မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

မေးခွန်းတိုင်းကို ကျမ်းစာနဲ့ သူတို့ အဖြေပေး

မေးခွန်းတိုင်းကို ကျမ်းစာနဲ့ သူတို့ အဖြေပေး
  • မွေးဖွားတဲ့နှစ်– ၁၉၅၀

  • နေရင်းနိုင်ငံ– စပိန်

  • နောက်ခံ– ခရစ်ယာန် သီလရှင်

အတိတ်–

စပိန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ မိသားစုပိုင် လယ်ကွက်လေးရှိတဲ့ ဂါလီရှာရွာလေးမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၈ ယောက်မှာ ကျွန်မက လေးယောက်မြောက်သမီးပါ။ ကျွန်မတို့ရဲ့မိသားစုဘဝက ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးပါ။ အဲဒီအချိန်၊ စပိန်နိုင်ငံမှာ မိသားစုထဲက အနည်းဆုံး ကလေးတစ်ယောက်ကို ခရစ်ယာန် ဘုန်းကြီးကျောင်း ဒါမှမဟုတ် သီလရှင်ကျောင်းကို ပို့တယ်။ ကျွန်မတို့မိသားစုမှာတော့ ကျွန်မတို့မောင်နှမသုံးယောက်ကို ပို့လိုက်တယ်။

ကျွန်မ အသက် ၁၃ နှစ်မှာ အစ်မရှိနေတဲ့ မက်ဒရစ်မြို့က ခရစ်ယာန်သီလရှင်ကျောင်းကို ရောက်သွားတယ်။ သီလရှင်ကျောင်းက စည်းမျဉ်းစည်းကမ်းတွေ၊ ဆုတောင်းချက်တွေနဲ့ ခြိုးခြံချွေတာမှုတွေပဲရှိပြီး ခင်မင်ရင်းနှီးမှု မရှိကြဘူး။ မနက်စောစောဆိုရင် ဝတ်ပြုဆုတောင်းတဲ့နေရာမှာ တရားထိုင်ဖို့ စုဆုံကြရပေမဲ့ ကျွန်မ အာရုံစုစည်းလို့မရဘူး။ ပြီးတဲ့နောက် လက်တင်စကားနဲ့ပဲ ဘုရားသီချင်းတွေဆိုပြီး မားစ်ပွဲတော်ကျင်းပကြတယ်။ ကျွန်မ ဘာမှနားမလည်ဘူး။ ဒါကြောင့် ဘုရားနဲ့ဝေးကွာလာတယ်လို့ ခံစားရတယ်။ သီလရှင်ကျောင်းမှာ နေရတဲ့အချိန်တွေဟာ တိတ်ဆိတ်ခြောက်ကပ်စွာနဲ့ပဲ ကုန်ဆုံးသွားတယ်။ အစ်မနဲ့တွေ့ရင်တောင် နှုတ်ဆက်စကားလေးပဲ ပြောခွင့်ရတယ်။ သီလရှင်တွေက ကျွန်မတို့အားလုံးကို အစာစားပြီးရင် နာရီဝက်ပဲ စကားပြောခွင့်ပေးတယ်။ ပျော်စရာကောင်းတဲ့ ကျွန်မတို့မိသားစုဘဝနဲ့ တခြားစီပါပဲ။ အထီးကျန်တယ်လို့ ခံစားရပြီး ငိုခဲ့ရတဲ့အချိန်တွေလည်းရှိတယ်။

