မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ

ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ

 “သခင့်ညစာ၊” နောက်ဆုံးညစာ၊ ယေရှုရဲ့သေခြင်းကို အောက်မေ့သတိရတဲ့ပွဲလို့ သိထားကြတဲ့ သခင့်ညစာစားပွဲကို ကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်း ယေဟောဝါသက်သေတွေ အတိအကျ ကျင်းပကြတယ်။ (၁ ကောရိန္သု ၁၁:၂၀; ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း) ဒါပေမဲ့ ဒီပွဲနဲ့ပတ်သက်ပြီး တခြားဂိုဏ်းဂဏတွေရဲ့ ယုံကြည်ချက်၊ ပွဲကျင်းပပုံတွေကတော့ ကျမ်းစာပြောသလို မဟုတ်ဘူး။

ရည်ရွယ်ချက်

 သခင့်ညစာစားပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ယေရှုကို အမှတ်ရဖို့၊ ကျွန်ုပ်တို့အကျိုးအတွက် အသက်ပေးဆက်သွားတဲ့ ကိုယ်တော့်ကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ဖြစ်တယ်။ (မဿဲ ၂၀:၂၈; ၁ ကောရိန္သု ၁၁:၂၄) ဒီပွဲဟာ ပွဲတော်မင်္ဂလာ ဒါမှမဟုတ် ကျေးဇူးတော်ချီးမွမ်းခြင်း၊ အပြစ်ခွင့်လွှတ်ခံရခြင်း a စတဲ့ကောင်းမှုကို ဖော်ပြတဲ့ ဘာသာရေးဓလေ့ထုံးစံတစ်ခု မဟုတ်ပါဘူး။ ကျွန်ုပ်တို့အပြစ်တွေ ခွင့်လွှတ်ခံရတာက ဘာသာရေးဓလေ့ထုံးစံတစ်ခုကြောင့်မဟုတ်ဘဲ ယေရှုကို ယုံကြည်ခြင်းကြောင့်ဖြစ်တယ်ဆိုပြီး ကျမ်းစာမှာ သွန်သင်ထားပါတယ်။​—ရောမ ၃:၂၅; ၁ ယောဟန် ၂:၁၊ ၂

ဘယ်နှစ်ကြိမ်ကျင်းပရမလဲ

 ယေရှုက တပည့်တွေကို သခင့်ညစာစားပွဲကျင်းပဖို့ မိန့်မှာခဲ့ပေမဲ့ ဘယ်နှစ်ကြိမ်ကျင်းပပါဆိုပြီး အတိအကျ မပြောခဲ့ဘူး။ (လုကာ ၂၂:၁၉) တချို့က လစဉ်ကျင်းပသင့်တယ်လို့ ပြောကြပြီး တချို့ကျတော့ အပတ်စဉ်၊ နေ့စဉ် အခေါက်ပေါင်းများစွာ ဒါမှမဟုတ် သင့်တော်တဲ့အခါတိုင်း b ကျင်းပသင့်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သုံးသပ်သင့်တဲ့အချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။

 ယေရှုက ဂျူးတွေရဲ့ပသခါပွဲကျင်းပတဲ့နေ့မှာ သခင့်ညစာစားပွဲကို အစပြုကျင်းပပေးခဲ့ပြီး အဲဒီနေ့နောက်ပိုင်းမှာပဲ ကိုယ်တော်သေဆုံးခဲ့တယ်။ (မဿဲ ၂၆:၁၊ ၂) ဒါဟာ တိုက်ဆိုင်မှု လုံးဝမဟုတ်ဘူး။ ကျမ်းစာမှာ ယေရှုရဲ့ပူဇော်ရာယဇ်ကို ပသခါသိုးသငယ်နဲ့ နှိုင်းယှဉ်ထားပါတယ်။ (၁ ကောရိန္သု ၅:၇၊ ၈) ပဿခါပွဲကို တစ်နှစ်မှာတစ်ကြိမ်သာ ကျင်းပခဲ့ကြတယ်။ (ထွက်မြောက်ရာ ၁၂:၁–၆; ဝတ်ပြုရာ ၂၃:၅) အလားတူ အစောပိုင်းခရစ်ယာန်တွေဟာ ယေရှုရဲ့သေခြင်းကို သတိရအောက်မေ့တဲ့ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပခဲ့ကြပြီး c ယေဟောဝါသက်သေတွေလည်း အဲဒီပုံစံအတိုင်း လုပ်ဆောင်ကြပါတယ်။

