မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ

ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ

 “ရာသီဥတု ဆိုးဆိုးရွားရွား ဖောက်ပြန်နေပြီ။ ကမ္ဘာကြီးဟာ နေချင်စရာ မကောင်းတော့ဘူး။”—ဂါးဒီယန်း။

 လူတွေဟာ ကိုယ်တူးတဲ့ တွင်းထဲ ကိုယ်ပြန်ကျတဲ့အဖြစ်မျိုး ကြုံနေရတယ်။ ကမ္ဘာကြီး ပူနွေးလာမှုအတွက် လူတွေမှာ တာဝန်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ အပူချိန် မြင့်တက်လာတဲ့အတွက် ရာသီဥတု ကမောက်ကမ ဖြစ်ပြီး ဘေးဆိုးတွေ ဖြစ်ပေါ်လာတယ်။

  •   အပူလှိုင်း ဖြတ်ခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ တောမီးလောင်ခြင်းတို့လို ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်လာတယ်

  •   ရေခဲတောင်တွေ၊ အာတိတ်ရေခဲတွေ အရည်ပျော်လာတယ်

  •   ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတယ်

 ရာသီဥတု ဖောက်ပြန်မှုက ကမ္ဘာတစ်ဝန်းလုံးကို ထိခိုက်စေတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ အခြေအနေကို မှတ်တမ်းပြုစုပြီးနောက် “ကမ္ဘာဂြိုဟ်ဟာ အရေးပေါ် အကူအညီ လိုနေပြီ” လို့ နယူးယောက်တိုင်းမ်က ဖော်ပြတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် လူတွေ သေဆုံးပြီး ဒုက္ခရောက်ကြရတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒါဟာ “လူသားထု ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံးအရာ” လို့ ဆိုတယ်။

 ဒါပေမဲ့ အနာဂတ်အတွက် မျှော်လင့်ချက် ရှိပါတယ်။ ကျမ်းစာမှာ လက်ရှိအချိန်မှာ ဖြစ်ပျက်မယ့်အရာတွေကို ကြိုဟောထားတဲ့အပြင် ဘုရားသခင် လုပ်ဆောင်ပေးမယ့်အရာတွေကိုလည်း ဖော်ပြတယ်။

ရာသီဥတု ဖောက်ပြန်မှုက ကျမ်းစာကြိုဟောချက်နဲ့ ကိုက်ညီသလား

 ကိုက်ညီပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်နေခြင်းက ကျွန်တော်တို့ခေတ်အကြောင်း ကျမ်းစာကြိုဟောချက်နဲ့ ကိုက်ညီပါတယ်။

 ကြိုဟောချက်။ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပါတော့မယ်။—ဗျာဒိတ် ၁၁:၁၈

 လူတွေရဲ့ လုပ်ရပ်က ကမ္ဘာကြီးကို ထိခိုက်ပျက်စီးစေမယ့်အကြောင်း ကျမ်းစာက ကြိုဟောတယ်။ လူတွေဟာ ကမ္ဘာကြီး ပူနွေးအောင်၊ ကမ္ဘာဂြိုဟ် ပျက်စီးအောင် လုပ်နေကြတယ်။

 ဒီကြိုဟောချက်က ကမ္ဘာကို လူတွေ မကယ်တင်နိုင်တဲ့ အကြောင်းရင်းတစ်ခုကို ဖော်ပြတယ်။ ကမ္ဘာကို လူတွေ ဖျက်ဆီးနေတာကို ဘုရားသခင် အရေးယူပါတော့မယ်။ ရာသီဥတု ပြောင်းလဲမှုကို တားဆီးဖို့ လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ မအောင်မြင်နိုင်ပါဘူး။ ဘယ်လောက်ပဲ ကြိုးစားပါစေ ကမ္ဘာကို လူတွေ ဖျက်ဆီးနေတာကို မရပ်တန့်ပေးနိုင်ပါဘူး။

 ကြိုဟောချက်။ “ကြောက်လန့်စရာ မြင်ကွင်းတွေ မြင်ရလိမ့်မယ်။”—လုကာ ၂၁:၁၁

 ကျွန်တော်တို့ခေတ်မှာ “ကြောက်လန့်စရာ မြင်ကွင်းတွေ” မြင်ရမယ်လို့ ကျမ်းစာ ကြိုဟောတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ ကြောက်စရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတယ်။ ဒီနေ့ခေတ် လူတွေက သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်နေကြတယ်။

 ကြိုဟောချက်။ ‘နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကို တပ်မက်သူ၊ သစ္စာမရှိသူ၊ ညှိနှိုင်းလို့ မရသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ ဖြစ်ကြလိမ့်မယ်။’—၂ တိမောသေ ၃:၁-၄

 ရာသီဥတုကို ပိုဆိုးရွားစေတဲ့ လူတွေရဲ့ စိတ်နေသဘောထား၊ လုပ်ရပ်တွေအကြောင်း ကျမ်းစာမှာ ကြိုဟောတယ်။ အစိုးရနဲ့ စီးပွားရေးသမားတွေက စီးပွားရေး အကျိုးအမြတ်ကိုပဲ ကြည့်ကြတယ်။ နောင်မျိုးဆက်ရဲ့ ကောင်းကျိုးကို ထည့်မတွက်ကြဘူး။ ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဖို့ ဝိုင်းဝန်း ကြိုးစားကြပေမဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ သဘောတူညီမှု မရနိုင်ဘူး။

