မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ဟေရှာယ ၆၀:၁ မှာ ဖော်ပြထားတဲ့ “အမျိုးသမီး” ဟာ ဘယ်သူလဲ။ ဘယ်လို “ထပြီး အလင်းထွန်းလင်း” သလဲ

“အို အမျိုးသမီး၊ ထပြီး အလင်းထွန်းလင်းပါ။ မင်းရဲ့ အလင်း ပေါ်ထွန်းပြီ။ မင်းအပေါ် ယေဟောဝါရဲ့ ဘုန်းတန်ခိုး ထွန်းလင်းပြီ” လို့ ဟေရှာယ ၆၀:၁ မှာ ဖော်ပြထားတယ်။ “အမျိုးသမီး” ဟာ အဲဒီခေတ်က ယုဒမြို့တော် ဇိအုန်၊ တစ်နည်းအားဖြင့် ဂျေရုဆလင်ကို ဆိုလိုကြောင်း အထက်အောက်စကားတွေက ဖော်ပြတယ်။ a (ဟေရှာ. ၆၀:၁၄။ ၆၂:၁၊ ၂) ဂျေရုဆလင်မြို့ဟာ အစ္စရေးတစ်မျိုးလုံးကို ကိုယ်စားပြုတယ်။ ဟေရှာယရဲ့ စကားတွေနဲ့ပတ်သက်ပြီး မေးခွန်းနှစ်ခု ပေါ်လာတယ်။ ပထမ၊ ဂျေရုဆလင်မြို့ဟာ ဘယ်အချိန်မှာ ဘယ်လို “ထပြီး” ပုံဆောင်အလင်း ထွန်းလင်းသလဲ။ ဒုတိယ၊ ဟေရှာယရဲ့ စကားတွေဟာ ပိုကြီးမားတဲ့ အတိုင်းအတာနဲ့ ပြည့်စုံနေသလား။

ဂျေရုဆလင်မြို့ဟာ ဘယ်အချိန်မှာ ဘယ်လို “ထပြီး” ပုံဆောင်အလင်း ထွန်းလင်းသလဲ။ ဗာဗုလုန်ပြည်ကို အစ္စရေးတွေ အနှစ် ၇၀ ပြည်နှင်ခံရချိန်အတွင်း ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ဟာ ပစ်ထားခံရတယ်။ ဒါပေမဲ့ ဗာဗုလုန်ကို မီးဒီးယားနဲ့ ပါးရှားလူမျိုး တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗာဗုလုန်အင်ပါယာတစ်ခွင်က အစ္စရေးတွေကို နေရင်းပြည် ပြန်ဖို့၊ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားအောင် လုပ်ဖို့ ခွင့်ပြုလိုက်တယ်။ (ဧဇ. ၁:၁-၄) ဘီစီ ၅၃၇ ကစပြီး အစ္စရေး ၁၂ နွယ်စလုံးက သစ္စာရှိသူ အကြွင်းအကျန်တွေဟာ နေရင်းပြည် ပြန်ပြီး စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားအောင် လုပ်ကြတယ်။ (ဟေရှာ. ၆၀:၄) ယေဟောဝါဆီ ပူဇော်သက္ကာတွေ စပြီး ဆက်သကြတယ်။ ပွဲတော်တွေ ပြန်ကျင်းပကြတယ်။ ဗိမာန်တော် ပြန်ဆောက်ကြတယ်။ (ဧဇ. ၃:၁-၄၊ ၇-၁၁။ ၆:၁၆-၂၂) ဂျေရုဆလင်အပေါ်၊ တစ်နည်းအားဖြင့် ဘုရားလူမျိုးအပေါ် ယေဟောဝါရဲ့ ဘုန်းတန်ခိုး ပြန်ထွန်းလင်းလာတယ်။ ဘုရားလူမျိုးလည်း ယေဟောဝါကို မသိတဲ့ လူမျိုးခြားတွေအတွက် ပုံဆောင်အလင်း ဖြစ်လာတယ်။

ဒါပေမဲ့ အဲဒီခေတ်မှာ ဟေရှာယရဲ့ စကားတွေဟာ တစ်စိတ်တစ်ပိုင်းပဲ ပြည့်စုံခဲ့တယ်။ ဘုရားကို အစ္စရေးအများစု ဆက်မနာခံခဲ့ကြဘူး။ (နေ. ၁၃:၂၇။ မာလ. ၁:၆-၈။ ၂:၁၃၊ ၁၄။ မ. ၁၅:၇-၉) မေရှိယ ဖြစ်တဲ့ ယေရှုခရစ်ကိုတောင် ငြင်းပယ်ကြတယ်။ (မ. ၂၇:၁၊ ၂) အေဒီ ၇၀ ရောက်တော့ ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော် ဒုတိယအကြိမ် ဖျက်ဆီးခံလိုက်ရတယ်။