နေ့ရက်နဲ့ အချိန်

 ဒီပွဲကို ယေရှုလုပ်သွားတဲ့ပုံစံက အောက်မေ့ရာပွဲကျင်းပရမယ့် အကြိမ်အရေအတွက်ကိုသာမက ဘယ်နေ့ရက်၊ ဘယ်အချိန်နာရီမှာ ကျင်းပရမယ်ဆိုတာကိုပါ သိရှိစေတယ်။ လကိုအခြေခံပြီးတွက်ချက်ထားတဲ့ ကျမ်းစာပြက္ခဒိန်အရ အေဒီ ၃၃၊ နိသန်လ ၁၄ ရက် နေဝင်ပြီးနောက်မှာ ဒီပွဲကို ကိုယ်တော်ကျင်းပခဲ့တယ်။ (မဿဲ ၂၆:၁၈–၂၀၊ ၂၆) ကျွန်ုပ်တို့ဟာ အစောပိုင်းခရစ်ယာန်တွေရဲ့ ထုံးစံအတိုင်း နှစ်စဉ် အဲဒီနေ့မှာ အောက်မေ့ရာပွဲကို ကျင်းပကြပါတယ်။ d

 အေဒီ ၃၃၊ နိသန်လ ၁၄ ရက်ဟာ သောကြာနေ့မှာကျပေမဲ့ အဲဒီရက်စွဲကျရောက်တဲ့နေ့ဟာ တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ နှစ်စဉ် နိသန်လ ၁၄ ရက်ကျရောက်တဲ့နေ့ကို သတ်မှတ်ရာမှာ ခေတ်သစ်ဂျူးပြက္ခဒိန်ကိုမသုံးဘဲ ယေရှုခေတ်က အသုံးပြုခဲ့တဲ့နည်းကိုသုံးပြီး တွက်ချက်တယ်။ e

မုန့်နဲ့ ဝိုင်

 ယေရှုဟာ ပသခါပွဲကကျန်တဲ့ တဆေးမဲ့မုန့်နဲ့ ဝိုင်နီကိုသုံးပြီး ဒီပွဲအသစ်ကို ကျင်းပခဲ့ပါတယ်။ (မဿဲ ၂၆:၂၆–၂၈) အဲဒီပုံနမူနာအတိုင်း ယေဟောဝါသက်သေတွေက တဆေးနဲ့ တခြားပစ္စည်းတွေမရောထားတဲ့မုန့်၊ အနီရောင်ဝိုင်စစ်စစ်ကို သုံးတယ်။ စပျစ်အချိုရည်၊ အချို၊ အရသာ၊ အမွှေးအကြိုင်ပါတဲ့ဝိုင်ကို မသုံးဘူး။

 တချို့ဂိုဏ်းဂဏတွေက တဆေးပါတဲ့ ပေါင်မုန့်ကိုအသုံးပြုကြတယ်၊ ဒါပေမဲ့ ကျမ်းစာမှာ တဆေးကို အပြစ်၊ ဖောက်ပြန်ယိုယွင်းမှုကို ပုံဆောင်ဖို့အတွက် အသုံးပြုတယ်။ (လုကာ ၁၂:၁; ၁ ကောရိန္သု ၅:၆–၈; ဂလာတိ ၅:၇–၉) ဒါကြောင့် တဆေးနဲ့ တခြားပစ္စည်းတွေမရောထားတဲ့ မုန့်ကသာ ခရစ်တော်ရဲ့ အပြစ်မဲ့ခန္ဓာကိုယ်ကို ပုံဆောင်ဖို့ သင့်တော်ပါတယ်။ (၁ ပေတရု ၂:၂၂) ကျမ်းစာသွန်သင်ချက်မဟုတ်တဲ့ ထုံးစံတစ်ခုကတော့ အချဉ်မဖောက်ထားတဲ့ စပျစ်ဖျော်ရည်ကို ဝိုင်နေရာမှာ အစားထိုးခြင်း ဖြစ်တယ်။ တချို့ချာ့ချ်တွေက အဲဒီအတိုင်းလုပ်ကြတယ်။ အကြောင်းကတော့ အရက်ယမကာသောက်ခြင်းကို သူတို့သဘောနဲ့သူတို့ တားမြစ်ထားတဲ့အတွက်ကြောင့်ပဲ။​—၁ တိမောသေ ၅:၂၃

