မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်ကို သင်လက်ခံမလား

ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်—ဘာကြောင့် အလွန်အဖိုးတန်

ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်—ဘာကြောင့် အလွန်အဖိုးတန်

အချက်လေးချက် ပါဝင်နိုင်တယ်– (၁) အဲဒီလက်ဆောင်ကို ဘယ်သူက ပေးတယ်၊ (၂) ဘာလို့ ပေးတယ်၊ (၃) အဲဒီလက်ဆောင်ပေးဖို့ ဘာတွေ စွန့်လွှတ်အနစ်နာခံ ခဲ့ရတယ်၊ (၄) လက်ဆောင်ဟာ တကယ့် လိုအပ်ချက်ကို ဖြည့်ဆည်းပေး၊ မပေးဆိုတဲ့ အချက်တွေပဲ။ အဲဒီအချက်တွေကို သုံးသပ်တာက ဘုရားပေး အကောင်းဆုံး လက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာအောင် ကူညီပေးနိုင်တယ်။

ဘယ်သူပေးတာလဲ

တချို့လက်ဆောင်တွေဟာ သြဇာအာဏာရှိသူ၊  အထင်ကြီးလေးစားသူ ပေးတဲ့လက်ဆောင်ဖြစ်လို့ တန်ဖိုးရှိတယ်။ တချို့လက်ဆောင်ကျတော့ သိပ်တန်ဖိုးမရှိပေမဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေရင်းချာတစ်ဦး ပေးတာဖြစ်လို့ အမြတ်တနိုး ထားတတ်ကြတယ်။ ရှေ့ဆောင်းပါးမှာပါတဲ့ ဂျော်ဒန်ကို ရပ်စယ်လ်ပေးတဲ့ လက်ဆောင်လိုမျိုးပေါ့။ ဒါဟာ ရွေးနုတ်ဖိုးလက်ဆောင်နဲ့ ဘယ်လို သက်ဆိုင်သလဲ။

ဦးဆုံး၊ “သားတော်အားဖြင့် ငါတို့အသက်ရန် ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူပြီ” လို့ ကျမ်းစာပြောတယ်။ (၁ ယောဟန် ၄:၉) အဲဒီအချက်ကြောင့် ရွေးနုတ်ဖိုးလက်ဆောင်ဟာ အလွန်အဖိုးတန်တယ်။ ဘုရားသခင်ထက် သြဇာအာဏာရှိသူ တစ်ယောက်မှ မရှိဘူး။ ဆာလံကျမ်းရေးတဲ့ ဟီဘရူးတစ်ဦးက ဘုရားသခင်နဲ့ပတ်သက်ပြီး ‘ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်တယ်’ လို့ရေးခဲ့တယ်။ (ဆာလံ ၈၃:၁၈ကဘ) ရွေးနုတ်ဖိုးဟာ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဆီက ကျွန်တော်တို့ရတဲ့ လက်ဆောင်ပဲ။

ဒုတိယ၊ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ‘ဖခင်ပါ။’ (ဟေရှာယ ၆၃:၁၆) ဘယ်လိုနည်းနဲ့လဲ။ ကိုယ်တော်ဟာ ကျွန်တော်တို့ကို အသက်ပေးထားတယ်။ အဲဒီအပြင် မေတ္တာရှိတဲ့ဖခင်လိုပဲ ကျွန်တော်တို့ကို အမြဲကြည့်ရှုစောင့်ရှောက်တယ်။ ဘုရားသခင်ဟာ ရှေးခေတ်က မိမိရဲ့လူမျိုးဖြစ်တဲ့ ဧဖရိမ်လူတချို့နဲ့ပတ်သက်ပြီး “ဧဖရိမ်ဟာ ငါ့ရဲ့သားရတနာ၊ ငါ့ရဲ့အချစ်ဆုံးသား မဟုတ်လား။ . . . ငါ့ရင်ထဲမှာ သူ့အတွက် ဗလောင်ဆူနေတယ်။ သူ့ကို တကယ် ကရုဏာသက်မိတယ်” လို့ပြောတယ်။ (ယေရမိ ၃၁:၂၀ကဘ) အခုခေတ် မိမိကိုကိုးကွယ်သူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘုရားသခင် အဲဒီလိုပဲ ခံစားရတယ်။ ကိုယ်တော်ဟာ တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်ဖြစ်ရုံမက ကျွန်တော်တို့ရဲ့ ဖခင်နဲ့ မိတ်ဆွေလည်း ဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်ဆီကရတဲ့ လက်ဆောင်ဟာ အလွန်တန်ဖိုးရှိတယ် မဟုတ်လား။

ဘာလို့ပေးတာလဲ

တချို့လက်ဆောင်တွေဟာ တာဝန်အရ  ပေးတာမဟုတ်ဘဲ  မေတ္တာစစ်ကြောင့် ပေးတာဖြစ်လို့ တန်ဖိုးရှိတယ်။ စိတ်ရင်းစေတနာနဲ့ ပေးတဲ့သူဟာ တစ်ခုခုပြန်ရဖို့ မမျှော်လင့်ဘူး။