ဒီလိုဖြစ်လာမယ်လို့ ယေဟောဝါ ကြိုဟောထားတယ်။ (ဒံ. ၉:၂၄-၂၇) ဟေရှာယ အခန်းကြီး ၆၀ မှာ ပါတဲ့ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်တွေကို မြေကြီးဂျေရုဆလင်အားဖြင့် အကုန်အစင် ပြည့်စုံစေဖို့ ယေဟောဝါ မရည်ရွယ်တာ ရှင်းနေပါတယ်။

ဟေရှာယရဲ့ စကားတွေဟာ ပိုကြီးမားတဲ့ အတိုင်းအတာနဲ့ ပြည့်စုံနေသလား။ ပြည့်စုံနေပါတယ်။ “အထက်ဂျေရုဆလင်” ဆိုတဲ့ ပုံဆောင်အမျိုးသမီး နောက်တစ်ယောက်အားဖြင့် ပြည့်စုံနေတာပါ။ အထက်ဂျေရုဆလင်ဟာ “ကျွန်တော်တို့ရဲ့ မိခင်ပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (ဂလ. ၄:၂၆) သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းကို ဆိုလိုတာပါ။ အထက်ဂျေရုဆလင်ရဲ့ သားသမီးတွေထဲမှာ ယေရှု ပါတယ်။ ကောင်းကင်မျှော်လင့်ချက် ရှိတဲ့ ပေါလုလို ဘိသိက်ခံ ခရစ်ယာန် ၁၄၄,၀၀၀ ပါတယ်။ ဘိသိက်ခံ ခရစ်ယာန်တွေဟာ “သန့်ရှင်းတဲ့လူမျိုး၊” “ဘုရားသခင်ရဲ့ အစ္စရေးလူမျိုး” ပဲ။—၁ ပေ. ၂:၉။ ဂလ. ၆:၁၆

အထက်ဂျေရုဆလင်ဟာ ဘယ်လို “ထပြီး အလင်းထွန်းလင်း” သလဲ။ မြေကြီးပေါ်က ဘိသိက်ခံ သားသမီးတွေကတစ်ဆင့် ထွန်းလင်းတာပါ။ ဟေရှာယ အခန်းကြီး ၆၀ မှာ ကြိုဟောထားတာနဲ့ သူတို့ ကြုံတွေ့ခဲ့တာတွေ နှိုင်းယှဉ်ကြည့်ပါ။

ဘိသိက်ခံ ခရစ်ယာန်တွေ ဘာကြောင့် “ထရပ်” ခဲ့ကြရသလဲ။ တမန်တော်တွေ သေဆုံးပြီးနောက် အေဒီ ဒုတိယရာစုမှာ အယူဖောက်ပြန်မှု ပျံ့နှံ့လာလို့ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ဘာသာရေး အမှောင်ကျခဲ့ကြတယ်။ (မ. ၁၃:၃၇-၄၃) ဒီလိုနဲ့ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ရဲ့ သုံ့ပန်း ဖြစ်ခဲ့ကြတယ်။ “လောကစနစ် နိဂုံးပိုင်း” စတင်တဲ့ ၁၉၁၄ ခုနှစ်မှာ သုံ့ပန်း ဖြစ်နေကြတုန်းပဲ။ (မ. ၁၃:၃၉၊ ၄၀) သိပ်မကြာခင် ၁၉၁၉ ခုနှစ်မှာ သုံ့ပန်းဘဝကနေ လွတ်မြောက်လာကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်းအားဖြင့် ပုံဆောင်အလင်း ချက်ချင်း ထွန်းလင်းကြတယ်။ b နှစ်တွေတစ်လျှောက် လူအမျိုးမျိုးထဲက လူတွေ အဲဒီအလင်းဆီ ရောက်လာကြတယ်။ ဟေရှာယ ၆၀:၃ မှာ ဖော်ပြထားတဲ့ “ဘုရင်တွေ၊” တစ်နည်းအားဖြင့် ဘုရားသခင်ရဲ့ အစ္စရေးလူမျိုး အကြွင်းအကျန်လည်း ရောက်လာကြတယ်။—ဗျာ. ၅:၉၊ ၁၀

ဘိသိက်ခံ ခရစ်ယာန်တွေဟာ အနာဂတ်မှာ ဒီထက် ပိုကြီးမားတဲ့နည်းနဲ့ ပုံဆောင်အလင်း ထွန်းလင်းကြဦးမယ်။ ဘယ်လိုနည်းနဲ့လဲ။ မြေကြီးအသက်တာ ကုန်ဆုံးသွားတဲ့အခါ သူတို့ဟာ “ဂျေရုဆလင်မြို့သစ်၊” ခရစ်တော်ရဲ့ သတို့သမီး ဖြစ်လာကြမယ်။ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အမှုဆောင်မယ့် ၁၄၄,၀၀၀ အဝင် ဖြစ်လာကြမယ်။—ဗျာ. ၁၄:၁။ ၂၁:၁၊ ၂၊ ၂၄။ ၂၂:၃-၅