အထိမ်းအမှတ်တွေဟာ တကယ့်အသွေး၊ အသားမဟုတ်

 အောက်မေ့ရာပွဲမှာ အသုံးပြုတဲ့ တဆေးမဲ့မုန့်နဲ့ ဝိုင်နီဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာနဲ့ သွေးကို ပုံဆောင်တဲ့ အထိမ်းအမှတ်တွေဖြစ်တယ်။ တချို့သူတွေယုံကြည်သလို အဲဒီအထိမ်းအမှတ်တွေဟာ ယေရှုရဲ့ တကယ့်အသွေး၊ အသားအဖြစ် အံ့ဖွယ်နည်းနဲ့ ပြောင်းလဲသွားတာ၊ ရောပြွမ်းသွားတာ မဟုတ်ပါဘူး။ အဲဒီအချက်ကိုနားလည်နိုင်မယ့် ကျမ်းစာရှင်းပြချက်တွေကို သုံးသပ်ကြည့်ပါ။

  •   ယေရှုက နောက်လိုက်တပည့်တွေကို သူ့သွေးကိုသောက်ဖို့ မိန့်မှာခဲ့တယ်ဆိုရင် ဒါက သွေးအသုံးပြုခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ဖို့ တိုက်တွန်းရာရောက်ပါလိမ့်မယ်။ (ကမ္ဘာဦး ၉:၄; တမန်တော် ၁၅:၂၈၊ ၂၉) ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး၊ သွေးရဲ့မြင့်မြတ်မှုနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ဖို့ တခြားသူတွေကို ယေရှု ဘယ်တုန်းကမှ မသွန်သင်ခဲ့ဘူး။​—ယောဟန် ၈:၂၈၊ ၂၉

  •   တမန်တော်တွေသာ ယေရှုရဲ့ပကတိသွေးကို သောက်ခဲ့ကြတယ်ဆိုရင် ပေးဆက်တော့မယ့် ပူဇော်ရာယဇ်အကြောင်း ကိုယ်တော်ပြောတဲ့အခါ “သွန်းလောင်းမည့်” သွေးဆိုပြီး ပြောနိုင်မှာမဟုတ်တော့ဘူး။​—မဿဲ ၂၆:၂၈

  •   ယေရှုရဲ့ပူဇော်ရာယဇ်က “တစ်ကြိမ်တည်းအပြီး” ပူဇော်ခဲ့တာဖြစ်တယ်။ (ဟေဗြဲ ၉:၂၅၊ ၂၆) ဒါပေမဲ့ မုန့်နဲ့ဝိုင်ဟာ သခင့်ညစာစားပွဲအတွင်း ကိုယ်တော့်အသွေး၊ အသားအဖြစ် ပြောင်းလဲသွားခဲ့တယ်ဆိုရင် ယေရှုက ပူဇော်ရာယဇ်ကို အကြိမ်ကြိမ်ပူဇော်တဲ့သဘော ဖြစ်သွားပါလိမ့်မယ်။

  •   “ငါ့ကိုယဇ်အနေနဲ့ ပူဇော်ဖို့ ဤသို့ပြုလျက်နေကြလော့” ဆိုပြီး မပြောဘဲ “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” လို့သာ ယေရှုပြောခဲ့တယ်။​—၁ ကောရိန္သု ၁၁:၂၄

