မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မူးယစ်ဆေး စွဲတာ ဖြတ်ဖို့ ကျမ်းစာ ကူညီပေးနိုင်သလား

မူးယစ်ဆေး စွဲတာ ဖြတ်ဖို့ ကျမ်းစာ ကူညီပေးနိုင်သလား

 နှစ်တိုင်း မူးယစ်ဆေး တလွဲ သုံးမှုရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် အကျိုးဆက်ကြောင့် သန်းနဲ့ချီ သေဆုံးနေကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒီပြဿနာ ပိုများလာတယ်။ မူးယစ်ဆေး စွဲတာ ဖြတ်ဖို့ ကျမ်းစာ အကြံဉာဏ်က လူများစွာကို ကူညီပေးတယ်။ သင့်မှာ ဒီပြဿနာ ရှိနေတယ်ဆိုရင် သင့်ကိုလည်း ကျမ်းစာက ကူညီပေးနိုင်ပါတယ်။ a

ဒီဆောင်းပါးမှာ

 မူးယစ်ဆေး ဖြတ်နိုင်ဖို့ ကျမ်းစာ အကူအညီ ဘာကြောင့် ရှာဖွေသင့်သလဲ

 မူးယစ်ဆေး စွဲတာဟာ အထီးကျန်မှု၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုတို့ကြောင့် ဖြစ်လေ့ရှိတာကို သုတေသီတွေ ရှာဖွေတွေ့ရှိကြတယ်။ မူးယစ်ဆေး စွဲတဲ့အထိ ဖြစ်သွားစေနိုင်တဲ့ ဒီလိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်ခြင်း ရှိလာအောင်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် ကျမ်းစာက ကူညီပေးနိုင်တယ်။ (ဆာလံ ၂၅:၁၄) သင်တစ်ယောက်တည်း ဖြေရှင်းနိုင်ပုံ မရတဲ့ ပြဿနာတွေကို ဘုရားအကူအညီနဲ့ ဖြေရှင်းနိုင်ပါတယ်။—မာကု ၁၁:၂၂-၂၄

 မူးယစ်ဆေး ဖြတ်ဖို့ ကျမ်းစာမှာ အကြံပြုထားတဲ့ အဆင့် လေးဆင့်

  1.  ၁။ ယေဟောဝါဘုရားအကြောင်း သိကျွမ်းအောင် လုပ်ပါ။ b (ယောဟန် ၁၇:၃) ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အတိုင်းအဆမဲ့ တန်ခိုးရှင် ဖြစ်တယ်။ မေတ္တာရှိတဲ့ ကောင်းကင်ဘုံစံ ဖခင်လည်း ဖြစ်တယ်။ သင်နဲ့ ရင်းနှီးချင်တယ်။ သင့်ကို ကူညီပေးချင်တယ်။ (ဟေရှာယ ၄၀:၂၉-၃၁။ ယာကုပ် ၄:၈) သိပ်ကောင်းတဲ့ အနာဂတ် ပြင်ဆင်ပေးထားတယ်။ ဒါပေမဲ့ ဘုရားမေတ္တာ ခံစားရအောင် ကိုယ့်ဘက်က လုပ်ဖို့ လိုတယ်။—ယေရမိ ၂၉:၁၁။ ယောဟန် ၃:၁၆

  2.  ၂။ ယေဟောဝါဆီက အကူအညီ တောင်းပါ။ “သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့” သူ ဖြစ်အောင် မူးယစ်ဆေး ဖြတ်နိုင်ဖို့ ကူညီပေးပါလို့ ဘုရားဆီ ဆုတောင်းပါ။ (ရောမ ၁၂:၁) သန့်ရှင်းသော စွမ်းအားတော်အားဖြင့် “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ဘုရား ပေးလိမ့်မယ်။ (၂ ကောရိန္သု ၄:၇။ လုကာ ၁၁:၁၃) အဲဒီတန်ခိုးက မူးယစ်ဆေး ဖြတ်နိုင်အောင်၊ ဘုရား နှစ်သက်တဲ့ “စရိုက်သစ်” ရှိလာအောင် ကူညီပေးမယ်။—ကောလောသဲ ၃:၉၊ ၁၀

