မာတိကာဆီ ကျော်သွား

ညင်သာစွာ အဆုံးစီရင်ပေးခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

ညင်သာစွာ အဆုံးစီရင်ပေးခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

ကျမ်းစာအဖြေ

 ညင်သာစွာ အဆုံးစီရင်ပေးခြင်းအကြောင်း ကျမ်းစာမှာ သတ်သတ်မှတ်မှတ် မဖော်ပြထားပါဘူး။ a ဒါပေမဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းအကြောင်း ဖော်ပြထားပုံက မျှတတဲ့အမြင် ရှိစေတယ်။ အဆုံးစီရင်တာက လက်ခံစရာ မဟုတ်သလို သေခါနီးလူရဲ့ အသက်ကို ဆွဲဆန့်တာလည်း မဖြစ်သင့်ဘူး။

 ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဟာ “အသက်ရဲ့ ပင်ရင်း” ဖြစ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ဆာလံ ၃၆:၉။ တမန်တော် ၁၇:၂၈) ဘုရားရဲ့အမြင်မှာ အသက်ဟာ အလွန်အဖိုးတန်တဲ့အတွက် သူတစ်ပါးအသက်ကိုဖြစ်စေ၊ ကိုယ့်အသက်ကိုဖြစ်စေ အဆုံးစီရင်တာကို ဘုရား တားမြစ်တယ်။ (ထွက်မြောက်ရာ ၂၀:၁၃။ ၁ ယောဟန် ၃:၁၅) ကိုယ်တိုင်နဲ့ သူတစ်ပါးအသက်ကို ကာကွယ်နိုင်တဲ့နည်းတွေကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၂၂:၈) ဒါကြောင့် ဘုရားသခင်က အသက်ဆုလက်ဆောင်ကို တန်ဖိုးထားစေချင်မှန်း သိသာတယ်။

ရောဂါကျွမ်းနေရင်ကော

 သေလုမြောပါး လူနာတစ်ယောက်ကို အဆုံးစီရင်ပေးမှာကိုတောင် ကျမ်းစာက ခွင့်မပြုဘူး။ အစ္စရေးဘုရင် ရှောလုရဲ့အဖြစ်ကိုကြည့်ရင် သိနိုင်တယ်။ တိုက်ပွဲမှာ အကြီးအကျယ် ဒဏ်ရာရသွားတဲ့အခါ အဆုံးစီရင်ပေးဖို့ လက်နက်ကိုင်ကို ပြောတယ်။ (၁ ရှမွေလ ၃၁:၃၊ ၄) လက်နက်ကိုင်က ခိုင်းတဲ့အတိုင်း မလုပ်ပေးဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ လူတစ်ယောက်က ရှောလုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ်လို့ လိမ်ပြောခဲ့တယ်။ အသက်နဲ့ပတ်သက်ပြီး ဘုရားရဲ့အမြင်မျိုးရှိသူ ဒါဝိဒ်က အဲဒီလူကို လူသတ်မှုနဲ့ အပြစ်ပေးခဲ့တယ်။​—၂ ရှမွေလ ၁:၆-၁၆

မဖြစ်ဖြစ်တဲ့နည်းနဲ့ အသက်ကို ဆွဲထားရမှာလား

 နောက်ဆုံးအချိန်ရောက်လို့ သေတော့မယ့်သူရဲ့ အသက်ကို ဆွဲဆန့်ထားဖို့ ကျမ်းစာ မပြောဘူး။ မျှတတဲ့အမြင်ကို ဖော်ပြပေးတယ်။ သေခြင်းဆိုတာ အပြစ်ကြောင့် ဖြစ်ပေါ်လာတဲ့အရာ၊ လူတွေရဲ့ မဟာရန်သူ ဖြစ်တယ်။ (ရောမ ၅:၁၂။ ၁ ကောရိန္သု ၁၅:၂၆) အသက်ကို ဆွဲထားဖို့ မလိုသလို သေခြင်းကို ကြောက်ရွံ့နေစရာလည်း မလိုဘူး၊ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေမယ်လို့ ဘုရား ကတိပြုထားလို့ပဲ။ (ယောဟန် ၆:၃၉၊ ၄၀) အသက်ကို တန်ဖိုးထားသူဟာ ရနိုင်တဲ့ အကောင်းဆုံးဆေးကုသမှုကို ခံယူပါလိမ့်မယ်။ ဒါက သေဆုံးခါနီးလူရဲ့ အသက်ကို ဆွဲထားတဲ့ ဆေးကုသမှုမျိုး ရွေးချယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ ခွင့်မလွှတ်နိုင်တဲ့အပြစ်လား

 ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ ခွင့်မလွှတ်နိုင်တဲ့အပြစ်ဖြစ်တယ်လို့ ကျမ်းစာ မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ ကြီးလေးတဲ့အပြစ် မှန်ပေမဲ့ b သေကြောင်းကြံတာက စိတ်ရောဂါ ဖြစ်နေလို့လား၊ စိတ်ဖိစီးမှု များနေလို့လား၊ မျိုးရိုးကြောင့်လား စတာတွေကိုတော့ ဘုရားသခင်ပဲ ကောင်းကောင်းသိပါတယ်။ (ဆာလံ ၁၀၃:၁၃၊ ၁၄) ဘုရားက စိတ်ဒုက္ခရောက်နေသူတွေကို ကျမ်းစာကတစ်ဆင့် နှစ်သိမ့်ပေးတယ်။ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ” မယ်လို့လည်း ဆိုထားတယ်။ (တမန်တော် ၂၄:၁၅) ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းလိုမျိုး ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့သူတွေ အသက်ပြန်ရှင်လာဖို့ မျှော်လင့်ချက် ရှိမှန်း ဒီအချက်ကနေ သိနိုင်တယ်။

a ညင်သာစွာ အဆုံးစီရင်ပေးခြင်း (ယူသနေစီးယား) ဆိုတာ “ရောဂါကျွမ်းနေတဲ့သူ၊ ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသူ ဝေဒနာ ဆက်မခံစားရစေဖို့ ဆေးထိုး အဆုံးစီရင်ပေးခြင်း” ဖြစ်တယ်။ အဲဒီလိုလူနာ အသက်ထွက်အောင် ဆရာဝန်က ကူညီပေးရတဲ့အတွက် ဆရာဝန်အကူအညီနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း (PAS) လို့ ခေါ်တယ်။

b ကျမ်းစာမှာပါတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူတွေဟာ ဘုရားအလိုတော်အတိုင်း ကျင့်ကြံပြုမူသူတွေ မဟုတ်ဘူး။​—၂ ရှမွေလ ၁၇:၂၃။ ၁ ဘုရင်များ ၁၆:၁၈။ မဿဲ ၂၇:၃-၅