 ပွဲတော်မုန့်နဲ့ ဝိုင်ဟာ ခရစ်တော်ရဲ့ ပကတိအသွေးအသားအဖြစ် ပြောင်းလဲသွားတယ်ဆိုပြီး လက်ခံသူတွေက သူတို့ရဲ့ယုံကြည်ချက်ဟာ ကျမ်းချက်တချို့မှာပါတဲ့ စကားလုံးတွေအပေါ် အခြေခံထားတာလို့ ဆိုကြတယ်။ ဥပမာ၊ ဘာသာပြန်ကျမ်းအတော်များများမှာ ယေရှုက ဝိုင်နဲ့ပတ်သက်ပြီး “ငါ၏အသွေးဖြစ်၏” လို့ပြောတယ်ဆိုပြီး ဖော်ပြထားတယ်။ (မဿဲ ၂၆:၂၈) ဒါပေမဲ့ ယေရှုရဲ့စကားကို “ဒါက ငါ့ရဲ့သွေးကို ရည်ညွှန်းတာ၊” “ဒါက ငါ့ရဲ့သွေးကို ကိုယ်စားပြုတယ်၊” “ဒါက ငါ့ရဲ့သွေးဆိုတဲ့ သဘောမျိုးပဲ” လို့လည်း ပြန်ဆိုနိုင်ပါတယ်။ f ယေရှုဟာ သူမကြာခဏ လုပ်ဆောင်လေ့ရှိတဲ့အတိုင်း ပုံဥပမာသုံးပြီး သွန်သင်ပေးနေတာဖြစ်တယ်။​—မဿဲ ၁၃:၃၄၊ ၃၅

ဘယ်သူတွေ စားသုံးကြသလဲ

 ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲကျင်းပတဲ့အခါ လူအနည်းစုကပဲ မုန့်နဲ့ဝိုင်ကို သုံးဆောင်ကြတယ်။ ဘာကြောင့်များလဲ။

 ယေရှုသွန်းလောင်းခဲ့တဲ့သွေးက ယေဟောဝါနဲ့ ရှေးခေတ်အစ္စရေးလူမျိုးဖွဲ့ခဲ့တဲ့ ပဋိညာဉ်နေရာမှာ အစားထိုးမယ့် “ပဋိညာဉ်သစ်” ကို အတည်ပြုပေးတယ်။ (ဟေဗြဲ ၈:၁၀–၁၃) ပဋိညာဉ်သစ်မှာပါဝင်သူတွေက အောက်မေ့ရာပွဲအထိမ်းအမှတ်တွေကို စားသုံးကြတယ်။ အဲဒီလိုစားသုံးသူတွေဟာ ခရစ်ယာန်အားလုံးမဟုတ်ဘဲ အထူးနည်းလမ်းနဲ့ ဘုရားသခင့် “ခေါ်တော်မူခြင်းခံရသူတို့” သာ ဖြစ်တယ်။ (ဟေဗြဲ ၉:၁၅; လုကာ ၂၂:၂၀) သူတို့တွေဟာ ခရစ်တော်နဲ့အတူ ကောင်းကင်မှာအုပ်ချုပ်မှာဖြစ်ပြီး ဒီအခွင့်ထူးကို လူ ၁၄၄,၀၀၀ ပဲရရှိမယ်ဆိုတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။​—လုကာ ၂၂:၂၈–၃၀; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊

 “သိုးစုငယ်” အဖြစ် ခေါ်ဆိုခံရတဲ့ သူတို့ဟာ ခရစ်တော်နဲ့အတူတွဲဖက်အုပ်ချုပ်မှာဖြစ်ပြီး ယေဟောဝါသက်သေအများစုကတော့ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ခွင့်ရမယ့် “လူအုပ်ကြီး” အဝင်ဖြစ်ဖို့ မျှော်လင့်ကြတယ်။ (လုကာ ၁၂:၃၂; ဗျာဒိတ် ၇:၉၊ ၁၀) မြေကြီးပေါ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ ကျွန်ုပ်တို့ဟာ အောက်မေ့ရာပွဲအထိမ်းအမှတ်တွေကို မစားသုံးကြပေမဲ့လည်း အတူတူတက်ရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေရှု စွန့်လွှတ်ခဲ့တဲ့ပူဇော်ရာယဇ်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြတယ်။​—၁ ယောဟန် ၂:၂