  3.  ၃။ ဘုရားရဲ့ အတွေးအခေါ်မျိုး ရှိအောင် ကြိုးစားပါ။ (ဟေရှာယ ၅၅:၉) ‘စိတ်သဘောကို အသစ် ဖြစ်အောင် ပြုပြင်’ ဖို့၊ အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့ ဘုရား ကူညီပေးမယ်။ ဒါက မူးယစ်ဆေး ဖြတ်ဖို့ သင့်ကို ကူညီပေးမယ်။ (ဧဖက် ၄:၂၃) ဘုရားရဲ့ အတွေးအခေါ်တွေကို ကျမ်းစာမှာ တွေ့ရတယ်။ ဒါကြောင့် ကျမ်းစာ မှန်မှန် ဖတ်ဖို့ အရေးကြီးတယ်။ (ဆာလံ ၁:၁-၃) ကျမ်းစာ သွန်သင်ချက်တွေကို နားလည်ဖို့ အကူအညီ ရယူခြင်းအားဖြင့် လူများစွာ အကျိုးရနေကြတယ်။ (တမန်တော် ၈:၃၀၊ ၃၁) ယေဟောဝါသက်သေတွေက ကျမ်းစာ အခမဲ့ လေ့လာနိုင်အောင် ကူညီပေးနေကြတယ်။ ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေ လာတက်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျမ်းစာ သွန်သင်ချက်တွေ၊ ဘဝမှာ လက်တွေ့ကျင့်နိုင်ပုံတွေကို ကျွန်တော်တို့ ဆန်းစစ်ကြတယ်။

  4.  ၄။ အပေါင်းအသင်းကောင်း ရွေးချယ်ပါ။ အပေါင်းအသင်းကြောင့် သင် မူးယစ်ဆေး ဖြတ်ဖို့ ပိုလွယ်သွားနိုင်သလို ပိုခက်သွားနိုင်တယ်။ (ပညာအလိမ္မာ ၁၃:၂၀) ဘုရားကို ဝတ်ပြုသူတွေထဲမှာ အပေါင်းအသင်းကောင်းတွေ ရှာတွေ့နိုင်တယ်။ သူတို့နဲ့ ပေါင်းပြီး သင် အကျိုးရဖို့ ဘုရား မျှော်လင့်တယ်။ (ဆာလံ ၁၁၉:၆၃။ ရောမ ၁:၁၂) ဖျော်ဖြေရေးကိုလည်း ကောင်းကောင်း ရွေးချယ်ပါ။ ကိုယ်ကြည့်တဲ့၊ နားထောင်တဲ့၊ ဖတ်တဲ့အထဲက ဇာတ်ကောင်တွေဟာလည်း အပေါင်းအသင်းတစ်မျိုးပါပဲ။ မှန်ရာ လုပ်မယ်ဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို အားလျော့သွားစေမယ့် အရာမှန်သမျှ ရှောင်ပါ။—ဆာလံ ၁၀၁:၃။ အာမုတ် ၅:၁၄

 မူးယစ်ဆေး ဖြတ်ဖို့ ကူညီပေးမယ့် ကျမ်းပိုဒ်များ

 ဆာလံ ၂၇:၁၀ “မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ။”

 “အဖေရင်းကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေခဲ့တယ်။ နောက်တော့၊ ယေဟောဝါဘုရားအကြောင်း သိလာတယ်။ ကျွန်တော့်ကို တကယ် ချစ်တဲ့အရှင် ရှိတယ်ဆိုတဲ့ အသိကြောင့် အသက်ရှင်ရတာ အဓိပ္ပာယ် ရှိလာတယ်။ ဆေးစွဲတာ ဖြတ်နိုင်ခဲ့တယ်။”—ဝေဘ်ဘီ၊ ဟေတီ။

 ဆာလံ ၅၀:၁၅ “ဒုက္ခရောက်ချိန်မှာ ငါ့ကို ဆုတောင်းပါ။ ငါကယ်တင်မယ်။”

 “စိတ်အလိုလိုက်မိတဲ့အချိန်တွေ ရှိပေမဲ့ ဆေးဖြတ်နိုင်အောင် ဆက်ကြိုးစားဖို့ ဒီကျမ်းပိုဒ်က အကြိမ်ကြိမ် ကူညီပေးတယ်။ ယေဟောဝါ ကတိတည်တယ်။”—ဆာဟီ၊ ယူကရိန်း။