 ဒီကြိုဟောချက်က လူတွေဟာ မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြင်တန် ပြင်ပြီး ကမ္ဘာကြီးကို ကာကွယ်နိုင်မယ်လို့ မမျှော်လင့်သင့်ကြောင်း ဖော်ပြတယ်။ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ “ဆိုးသည်ထက် ဆိုးလာ” မယ်လို့ ကျမ်းစာ ကြိုဟောတယ်။—၂ တိမောသေ ၃:၁၃

ဘုရားသခင် အရေးယူလုပ်ဆောင်ပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်

 ကမ္ဘာဂြိုဟ်နဲ့ ကမ္ဘာပေါ် နေထိုင်သူတွေကို ဖန်ဆင်းရှင် ဘုရား ယေဟောဝါ a အလွန် ဂရုစိုက်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဘုရားသခင် အရေးယူ လုပ်ဆောင်တော့မယ်ဆိုတာ ဖော်ပြတဲ့ ကျမ်းချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ဘုရားသခင်က “ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈

     ဘုရားသခင်က ကမ္ဘာမြေအတွက် မိမိရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ပေးတော့မယ်။ (ဟေရှာယ ၅၅:၁၁) ကမ္ဘာမြေ ဖျက်ဆီးခံရဖို့၊ လူသူဆိတ်သုဉ်းသွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။

  2.  ၂။ “စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။ ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၁၁၊ ၂၉

     လူတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်သက်အေးချမ်းစွာ ထာဝစဉ် နေထိုင်ရမယ်လို့ ဘုရားသခင် ကတိပေးတယ်။

  3.  ၃။ “လူဆိုးတွေကတော့ ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်းခံရလိမ့်မယ်။”—ပညာအလိမ္မာ ၂:၂၂

     ကမ္ဘာမြေကို ဖျက်ဆီးသူတွေ အပါအဝင် ဆိုးသွမ်းမှုကို ဆက်လုပ်ဆောင်သူတွေကို ဖယ်ရှားမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။

အနာဂတ်အတွက် ဘုရားသခင် လုပ်ဆောင်ပေးမယ့်အရာ

 ကမ္ဘာမြေအတွက် ရည်ရွယ်ချက်ကို ဘုရားသခင် ဘယ်လို ပြည့်စုံစေမလဲ။ ဘုရားသခင့်နိုင်ငံတော်လို့ ခေါ်တဲ့ ကမ္ဘာချီ အစိုးရကို သုံးပြီး ပြည့်စုံစေမယ်။ (မဿဲ ၆:၁၀) ဒီနိုင်ငံတော်ဟာ ကောင်းကင်ကနေ အုပ်ချုပ်ပါလိမ့်မယ်။ ကမ္ဘာမြေ၊ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေမှာ လူ့အစိုးရတွေနဲ့ သဘောတူ ညှိနှိုင်းရေး လုပ်မှာ မဟုတ်ဘူး။ ဘုရားနိုင်ငံတော်က လူ့အစိုးရကို အစားထိုးပစ်ပါလိမ့်မယ်။—ဒံယေလ ၂:၄၄

 ဘုရားသခင့်နိုင်ငံတော်ဟာ လူအားလုံးအတွက်၊ သဘာဝ ပတ်ဝန်းကျင်အတွက် သတင်းကောင်း ဖြစ်တယ်။ (ဆာလံ ၉၆:၁၀–၁၃) ယေဟောဝါဘုရားက နိုင်ငံတော်ကို သုံးပြီး ဘာတွေ လုပ်ဆောင်ပေးမလဲဆိုတာ သုံးသပ်ကြည့်ပါ။

  •   သဘာဝ ပတ်ဝန်းကျင်ကို ပြန်ကောင်းစေမယ်

     ကျမ်းစာအဆို။ “တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁

     အနာဂတ်မှာ ဖြစ်လာမယ့်အရာ။ လူတွေကြောင့် ဆိုးဆိုးရွားရွား ပျက်စီးတဲ့ နေရာတွေ အပါအဝင် ကမ္ဘာဂြိုဟ်ကို ဘုရားသခင် ပြန်ကုစားပေးပါတော့မယ်။

  •   ရာသီဥတု ဖောက်ပြန်မှု မရှိအောင် ထိန်းချုပ်ပေးမယ်

     ကျမ်းစာအဆို။ “[ယေဟောဝါက] မုန်တိုင်းစဲစေတယ်။ ပင်လယ်လှိုင်းတွေကို ငြိမ်သက်စေတယ်။”—ဆာလံ ၁၀၇:၂၉

     အနာဂတ်မှာ ဖြစ်လာမယ့်အရာ။ သဘာဝတရားကို ထိန်းချုပ်နိုင်စွမ်း ယေဟောဝါဘုရားမှာ ရှိတယ်။ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို လူတွေ ခံရတော့မှာ မဟုတ်ဘူး။

  •   ကမ္ဘာမြေကို ဂရုစိုက်စောင့်ရှောက်တတ်ဖို့ သင်ပေးမယ်

     ကျမ်းစာအဆို။ “မင်းကို ငါ ထိုးထွင်းဉာဏ် ရှိစေမယ်၊ သွားသင့်တဲ့ လမ်းကို ညွှန်ပြပေးမယ်။”—ဆာလံ ၃၂:၈

     အနာဂတ်မှာ ဖြစ်လာမယ့်အရာ။ ကမ္ဘာကို ဂရုစိုက်စောင့်ရှောက်ဖို့ လူတွေကို ယေဟောဝါဘုရား တာဝန်ပေးထားတယ်။ (ကမ္ဘာဦး ၁:၂၈။ ၂:၁၅) ဖန်ဆင်းရာတွေကို ဂရုစိုက်စောင့်ရှောက်နည်း၊ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်နည်းကို သင်ပေးပါလိမ့်မယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။