ဘုရားနဲ့ဝေးကွာလွန်းတယ်လို့ ခံစားရပေမဲ့လည်း ကျွန်မအသက် ၁၇ နှစ်မှာ သီလရှင်ဖြစ်လာတယ်။ မျှော်လင့်ထားသလို ကျွန်မ သီလရှင် ဖြစ်လာခဲ့ပေမဲ့ ဒါက ဘုရားအလိုတော် ဟုတ်မဟုတ်ဆိုတာ ကျွန်မ စပြီးသံသယဖြစ်လာတယ်။ အဲဒီလိုသံသယရှိသူတွေဟာ ငရဲကြီးလိမ့်မယ်လို့ သီလရှင်တွေ ပြောတတ်ကြပေမဲ့ ကျွန်မကတော့ သံသယရှိနေတုန်းပဲ။ ယေရှုခရစ်တောင် လူတွေနဲ့သီးခြားမနေဘဲ တခြားသူတွေကို သွန်သင်ပေးတာ၊ ကူညီပေးတာတွေနဲ့ အလုပ်များနေခဲ့တယ်ဆိုတာ ကျွန်မသိထားတယ်။ (မဿဲ ၄:၂၃-၂၅) အသက် ၂၀ ရောက်တော့ သီလရှင်ဆက်လုပ်ဖို့ အကြောင်းရင်းကို ကျွန်မစဉ်းစားလို့ မရတော့ဘူး။ အံ့ဩစရာက ကျွန်မ သီလရှင်ဆက်လုပ်ဖို့ မသေချာတော့ဘူးဆိုရင် ကျောင်းကနေ မြန်မြန်ထွက်သွားတာကောင်းတယ်လို့ သီလရှင်ကျောင်းအုပ် ပြောလာတယ်။ ကျွန်မကြောင့် တခြားသူတွေလည်း စိတ်ပြောင်းလဲသွားမှာကို သူစိုးရိမ်လို့ ဖြစ်နိုင်တယ်။ ဒါနဲ့ ကျွန်မလည်း သီလရှင်ကျောင်းကနေ ထွက်လာခဲ့တယ်။

ကျွန်မအိမ်ပြန်သွားတဲ့အခါ မိဘတွေက အပြစ်မတင်ကြဘူး။ ဒါပေမဲ့ ရွာမှာအလုပ်မရှိတော့ မောင်လေးရှိတဲ့ ဂျာမနီနိုင်ငံကို ကျွန်မ ပြောင်းသွားတယ်။ သူက ပြည်ပရောက် စပိန်ကွန်မြူနစ်အဖွဲ့မှာ တက်တက်ကြွကြွ အလုပ်လုပ်နေတယ်။ အလုပ်သမားအခွင့်အရေးရရှိဖို့နဲ့ အမျိုးသမီးတွေလည်း အခွင့်အရေးတန်းတူရရှိဖို့ လုပ်ဆောင်နေကြတဲ့ သူတို့နဲ့အတူနေရတာ ကျွန်မ စိတ်ချမ်းသာတယ်။ ဒါနဲ့ ကျွန်မလည်း ကွန်မြူနစ်အဖွဲ့ဝင်ဖြစ်လာပြီး နောက်ပိုင်းမှာ အဖွဲ့ဝင်တစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ ကွန်မြူနစ်စာပေတွေကို လိုက်ဝေတာ၊ ဆန္ဒပြပွဲတွေမှာပါဝင်တာက အဓိပ္ပာယ်ရှိတဲ့အလုပ်ကို လုပ်နေတယ်လို့ ခံစားရတယ်။

ဒါပေမဲ့ ကျွန်မစိတ်ဓာတ်ကျလာပြန်တယ်။ ကွန်မြူနစ်တွေက သူတို့ပြောတဲ့အတိုင်းမလုပ်ဘူးလို့ ကျွန်မခံစားရတယ်။ ၁၉၇၁ ခုနှစ်မှာ ကျွန်မတို့အဖွဲ့ထဲက လူငယ်တချို့ဟာ ဖရန့်ခ်ဖာ့တ်မြို့မှာရှိတဲ့ စပိန်ကောင်စစ်ဝန်ရုံးကို မီးသွားရှို့တဲ့အခါ ကျွန်မခံစားချက် မှန်တယ်လို့ ပိုယုံကြည်လာတယ်။ စပိန်နိုင်ငံက အာဏာရှင်စနစ်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ချင်လို့ မီးသွားရှို့တာဖြစ်ပေမဲ့ သူတို့ရဲ့ နာကြည်းမှုကို အဲဒီလိုနည်းနဲ့ ဖော်ပြတာက မှားနေတယ်လို့ ကျွန်မထင်တယ်။