ဘုရားသခင်ဟာ  ကျွန်တော်တို့ကိုချစ်လို့  ကျွန်တော်တို့အတွက်  သားတော်ကို ပေးခဲ့တယ်။ “ဤနည်းဖြင့် ဘုရားသခင်၏မေတ္တာသည် ငါတို့တွင် ထင်ရှား၏။ . . . ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူပြီ” လို့ ကျမ်းစာပြောတယ်။ ဘာအတွက် စေလွှတ်တာလဲ။ ‘သားတော်အားဖြင့် ကျွန်တော်တို့ အသက်ရဖို့’ ဖြစ်တယ်။ (၁ ယောဟန် ၄:၉) အဲဒီလိုလုပ်ဖို့ ဘုရားသခင်မှာ တာဝန်ရှိသလား။ မရှိပါဘူး။ ဘုရားက “မဟာကရုဏာတော်” ကြောင့် “ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုး” ကိုပေးခဲ့တာ ဖြစ်တယ်။—ရောမ ၃:၂၄

ဘုရားသခင်ဟာ “မဟာကရုဏာတော်” ကြောင့် အဲဒီလက်ဆောင်ကို ပေးခဲ့တာလို့ ဘာကြောင့် ပြောရတာလဲ။ “ငါတို့သည် အပြစ်သား ဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏” လို့ ကျမ်းစာမှာ ရှင်းပြတယ်။ (ရောမ ၅:၈) ကိုယ်ကျိုးငဲ့တဲ့ မေတ္တာကြောင့် ဘုရားသခင်ဟာ အားနည်းပြီး အကူအညီမဲ့နေတဲ့ အပြစ်ရှိလူသားတွေရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့တယ်။ အဲဒီမေတ္တာကို ကျွန်တော်တို့ရထိုက်လို့ မဟုတ်ဘူး၊ အဲဒီတွက် ပြန်ပေးဆပ်နိုင်မှာလည်း မဟုတ်ဘူး။ အဲဒီလက်ဆောင်ဟာ သမိုင်းတစ်လျှောက်မှာ အကြီးမြတ်ဆုံး မေတ္တာဖော်ပြချက်ပဲ။

ဘာတွေ စွန့်လွှတ်အနစ်နာခံ ခဲ့သလဲ

တချို့လက်ဆောင်တွေဟာ ပေးတဲ့သူဘက်က  အကြီးအကျယ်  စွန့်လွှတ် အနစ်နာခံရတာဖြစ်လို့ အဖိုးတန်တယ်။ တစ်ယောက်ယောက်က  သူ  အလွန်တန်ဖိုးထားတဲ့ရာကို  စွန့်လွှတ်အနစ်နာခံပြီး  လိုလိုလားလား  ပေးတယ်ဆိုရင် အဲဒီလက်ဆောင်ကို ကျွန်တော်တို့ အမြတ်တနိုး ထားတတ်ကြတယ်။

ဘုရားသခင်က “တစ်ပါးတည်းသောသားတော်” ကို ပေးခဲ့တယ်။ (ယောဟန် ၃:၁၆) ဘုရားက အချစ်ရဆုံးသူကို ကျွန်တော်တို့အတွက် ပေးခဲ့တာ။ စကြဝဠာကို ဘုရားသခင် ဖန်ဆင်းချိန် နှစ်သန်းပေါင်းများစွာအတွင်း ယေရှုဟာ ဘုရားနဲ့အတူ လုပ်ဆောင်ရင်း ဘုရား “ချစ်မြတ်နိုး” သူဖြစ်လာတယ်။ (သုတ္တံ ၈:၃၀ကဘ) ယေရှုဟာ “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်၊” ‘ချစ်ရတဲ့သားတော်’ ဖြစ်တယ်။ (ကောလောသဲ ၁:၁၃-၁၅) အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေထဲမှာ သူတို့နှစ်ဦးလောက် သံယောဇဉ်နှောင်ကြိုး ခိုင်မြဲတာ မရှိနိုင်တော့ဘူး။

ဘုရားသခင်ဟာ ‘သားတော်ရင်းကိုတောင် မချန်ဘဲ’ ပေးခဲ့တယ်။ (ရောမ ၈:၃၂) ယေဟောဝါဟာ အချစ်ရဆုံးသူကို ကျွန်တော်တို့အတွက် ပေးခဲ့တာဖြစ်လို့ ဒီထက် စွန့်လွှတ်အနစ်နာခံရတဲ့ လက်ဆောင်မျိုး မရှိနိုင်ဘူး။

