မာတိကာဆီ ကျော်သွား

ဗျာဒိတ်အခန်းကြီး ၁၇ မှာဖော်ပြထားတဲ့ နီမြန်းတဲ့သားရဲက ဘာကိုဆိုလိုတာလဲ

ဗျာဒိတ်အခန်းကြီး ၁၇ မှာဖော်ပြထားတဲ့ နီမြန်းတဲ့သားရဲက ဘာကိုဆိုလိုတာလဲ

ကျမ်းစာအဖြေ

 ဗျာဒိတ်အခန်းကြီး ၁၇ မှာဖော်ပြထားတဲ့ နီမြန်းတဲ့သားရဲဆိုတာ ကမ္ဘာ့တိုင်းနိုင်ငံတွေကို စည်းလုံးစေဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းဖြစ်တယ်။ အစပိုင်းမှာတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးအဖြစ်တည်ရှိခဲ့ပြီး အခုချိန်မှာတော့ ကုလသမဂ္ဂအဖြစ် တည်ရှိနေပါတယ်။

နီမြန်းတဲ့သားရဲကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

  1.  ၁။ နိုင်ငံရေးအင်အားစု– နီမြန်းတဲ့သားရဲမှာရှိတဲ့ “ခေါင်းခုနစ်လုံး” က “တောင်ခုနစ်လုံး၊” “ဘုရင်ခုနစ်ပါး” ကိုဆိုလိုပြီး အုပ်ချုပ်မှုအာဏာကို ကိုယ်စားပြုတယ်။ (ဗျာဒိတ် ၁၇:၉၊ ၁၀) သမ္မာကျမ်းစာမှာ တောင်တွေနဲ့ သားရဲတွေကို အစိုးရတွေအဖြစ် ခိုင်းနှိုင်းဖော်ပြတယ်။​—ယေရမိ ၅၁:၂၄၊ ၂၅; ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၇၊ ၂၃

  2.  ၂။ ကမ္ဘာ့နိုင်ငံရေးစနစ်ရဲ့ ပုံရိပ်– နီမြန်းတဲ့သားရဲက ဗျာဒိတ်အခန်းကြီး ၁၃ မှာပါတဲ့၊ ကမ္ဘာ့နိုင်ငံရေးစနစ်ကို ကိုယ်စားပြုတဲ့ ခေါင်းခုနစ်လုံးရှိတဲ့သားရဲနဲ့ ဆင်တူတယ်။ အဲဒီသားရဲနှစ်ကောင်စလုံးမှာ ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနဲ့ ဘုရားသခင်ကိုစော်ကားတဲ့နာမည်တွေ ရှိတယ်။ (ဗျာဒိတ် ၁၃:၁; ၁၇:၃) ဒီလိုဆင်တူချက်က တိုက်ဆိုင်မှုတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် နီမြန်းတဲ့သားရဲဟာ ကမ္ဘာ့နိုင်ငံရေးစနစ်ရဲ့ ပုံရိပ်တစ်ခုဖြစ်တယ်။​—ဗျာဒိတ် ၁၃:၁၅

  3.  ၃။ တခြားအုပ်စိုးရှင်တွေဆီကရတဲ့ အာဏာ– နီမြန်းတဲ့သားရဲ “ပေါ်ထွက်လာ” တာ၊ ဒါမှမဟုတ် တည်ရှိနေနိုင်တာက တခြားအုပ်စိုးရှင်တွေကြောင့် ဖြစ်တယ်။​—ဗျာဒိတ် ၁၇:၁၁၊ ၁၇

  4.  ၄။ ဘာသာရေးနဲ့ ဆက်စပ်နေ– ကမ္ဘာ့အယူမှားဘာသာရေးဖြစ်တဲ့ မဟာဗာဗုလုန်ဟာ နီမြန်းတဲ့သားရဲပေါ်မှာ ထိုင်နေတာကြောင့် ဘာသာရေးအုပ်စုတွေဟာ သားရဲအပေါ်သြဇာလွှမ်းမိုးထားမှန်း သိရတယ်။​—ဗျာဒိတ် ၁၇:၃–၅

  5.  ၅။ ဘုရားသခင်ကို စော်ကားပြောဆို– အဲဒီသားရဲမှာ “ဘုရားသခင်ကိုစော်ကားသောအမည်များဖြင့် ပြည့်” နေတယ်။​—ဗျာဒိတ် ၁၇:၃

  6.  ၆။ ခဏတာ မလှုပ်ရှားနိုင်– နီမြန်းတဲ့သားရဲဟာ “တွင်းနက်ကြီး” a ထဲကျမှာဖြစ်ပြီး ခဏတာမလှုပ်မရှား ဖြစ်သွားမယ်၊ ဒါပေမဲ့ ပြန်ပေါ်လာမှာ ဖြစ်တယ်။​—ဗျာဒိတ် ၁၇:၈

ကျမ်းစာကြိုဟောချက်ပြည့်စုံ

 ကုလသမဂ္ဂနဲ့ သူ့ရဲ့ရှေ့ပြေး နိုင်ငံပေါင်းချုပ်အသင်းကြီးတို့ဟာ နီမြန်းတဲ့သားရဲနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်ကို ဘယ်လိုပြည့်စုံစေခဲ့မှန်း သုံးသပ်ကြည့်ပါ။