 ပညာအလိမ္မာ ၃:၅၊ ၆ “ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။”

 “ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးဖို့ ဒီကျမ်းပိုဒ်တွေက ကူညီပေးတယ်။ ဘုရားပေး ခွန်အားကြောင့် ကျွန်တော့်ဘဝကို လုံးလုံး ပြောင်းလဲနိုင်ခဲ့တယ်။”—မိုက်ကယ်၊ အီတလီ။

 ဟေရှာယ ၄၁:၁၀ “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲ ကိုင်ထားမယ်။”

 “ဆေး မသုံးရတဲ့အချိန်တွေဆိုရင် စိတ်ထဲမှာ ဗလောင်ဆူနေတာပဲ။ ဒီကျမ်းပိုဒ်က စိတ်အေးလက်အေးဖြစ်ဖို့ ဘုရား ကူညီမယ်ဆိုတာ စိတ်ချနေစေတယ်။ ဘုရား တကယ် ကူညီပေးတယ်။”—အန်ဒီ၊ တောင်အာဖရိက။

 ၁ ကောရိန္သု ၁၅:၃၃၊ အောက်ခြေမှတ်ချက်။ “လှည့်စားမခံကြပါနဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကိုယ်ကျင့်တရားကို ပျက်စီးစေတတ်တယ်။”

 “အပေါင်းအသင်း မှားပြီး ကျွန်တော် ဆေးစသုံးတတ်လာတယ်။ စွဲပါ စွဲလာတယ်။ သူတို့နဲ့ အဆက်ဖြတ်တော့မှ၊ ကျွန်တော် လေးစားရတဲ့ ကိုယ်ကျင့်တရား ကောင်းသူတွေနဲ့ ပေါင်းတော့မှပဲ ဆေးဖြတ်နိုင်တော့တယ်။”—အိုင်းဇက်၊ ကင်ညာ။

 ၂ ကောရိန္သု ၇:၁ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”

 “ခန္ဓာကိုယ် သန့်ရှင်းနေအောင် ဆက်ကြိုးစားဖို့၊ ဆေးစွဲပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်တာတွေကို အတိတ်မှာ ချန်ရစ်ခဲ့ဖို့ ဒီကျမ်းစကားတွေက ကူညီပေးတယ်။”—ရိုဆာ၊ ကိုလံဘီယာ။

 ဖိလိပ္ပိ ၄:၁၃ “ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။”

 “ဆေးဖြတ်ဖို့ ကျွန်မ တစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်မှန်း သိတယ်။ ဒါကြောင့် ကူညီပေးဖို့ ဘုရားဆီ ဆုတောင်းတယ်။ လိုအပ်တဲ့ ခွန်အား ဘုရား ပေးတယ်။”—ပက်ထရီဇီယာ၊ အီတလီ။

 ဖြစ်ရပ်မှန် တွေ့ကြုံမှုများ– ကျမ်းစာ အကူအညီနဲ့ မူးယစ်ဆေး ဖြတ်ခြင်း

 ဂျိုးဇက် အေရန်ဘိုဂန်ဟာ အကြမ်းဖက်ဝန်းကျင်မှာ ကြီးပြင်းလာတယ်။ အရက်၊ ဆေးလိပ်၊ ဆေးခြောက်၊ ဘိန်း စွဲလာတယ်။ ဆေးလွန်ပြီး သေမလို ခဏခဏ ဖြစ်တယ်။ ဘဝပုံစံ ပြောင်းလဲနိုင်မှန်း ကျမ်းပိုဒ်တစ်ပိုဒ်ကြောင့် ယုံကြည်သွားတယ်။ “အမျိုးသမီးတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာပြီ” ဆောင်းပါးမှာ သူ့အကြောင်း ဖတ်ကြည့်ပါ။

 ဒမီထရီ ကော့ရှူနို့ဗ်ဟာ အရက်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်။ ဆေးပြတ်သွားဖို့ သူ့ကို ဘာက ကူညီပေးသလဲ သိရအောင် ‘ဘဝပုံစံအသစ် ကျွန်တော် ရရှိခဲ့’ ဗီဒီယိုကို ကြည့်ပါ။