ဟေရှာယ ၆၀:၁ ကို ပြည့်စုံစေရာမှာ ဂျေရုဆလင်မြို့သစ်ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်မယ်။ (ဟေရှာယ ၆၀:၁၊ ၃၊ ၅၊ ၁၁၊ ၁၉၊ ၂၀ နဲ့ ဗျာဒိတ် ၂၁:၂၊ ၉-၁၁၊ ၂၂-၂၆ တို့ကို နှိုင်းယှဉ်ပါ။) မြေကြီးဂျေရုဆလင်ဟာ ရှေးအစ္စရေးပြည်ရဲ့ နန်းစိုက်ရာမြို့ ဖြစ်ခဲ့သလို ခရစ်တော်နဲ့အတူ ဂျေရုဆလင်မြို့သစ်ဟာ စနစ်သစ်ရဲ့ အစိုးရ ဖြစ်လာမယ်။ ဂျေရုဆလင်မြို့သစ်ဟာ “ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာ” တယ်လို့ ဘာကြောင့် ဖော်ပြထားသလဲ။ မြေကြီးပေါ် အကျိုးသက်ရောက်မှု ရှိစေမယ့်အရာတွေ လုပ်မှာ ဖြစ်လို့ပါ။ လူအမျိုးမျိုးထဲက ဘုရားကို ကြောက်ရွံ့ရိုသေသူတွေဟာ “မြို့တော်ရဲ့ အလင်းကို အမှီပြုပြီး သွားလာကြလိမ့်မယ်။” အပြစ်နဲ့ သေခြင်းကနေတောင် လွတ်မြောက်ကြမယ်။ (ဗျာ. ၂၁:၃၊ ၄၊ ၂၄) ဟေရှာယနဲ့ တခြားပရောဖက်တွေ ကြိုဟောထားသလို အရာအားလုံးဟာ အပြည့်ဝဆုံးသဘောနဲ့ “နဂိုအတိုင်း ဖြစ်” လာမယ်။ (တ. ၃:၂၁) အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ့်အချိန်ဟာ ခရစ်တော် နန်းထိုင်ချိန်မှာ စတင်ခဲ့ပြီး အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ ပြီးဆုံးမယ်။

a ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဟေရှာယ ၆၀:၁ မှာ “ဇိအုန်၊” “ဂျေရုဆလင်” အစား “အမျိုးသမီး” လို့ သုံးထားတယ်။ “ထရပ်၊” “အလင်းထွန်းလင်း” ဆိုတဲ့ ဟီဘရူး ကြိယာတွေဟာ ဣတ္ထိလိင် ကြိယာတွေ ဖြစ်လို့၊ “မင်း” ဆိုတဲ့ နာမ်စားဟာလည်း ဣတ္ထိလိင် နာမ်စား ဖြစ်လို့ပါပဲ။ ပုံဆောင်အမျိုးသမီးအကြောင်း ပြောနေတာ ဖြစ်မှန်း စာဖတ်သူတွေ သဘောပေါက်ဖို့ “အမျိုးသမီး” ဆိုတဲ့ အသုံးအနှုန်းက ကူညီပေးတယ်။

b ၁၉၁၉ ခုနှစ်မှာ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်ခဲ့တယ်။ ဒီအကြောင်း ယေဇကျေလ ၃၇:၁-၁၄ နဲ့ ဗျာဒိတ် ၁၁:၇-၁၂ မှာလည်း ဖော်ပြထားတယ်။ ယေဇကျေလ ၃၇:၁-၁၄ က ဘိသိက်ခံ ခရစ်ယာန်အားလုံးအကြောင်း ကြိုဟောထားတာ။ နှစ်များစွာ သုံ့ပန်းဘဝ ကျရောက်ပြီးနောက် ပုံဆောင်သဘောနဲ့ အသက်ပြန်ရှင်လာခြင်းအကြောင်း ဖြစ်တယ်။ ဗျာဒိတ် ၁၁:၇-၁၂ ကျတော့ ဦးဆောင်နေတဲ့ ဘိသိက်ခံ ညီအစ်ကို အုပ်စုလေးအကြောင်း ကြိုဟောထားတာ။ မတရား ထောင်ချခံရလို့ တက်တက်ကြွကြွ အမှုမဆောင်နိုင်တဲ့ ကာလတိုပြီးနောက် ပုံဆောင်သဘောနဲ့ အသက်ပြန်ရှင်လာခြင်းအကြောင်း ဖြစ်တယ်။ ဦးဆောင်နေတဲ့ ဘိသိက်ခံ ညီအစ်ကို အုပ်စုလေးဟာ ၁၉၁၉ ခုနှစ်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်ခံရတယ်။—မ. ၂၄:၄၅ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ စာ. ၁၁၈ ကို ကြည့်ပါ။