မာတိကာဆီ ကျော်သွား

ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ

ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 လူ့သမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အခက်အခဲဆုံး အခြေအနေတွေ ကြီးစွာသောဒုက္ခမှာ ဖြစ်ပျက်လာလိမ့်မယ်။ ကျမ်းစာကြိုဟောချက်အရ ဒီကြီးစွာသောဒုက္ခဟာ “နောက်ဆုံးသောနေ့ရက်များ၊” “ချိန်းချက်သော ကာလအဆုံး” မှာ ဖြစ်ပျက်လိမ့်မယ်။ (၂ တိမောသေ ၃:၁။ ဒံယေလ ၁၂:​၄သမ္မာ) “ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။”​​—မာကု ၁၃:၁၉။ ဒံယေလ ၁၂:၁။ မဿဲ ၂၄:​၂၁၊ ၂၂

ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ့်အရာများ

  •   အယူမှားဘာသာ ဖျက်ဆီးခံရမယ်။ အယူမှားဘာသာဟာ အံ့ဩစရာကောင်းလောက်အောင် အလျင်အမြန် ဖျက်ဆီးခံရလိမ့်မယ်။ (ဗျာဒိတ် ၁၇:​၁၊ ၅၊ ၁၈:​၉၊ ၁၀၊ ၂၁) နိုင်ငံရေးအင်အားစုကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ကုလသမဂ္ဂက အယူမှားဘာသာကို ဖျက်ဆီးခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို အကောင်အထည်ဖော်လိမ့်မယ်။​​—ဗျာဒိတ် ၁၇:​၃၊ ၁၅-​၁၈ a

  •   စစ်မှန်တဲ့ဘာသာ တိုက်ခိုက်ခံရမယ်။ ယေဇကျေလရဲ့ စိတ်အာရုံမှာဖော်ပြထားတဲ့ “မာဂေါဂပြည်သား ဂေါဂမင်း” ဟာ တိုင်းနိုင်ငံတွေ ပူးပေါင်းပြီးဖွဲ့ထားတဲ့ မဟာမိတ်အုပ်စုကို ဆိုလိုတယ်။ သူတို့က စစ်မှန်တဲ့ဘာသာမှာ ပါဝင်သူ အားလုံးကို ချေမှုန်းပစ်ဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ဘုရားက ဝတ်ပြုကိုးကွယ်သူတွေကို မဖျက်ဆီးနိုင်အောင် ကာကွယ်ပေးလိမ့်မယ်။​​—ယေဇကျေလ ၃၈:​၁၊ ၂၊ ၉-​၁၂၊ ၁၈-​၂၃

  •   လူသားအားလုံး တရားစီရင်ခံရမယ်။ ယေရှုက လူသားအားလုံးကို တရားစီရင်မှာဖြစ်ပြီး “သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။” (မဿဲ ၂၅:​၃၁-​၃၃) ကောင်းကင်မှာ သူနဲ့အတူ အုပ်ချုပ်မယ့် ‘ညီတွေ’ ကို ထောက်မသလား၊ မထောက်မဘူးလားဆိုတဲ့ အချက်အပေါ်မူတည်ပြီး လူတစ်ဦးချင်းစီကို သူ တရားစီရင်ပါလိမ့်မယ်။​​—မဿဲ ၂၅:​၃၄-​၄၆

  •   နိုင်ငံတော်မှာ အုပ်ချုပ်မယ့်သူတွေကို စုသိမ်းမယ်။ ခရစ်တော်နဲ့အတူ အုပ်ချုပ်ဖို့ ရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေဟာ သူတို့ရဲ့ မြေကြီးအသက်တာ ကုန်ဆုံးပြီး ကောင်းကင်ကို ရှင်ပြန်ထမြောက်ပါလိမ့်မယ်။​​—မဿဲ ၂၄:၃၁။ ၁ ကောရိန္သု ၁၅:​၅၀-​၅၃။ ၁ သက်သာလောနိတ် ၄:​၁၅-​၁၇

  •   အာမဂေဒုန်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ” ဖြစ်ပြီး “ယေဟောဝါဘုရား၏နေ့” လို့လည်း ခေါ်တယ်။ (ဗျာဒိတ် ၁၆:​၁၄၊ ၁၆။ ဟေရှာယ ၁၃:၉။ ၂ ပေတရု ၃:​၁၂) မျက်နှာသာမရသူအဖြစ် ခရစ်တော်စီရင်လိုက်သူတွေ ဖျက်ဆီးခံရပါလိမ့်မယ်။ (ဇေဖနိ ၁:​၁၈။ ၂ သက်သာလောနိတ် ၁:​၆-​၁၀) ကျမ်းစာမှာ ခေါင်းခုနစ်လုံးရှိတဲ့သားရဲနဲ့တင်စားတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်တစ်ခုလုံးလည်း ဖျက်ဆီးခံရပါလိမ့်မယ်။​​—ဗျာဒိတ် ၁၉:​၁၉-​၂၁

ကြီးစွာသောဒုက္ခပြီးနောက် ဖြစ်ပျက်မယ့်အရာများ

  •   စာတန်နဲ့ နတ်ဆိုးတွေ ချုပ်နှောင်ခံရမယ်။ ကောင်းကင်တမန်တစ်ပါးက စာတန်နဲ့ နတ်ဆိုးတွေကို “တွင်းနက်ကြီး” ထဲ ပစ်ချလိမ့်မယ်။ အဲဒီတွင်းနက်ကြီးက ဘာမှမလှုပ်ရှားနိုင်ဘဲ အသက်မဲ့နေသလို အခြေအနေမျိုးကို တင်စားပါတယ်။ (ဗျာဒိတ် ၂၀:​၁-၃) တွင်းနက်ကြီးထဲမှာ စာတန်ရဲ့ အခြေအနေဟာ ထောင်ကျနေတာနဲ့ ဆင်တူပြီး ဘာကိုမှ သူချုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။​​—ဗျာဒိတ် ၂၀:၇

  •   အနှစ်တစ်ထောင်အုပ်ချုပ်မှု စတင်မယ်။ ဘုရားသခင့်နိုင်ငံတော်က အနှစ်တစ်ထောင် အုပ်ချုပ်မှုကို စတင်ပြီး လူသားအားလုံးအပေါ် ကောင်းချီးမင်္ဂလာ သက်ရောက်စေလိမ့်မယ်။ (ဗျာဒိတ် ၅:​၉၊ ၁၀။ ၂၀:​၄၊ ၆) မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” ဟာ “ကြီးစွာသောဒုက္ခမှ ထွက်လာ” ပြီး ကမ္ဘာမြေပေါ် အနှစ်တစ်ထောင် အုပ်ချုပ်မှု စတင်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်။​​—ဗျာဒိတ် ၇:​၉၊ ၁၄။ ဆာလံ ၃၇:​၉-​၁၁

a ဗျာဒိတ်ကျမ်းမှာ အယူမှားဘာသာကို မဟာဗာဗုလုန်၊ “ပြည့်တန်ဆာကြီး” နဲ့တင်စားထားတယ်။ (ဗျာဒိတ ၁၇:​၁၊ ၅) မဟာဗာဗုလုန်ကို ဖျက်ဆီးပစ်မယ့် နီမြန်းတဲ့သားရဲဟာ ကမ္ဘာ့တိုင်းနိုင်ငံတွေကို စည်းလုံးစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းကို ဆိုလိုတယ်။ အစပိုင်းမှာတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးအဖြစ် ပေါ်ပေါက်လာပြီး အခုချိန်မှာ ကုလသမဂ္ဂအဖြစ် တည်ရှိနေတယ်။