 မူးယစ်ဆေး ဖြတ်ဖို့ ဆေးဝါး ကုသမှု ခံယူတာကို ကျမ်းစာ တားမြစ်သလား

 မတားမြစ်ပါဘူး။ “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လို” တယ်ဆိုတာ ကျမ်းစာက အသိအမှတ်ပြုတယ်။ (မဿဲ ၉:၁၂) အမေရိကန်နိုင်ငံ၊ အမျိုးသား တက္ကသိုလ်ကလည်း မူးယစ်ဆေး တလွဲ သုံးခြင်းနဲ့ပတ်သက်ပြီး ဒီလိုဆိုတယ်– “ဆေးစွဲခြင်းဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးပါ။ ဆေးဖြတ်နိုင်ဖို့ဆိုရင် ဖြတ်ချင်စိတ် ရှိရုံ၊ စိတ်ထိန်းနိုင်ရုံနဲ့ မလုံလောက်ဘူး။” မှန်ပါတယ်၊ ကိုယ့်စိတ်ကိုယ် ဘယ်လောက် ထိန်းနိုင်ပါစေ ဘုရားပေး အကူအညီက ပိုသာတယ်။ ဒါပေမဲ့ ကျမ်းစာအကြံပြုချက်တွေကို လိုက်နာပြီး မူးယစ်ဆေး ဖြတ်နိုင်ခဲ့တာတောင် ဆေးဝါး အကူအညီ ယူဖို့ လိုအပ်သူ များစွာ ရှိတယ်။ c ဥပမာ၊ အယ်လန်လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက် ဒီလိုပြောတယ်– “အရက် ဖြတ်တုန်းက ခန္ဓာကိုယ် တော်တော်လေး ကိုက်ခဲတယ်။ အဲဒီအချိန်မှာ ကျမ်းစာအကူအညီအပြင် ဆေးဝါး အကူအညီလည်း ယူဖို့ လိုမှန်း သိလိုက်တယ်။”

 ကျန်းမာရေးအတွက် မူးယစ်ဆေး သုံးတာ ကျမ်းစာ တားမြစ်သလား

 မတားမြစ်ပါဘူး။ အဖျားအနာ သက်သာဖို့၊ သေခါနီးလူ နာကျင်မှု လျော့ဖို့ အရက် သုံးစွဲခြင်းအကြောင်း ကျမ်းစာမှာ ပါတယ်။ (ပညာအလိမ္မာ ၃၁:၆။ ၁ တိမောသေ ၅:၂၃) ဒါပေမဲ့ နာကျင်မှု သက်သာဖို့ သုံးတဲ့ မူးယစ်ဆေးတွေကျတော့ စွဲနိုင်ခြေ သိပ်များတယ်။ ဒါကြောင့် ရေရှည် အန္တရာယ်ကို ကြည့်ဖို့၊ အကိုက်အခဲ ပျောက်ဆေးတွေ သုံးတဲ့အခါ ချင့်ချိန်ဖို့ သိပ်အရေးကြီးတယ်။—ပညာအလိမ္မာ ၂၂:၃

a ဒီဆောင်းပါးမှာ မူးယစ်ဆေး ဖြတ်ခြင်းအကြောင်း အဓိက ဖော်ပြထားပေမဲ့ အရက်၊ ဆေးလိပ်၊ အစားအသောက်၊ လောင်းကစား၊ ညစ်ညမ်းရုပ်ပုံစာပေ၊ လူမှုမီဒီယာ စွဲနေသူတွေအတွက်လည်း ဆွေးနွေးထားတဲ့ ကျမ်းစာမူတွေက အကူအညီ ဖြစ်စေနိုင်ပါတယ်။

b ယေဟောဝါဆိုတာ ဘုရားရဲ့ ကိုယ်ပိုင် နာမည် ဖြစ်ပါတယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

c ကုသရေး စင်တာ၊ ဆေးရုံ၊ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကနေ အကူအညီ ရနိုင်ပါတယ်။ ကုသမှု နည်းလမ်းတွေကို တစ်ယောက်စီ ဂရုတစိုက် ဆန်းစစ်ပြီး ဘယ်ကုသမှု အကောင်းဆုံး ဖြစ်မယ်ဆိုတာ ဆုံးဖြတ်ပါ။—ပညာအလိမ္မာ ၁၄:၁၅