အချိန်ကုန် လူပန်းဖြစ်စေပုံ ရသည်။ သို့သော် မကြာမီ သင့်သားသမီးများ အိမ်မှ ခွဲထွက်သွားချိန်တွင် သင်တို့နှစ်ဦးသည် ဇနီးမောင်နှံအဖြစ် ပို၍ရင်းနှီးမှု ခံစားလာရပါလိမ့်မည်။ သားသမီးများကို မွေးမြူပြုစုသည့် အတွေ့အကြုံများကြောင့် သင်တို့၏ အိမ်ထောင်နှောင်ကြိုး ပို၍ခိုင်မာလာမည်လော သို့မဟုတ် အလွန် လျော့ရဲသွားမည်လော။ အဖြေမှာ ဤကျမ်းစာမူကို သင်တို့ မည်မျှကောင်းစွာ ကျင့်သုံးသည်ဟူသည့် အချက်အပေါ် မူတည်ပါလိမ့်မည်– “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကိုရတတ်၏။ [အဖော်]တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။”—ဒေ. ၄:၉၊ ၁၀

မိဘများသည် အဖော်အဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ပါက ရလဒ်မှာ အလွန်ကျေနပ်စရာ ကောင်းပေမည်။ အစပိုင်းတွင် ကိုးကားထားသော ကယ်ရယ်လ်သည် သူ၏ခံစားချက်ကို ဤသို့ဖော်ပြ၏– “ကျွန်မခင်ပွန်းမှာ အရည်အသွေးကောင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ သားသမီးတွေကို နှစ်ယောက်အတူ မွေးမြူပြုစုရင်း တခြားအရည်အသွေးကောင်းတွေကိုလည်း ထပ်သိလာတယ်။ သမီးတွေကို မေတ္တာပါပါ ဂရုစိုက်ပုံကို ကြည့်ရင်း သူ့ကို ပိုချစ်လာပြီး ပိုလေးစားလာတယ်။” အလာစန်နှင့်ပတ်သက်၍ ဂျော်န်ကလည်း “ဂရုစိုက်တတ်တဲ့ မိခင်တစ်ယောက်အဖြစ် ကျွန်တော့်ဇနီး တိုးတက်လာတာကို ကြည့်ရင်း သူ့ကို ပိုချစ်မြတ်နိုးလာပြီး ပိုလေးစားမိတယ်” ဟု ပြောပြသည်။

သင်သည် သားသမီးများကို မွေးမြူပြုစုချိန်များအတွင်း သင့် အိမ်ထောင်ဖက်အတွက် အချိန်ဖယ်ထားပြီး တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်ပါက သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ သင်တို့၏ အိမ်ထောင်ရေးလည်း ပိုခိုင်မာလာပါလိမ့်မည်။ သားသမီးများအတွက် အကောင်းဆုံး ပုံသက်သေကို သင်တို့ ချမှတ်နိုင်ပြီတကား။

^ အပိုဒ်၊ 3 အမည်များပြောင်းထားသည်။

မိမိကိုယ်ကိုမေးပါ . . .

  • သားသမီးတွေမပါဘဲ ငါနဲ့ငါ့အိမ်ထောင်ဖက် နှစ်ယောက်တည်း တစ်ပတ်ကို အချိန်ဘယ်လောက် အသုံးပြုလေ့ရှိသလဲ။

  • ငါ့အိမ်ထောင်ဖက်က သားသမီးတွေကို ဆုံးမပဲ့ပြင်နေတဲ့အခါ ဘယ်နည်းနဲ့ သူ့ကို ငါထောက်မသလဲ။