အရေးတကြီး လိုအပ်ရာကို ဖြည့်ဆည်းပေး

တချို့လက်ဆောင်တွေဟာ တကယ့်လိုအပ်ရာ၊ အရေးတကြီး လိုအပ်ရာကို ဖြည့်ဆည်းပေးတဲ့အတွက်  တန်ဖိုးရှိတယ်။ ဥပမာ၊ သင် အသက်အန္တရာယ်ကြုံနေချိန်မှာ သင်မတတ်နိုင်တဲ့ ဆေးကုသစရိတ်ကို တစ်ယောက်ယောက်က စေတနာနဲ့ ကျခံပေးမယ်ဆိုရင် ဘယ်လောက် ကျေးဇူးတင်လိုက်မလဲ။ အဲဒါဟာ တန်ဖိုးဖြတ်ရတဲ့ လက်ဆောင်ပဲ မဟုတ်လား။

“လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၂) အာဒံရဲ့သားမြေးတွေဖြစ်တဲ့ ကျွန်တော်တို့အားလုံးဟာ “သေဆုံးကြရ” တယ်။ ဖျားနာမှုနဲ့ သေခြင်း အချုပ်အနှောင်ကနေ မလွတ်မြောက်နိုင်သလို ဘုရားနဲ့ ပြန်လည်သင့်မြတ်ပြီး အပြစ်ကင်းတဲ့အခြေအနေရောက်အောင် မစွမ်းဆောင်နိုင်ဘူး။ နိမ့်ကျတဲ့ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်ရော တခြားသူကိုပါ “အသက်ရှင်” အောင် မလုပ်ပေးနိုင်ဘူး။ “သူတို့တစ်ယောက်မှ ကိုယ့်ညီအစ်ကိုကို မရွေးနိုင်ဘူး။ ညီအစ်ကိုအတွက် ရွေးဖိုးကို ဘုရားသခင်ဆီ မပေးနိုင်ဘူး။ . . . သူတို့ ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်ဘူး” လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၄၉:၇၊ ၈ကဘ) ရွေးဖိုးပေးဖို့ ကျွန်တော်တို့ မတတ်နိုင်တဲ့အတွက် အရေးတကြီး အကူအညီလိုနေတယ်။ အဲဒါမှမရရင် ကျွန်တော်တို့ရဲ့အခြေအနေဟာ ကူကယ်ရာမဲ့ ဖြစ်နေမယ်။

မေတ္တာကြီးမားတဲ့ ယေဟောဝါဟာ ကျွန်တော်တို့အသက်ကို ကယ်တင်ဖို့ လိုအပ်တဲ့ “ဆေးကုသမှု” အတွက် စေတနာနဲ့ ကျခံပေးခဲ့တယ်။ ယေရှုအားဖြင့် ‘လူအားလုံး အသက်ရှင်’ နိုင်ဖို့ပဲ။ ဒါကို ရွေးနုတ်ဖိုးက ဘယ်လိုဖြစ်မြောက်စေသလဲ။ ‘သားတော်ယေရှုရဲ့သွေးက ကျွန်တော်တို့ကို အပြစ်ရှိသမျှမှ သန့်စင်စေတယ်။’ ယေရှုရဲ့သွေးကို ယုံကြည်တာက အပြစ်ခွင့်လွှတ်ခံရဖို့၊ ထာဝရအသက်ရဖို့ လမ်းဖွင့်ပေးတယ်။ (၁ ယောဟန် ၁:၇။ ၅:၁၃) ရွေးနုတ်ဖိုးက ချစ်ရတဲ့ သေလွန်သူတွေအတွက်ကော ဘာလုပ်ပေးမလဲ။ “တစ်ယောက်သောသူအားဖြင့် သေခြင်းတရား ဖြစ်ပေါ်လာသကဲ့သို့ တစ်ယောက်သောသူ [ယေရှု] အားဖြင့် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းလည်း ဖြစ်ပေါ်လာ၏။”—၁ ကောရိန္သု ၁၅:၂၁ *

ဒီထက်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ပေးတဲ့ လက်ဆောင်မျိုး မရှိနိုင်ဘူး။ ယေရှုရဲ့ ပူဇော်သက္ကာလို ကြီးမားတဲ့မေတ္တာနဲ့ပေးတဲ့ လက်ဆောင်မျိုး မရှိနိုင်ဘူး။ ကျွန်တော်တို့အတွက် ယေဟောဝါဘုရားလောက် စွန့်လွှတ်အနစ်နာခံတဲ့သူ ဘယ်သူမှ မရှိဘူး။ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေတဲ့ ပူဇော်သက္ကာလိုမျိုး ကျွန်တော်တို့ လိုအပ်ရာကို ဖြည့်ဆည်းပေးတဲ့ လက်ဆောင်မျိုး မရှိနိုင်ဘူး။ ရွေးနုတ်ဖိုးလောက် တန်ဖိုးကြီးမားတဲ့ လက်ဆောင်မျိုး မရှိနိုင်ဘူး။

 

^ စာပိုဒ်၊ 19 လူသေတွေကို ထမြောက်စေမယ့် ဘုရားရဲ့ရည်ရွယ်ချက်အကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၇ မှာကြည့်ပါ။