  1.  ၁။ နိုင်ငံရေးအင်အားစု– ကုလသမဂ္ဂဟာ “နိုင်ငံအားလုံး သာတူညီမျှအုပ်ချုပ်ခွင့်ရရှိစေရေး” ဆိုတဲ့အချက်ကိုစွဲကိုင်ပြီး နိုင်ငံရေးစနစ်ကို အားပေးထောက်ခံတယ်။

  2.  ၂။ ကမ္ဘာ့နိုင်ငံရေးစနစ်ရဲ့ ပုံရိပ်– ၂၀၁၁ ခုနှစ်မှာ ကုလသမဂ္ဂဟာ နိုင်ငံတစ်ခုကို သူ့ရဲ့ ၁၉၃ ခု မြောက်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ်။ ဒါကြောင့် ကုလသမဂ္ဂဟာ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းနိုင်ငံနဲ့ လူမျိုးစုအားလုံးနီးပါးကို ကိုယ်စားပြုမှန်း သိရတယ်။ b

  3.  ၃။ တခြားအုပ်စိုးရှင်တွေဆီကရတဲ့ အာဏာ– ကုလသမဂ္ဂတည်ရှိနေနိုင်တာက အဖွဲ့ဝင်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုကြောင့်ဖြစ်ပြီး အဲဒီအဖွဲ့ဝင်နိုင်ငံတွေ ခွင့်ပြုထားသလောက်ပဲ သူ့မှာ အစွမ်းတန်ခိုး၊ အခွင့်အာဏာ ရှိတယ်။

  4.  ၄။ ဘာသာရေးနဲ့ ဆက်စပ်နေ– နိုင်ငံပေါင်းချုပ်အသင်းကြီးရော ကုလသမဂ္ဂပါ ကမ္ဘာ့ဘာသာရေးတွေ cရဲ့ အဆက်မပြတ် ထောက်ခံအားပေးမှု ရရှိခဲ့ကြတယ်။

  5.  ၅။ ဘုရားသခင်ကို စော်ကားပြောဆို– “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်” d ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂကို တည်ထောင်ခဲ့တာဖြစ်တယ်။ ကုလသမဂ္ဂရဲ့ရည်ရွယ်ချက်က ကောင်းပုံရပေမဲ့ ဘုရားသခင့်နိုင်ငံတော်အားဖြင့်သာ ပြီးမြောက်နိုင်မယ့်အရာတွေကို သူလုပ်ဆောင်နိုင်တယ်လို့ပြောခြင်းအားဖြင့် ဘုရားသခင်ကို စော်ကားပြောဆိုနေတယ်။​—ဆာလံ ၄၆:၉; ဒံယေလ ၂:​၄၄

  6.  ၆။ ခဏတာ မလှုပ်ရှားနိုင်– ပထမကမ္ဘာစစ်ပြီးနောက် သိပ်မကြာခင်မှာဖွဲ့စည်းခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့ပေမဲ့လည်း အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှု၊ အကြမ်းဖက်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ကြီး စတင်တဲ့ ၁၉၃၉ ခုနှစ်မှာ အဲဒီအဖွဲ့အစည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်မှာတော့ ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့တယ်။ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်၊ နည်းစနစ်၊ ဖွဲ့စည်းပုံအားလုံးဟာ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့ တစ်ထေရာတည်းပါပဲ။

a စာအုပ်တစ်အုပ် (Vine’s Expository Dictionary of Old and New Testament Words) မှာ “တွင်းနက်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးကို “အလွန်တရာနက်တဲ့ တွင်း” အဖြစ် ဖော်ပြတယ်။ ဂျိမ်းစ်ဘုရင် ဘာသာပြန်ကျမ်း မှာ “အဆုံးအစမဲ့ တွင်း” အဖြစ် ပြန်ဆိုတယ်။ ကျမ်းစာမှာတော့ လုံးဝမလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားတဲ့ အခြေအနေတစ်ခု၊ နေရာတစ်ခုအဖြစ် ဖော်ပြတယ်။

b ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၂ ကို ကြည့်ပါ။

c ဥပမာ၊ နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ “မြေကြီးပေါ်မှာအုပ်ချုပ်မယ့် ဘုရားသခင့်နိုင်ငံတော်အစိုးရ” ဖြစ်မယ်ဆိုပြီး အမေရိကန်နိုင်ငံက ပရိုတက်စတင့်ဂိုဏ်းဂဏတွေကို ကိုယ်စားပြုတဲ့ ကောင်စီတစ်ခုက ၁၉၁၈ ခုနှစ်မှာ ကြေညာခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ ဗုဒ္ဓဘာသာ၊ ကက်လသလစ်၊ အရှေ့ပိုင်းသြသဒေါက်စ်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဂျူးဘာသာနဲ့ ပရိုတက်စတင့်စတဲ့ ဘာသာအသီးသီးက ကိုယ်စားလှယ်တွေဟာ ဆန်ဖရန်စစ္စကိုမြို့မှာ ကုလသမဂ္ဂကိုထောက်ခံအားပေးဖို့၊ ဆုတောင်းပေးဖို့ စုရုံးခဲ့ကြတယ်။ ၁၉၇၉ ခုနှစ်မှာ ပုပ်ဂျွန်ပေါလ် ၂ က ကုလသမဂ္ဂကို “ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် တရားရုံးချုပ်” အဖြစ် အမြဲတည်ရှိသွားဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်။

d ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၁ ကို ကြည့်ပါ။