a မက်ကလင်းတော့ခ်နဲ့ စထရောင်းတို့ရဲ့ စွယ်စုံကျမ်း (McClintock and Strong’s Cyclopedia) အတွဲ ၉၊ စာမျက်နှာ ၂၁၂ မှာ ခုလိုဖော်ပြထားတယ်– “ပွဲတော်မင်္ဂလာဆိုတဲ့ အသုံးအနှုန်းကို ဓမ္မသစ်ကျမ်းမှာမတွေ့ရသလို လျှို့ဝှက်နက်နဲခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဂရိစကားလုံး μυστήριον [မစ္စတီရီအောန်] ကိုလည်း နှစ်ခြင်း၊ သခင့်ညစာ ဒါမှမဟုတ် တခြားပွဲနေ့တွေအတွက် သုံးထားတာမျိုး မတွေ့ရဘူး။”

b ဘာသာပြန်ကျမ်းတချို့က သခင့်ညစာစားပွဲနဲ့ပတ်သက်ပြီး ဖော်ပြရာမှာ “မကြာခဏ” ဆိုတဲ့အသုံးအနှုန်းကို သုံးထားတယ်။ သခင့်ညစာစားပွဲကို ဘယ်နှစ်ကြိမ်ကျင်းပရမယ်ဆိုတာ အဲဒီအသုံးအနှုန်းက ဖော်ပြနေတယ်လို့ အနက်ဖွင့်ကြတယ်။ ဒါပေမဲ့ မူရင်းဘာသာစကားမှာ အထက်အောက်စာသားအရ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်မှန်က “အခါတိုင်း” ဒါမှမဟုတ် “အကြိမ်တိုင်း” ဖြစ်တယ်။​—၁ ကောရိန္သု ၁၁:၂၅၊ ၂၆; New International Version; Good News Translation.

c (The New Schaff–Herzog Encyclopedia of Religious Knowledge) အတွဲ ၄၊ စာမျက်နှာ ၄၃–၄၄ နဲ့ (McClintock and Strong’s Cyclopedia) အတွဲ ၈၊ စာမျက်နှာ ၈၃၆ တို့ကို ကြည့်ပါ။

d The New Cambridge History of the Bible, အတွဲ ၁၊ စာမျက်နှာ ၈၄၁ ကို ကြည့်ပါ။

e ခေတ်သစ်ဂျူးပြက္ခဒိန်က နက္ခတ္တဗေဒနည်းနဲ့ လဆန်းရက်ကိုတွက်ချက်ပြီး နိသန်လရဲ့အစကို သတ်မှတ်တယ်၊ ဒါပေမဲ့ အဲဒီတွက်ချက်နည်းကို ပထမရာစုအချိန်မှာ အသုံးမပြုခဲ့ကြဘူး။ ဂျေရုဆလင်ကနေ ဆန်းစလကို ပထမဆုံးမြင်ရတဲ့အချိန်က နိသန်လရဲ့အစဖြစ်တယ်၊ အဲဒီလိုမြင်ရတဲ့အချိန်က နက္ခတ္တဗေဒနည်းနဲ့တွက်ချက်ထားတဲ့ အချိန်ထက် တစ်ရက် ဒါမှမဟုတ် အဲဒီထက်မက နောက်ကျတယ်။ ဒီကွာခြားချက်က ယေဟောဝါသက်သေတွေ သတိရအောက်မေ့ပွဲကျင်းပတဲ့ရက်စွဲနဲ့ ခေတ်သစ်ဂျူးတွေ ပသခါပွဲကျင်းပတဲ့ရက်စွဲ အမြဲတစ်ထပ်တည်းမကျရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်။

f A New Translation of the Bible, by James Moffatt; The New Testament​—A Translation in the Language of the People, by Charles B. Williams; and The Original New Testament, by Hugh J. Schonfield တို့ကို ကြည့်ပါ။