မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ကျမ်းစာကို ဘာကြောင့်ဖတ်သင့်သလဲ

ကျမ်းစာကို ဘာကြောင့်ဖတ်သင့်သလဲ

“ကျမ်းစာက နားလည်ဖို့ ခက်လွန်းတယ်လို့ ကျွန်မ​ထင်တယ်။”—ဂျူဗီ

“ကျမ်းစာ​ဖတ်ရတာ သိပ်​ပျင်းစရာ​ကောင်းတာပဲ။”—ကွီနီ

“ကျမ်းစာ​အထူကြီးကို ကြည့်လိုက်တာနဲ့ ဖတ်ချင်​စိတ်​ပျောက်သွားတာပဲ။”—အီဇီကဲလ်

ကျမ်းစာ​ဖတ်မယ်လို့ စိတ်ကူးပြီးကာမှ အပေါ်မှာဖော်ပြထားတဲ့ အကြောင်းရင်း​တွေကြောင့် ဖတ်ဖို့ တွန့်ဆုတ်​ဖူးသလား။ လူအများက ကျမ်းစာ​ဖတ်ဖို့ ဝန်လေး​ကြတယ်။ ဒါပေမဲ့ ကျမ်းစာက သင့်​အသက်တာကို ပိုပြီး​ကျေနပ်​ပျော်ရွှင်အောင် ကူညီ​ပေးနိုင်မယ်ဆိုရင်ကော။ ကျမ်းစာကို စိတ်ဝင်တစား ဖတ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုရင်ကော။ ကျမ်းစာကနေ ဘယ်လို​အကျိုး​ရနိုင်မလဲဆိုတာကို တစ်ချက်လောက် ဆန်းစစ်ကြည့်ပါလား။

ကျမ်းစာ​ကိုဖတ်ပြီးနောက် အကျိုး​ရရှိခဲ့သူတွေရဲ့ မှတ်ချက်​တချို့ကို သုံးသပ်ကြည့်ပါ။

အသက် ၂၀ ဝန်းကျင်ရှိတဲ့ အီဇီကဲလ်က “အရင်ကဆိုရင် ကျွန်တော်ဟာ ဦးတည်ချက်မရှိဘဲ ကား​မောင်း​နေတဲ့သူနဲ့ တူတယ်။ ဒါပေမဲ့ ကျမ်းစာ​ဖတ်တဲ့အခါ ကျွန်တော့်​ဘဝဟာ အဓိပ္ပာယ်​ရှိလာတယ်။ ကျမ်းစာမှာ နေ့စဉ်​အသက်တာ​အတွက် လက်တွေ့ကျ အကြံပြုချက်​တွေပါတယ်” လို့ပြောပြတယ်။

အသက် ၂၀ ဝန်းကျင်ရှိတဲ့ ဖရီးဒါကလည်း “ကျွန်မဟာ စိတ်မြန်လက်မြန် လုပ်တတ်တဲ့သူပါ။ ဒါပေမဲ့ ကျမ်းစာဖတ်တော့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်း​တတ်လာတယ်။ ဒါကြောင့် ပေါင်းသင်း​ဆက်ဆံရေး​မှာ တိုးတက်လာပြီး အခုဆို သူငယ်ချင်း​အများကြီး ရလာတယ်” လို့ပြောပြတယ်။

အသက် ၅၀ အရွယ် ယူးနစ်ကလည်း “ကျမ်းစာဖတ်တာက ကျွန်မရဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲပြီး ပိုကောင်းတဲ့​လူ​တစ်ယောက် ဖြစ်လာအောင် ကူညီပေးတယ်” လို့ပြောပြတယ်။

ဒီမှာဖော်ပြထားတဲ့သူတွေနဲ့ သန်းပေါင်းများစွာသောသူတွေ သိရှိခဲ့သလိုပဲ ကျမ်းစာ​ဖတ်ရှုခြင်းဟာ သင့်ကို ကျေနပ်​ပျော်ရွှင်တဲ့​အသက်တာ ပိုင်ဆိုင်ဖို့ ကူညီပေးနိုင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါတင်မက (၁) ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင်၊ (၂) မိတ်ဆွေစစ် ရနိုင်အောင်၊ (၃) ဖိစီးမှုကို ရင်ဆိုင်​ဖြေရှင်း​နိုင်အောင်၊ (၄) အကောင်းဆုံးကတော့ ဘုရား​သခင်​အကြောင်း ပိုသိလာအောင် ကူညီပေးနိုင်တယ်။ ကျမ်းစာပါ အကြံပြုချက်တွေဟာ ဘုရား​သခင်​ဆီက လာတာဖြစ်လို့ လိုက်နာမယ်ဆိုရင် ဘယ်တော့မှ မမှားနိုင်ဘူး။ ဘုရား​သခင်က ဘယ်တော့မှ မကောင်းတဲ့​အကြံဉာဏ် မပေးပါဘူး။

အရေးကြီးတာက ကျမ်းစာကို စတင်ဖတ်ရှုဖို့ပါပဲ။ အဲဒီလိုအစပြုတဲ့အခါ လွယ်ကူပြီး ဖတ်ချင်စိတ်ရှိလာအောင် ဘယ်လက်တွေ့ကျ အကြံပြုချက်တွေက ကူညီပေးနိုင်သလဲ။