သားဦးလေးကို မွေးပြီးတဲ့နောက် ကွန်မြူနစ်အစည်းအဝေးတွေကို ဆက်မတက်တော့ဘူးလို့ ခင်ပွန်းကို ကျွန်မ ပြောလိုက်တယ်။ သူငယ်ချင်းတွေလည်း ကျွန်မနဲ့ ကလေးဆီ မလာကြတော့ဘူး။ ကျွန်မအရမ်းအထီးကျန်တာပဲ။ ဘာအတွက် အသက်ရှင်နေရတာလဲဆိုတာ သိချင်လာမိတယ်။ လူ့အဖွဲ့အစည်းကို တိုးတက်အောင်လုပ်တာက တကယ်ပဲ အကျိုးရောရှိရဲ့လား။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ–

၁၉၇၆ ခုနှစ်မှာ ကျွန်မအိမ်ကို စပိန်လူမျိုး ယေဟောဝါသက်သေ ဇနီးမောင်နှံ ရောက်လာတယ်။ သူတို့ပေးတဲ့ ကျမ်းစာစာပေတွေကို ကျွန်မလက်ခံလိုက်တယ်။ ဒုတိယအကြိမ် သူတို့ လာလည်တဲ့အခါ ကျွန်မသိချင်နေတဲ့ ဆင်းရဲဒုက္ခ၊ မတရားမှုနဲ့ မမျှတမှုအကြောင်းတွေကို ဆက်တိုက်မေးတော့တာပဲ။ ကျွန်မမေးတဲ့ မေးခွန်းတိုင်းကို ကျမ်းစာနဲ့ သူတို့ အဖြေပေးသွားကြလို့ အံ့ဩမိတယ်။ ဒါနဲ့ ကျမ်းစာလေ့လာဖို့ ကျွန်မ လက်ခံလိုက်တယ်။

ပထမတော့ ကျမ်းစာအကြောင်း သိဖို့လောက်ပဲ လေ့လာတာပါ။ ကျွန်မတို့ ဇနီးမောင်နှံ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးသွားတက်တယ်။ အဲဒီအချိန်မှာ ကျွန်မတို့မှာ ကလေးနှစ်ယောက်ရှိနေပြီ။ သက်သေခံတွေက ကျွန်မတို့ကို လာခေါ်ပေးတယ်။ အစည်းအဝေးမှာလည်း ကလေးတွေကို ဝိုင်းထိန်းပေးကြတယ်။ ဒီလိုနဲ့ သက်သေခံတွေကို ကျွန်မ ခင်လာတယ်။

ဒါတောင်မှ ဘာသာရေးနဲ့ပတ်သက်ပြီး သံသယရှိနေတုန်းပဲ။ စပိန်နိုင်ငံမှာရှိတဲ့ ကျွန်မမိသားစုဆီ ပြန်သွားလည်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တဲ့ ဦးလေးက ကျမ်းစာဆက်မလေ့လာဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ စပိန်နိုင်ငံမှာရှိတဲ့ သက်သေခံတွေက ကျွန်မကို အများကြီးကူညီပေးခဲ့ကြတယ်။ သူတို့လည်း ဂျာမနီမှာရှိတဲ့ သက်သေခံတွေလိုပဲ ကျွန်မရဲ့မေးခွန်းတွေကို ကျမ်းစာနဲ့ပြန်ဖြေပေးကြတယ်။ ဒါကြောင့် ဂျာမနီပြန်ရောက်တဲ့အခါ ကျမ်းစာဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ခင်ပွန်းက ကျမ်းစာဆက်မလေ့လာတော့ပေမဲ့ ကျွန်မကတော့ ဆက်လေ့လာခဲ့တယ်။ ၁၉၇၈ ခုနှစ်မှာ နှစ်ခြင်းခံလိုက်ပြီး ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ–

တိကျမှန်ကန်တဲ့ ကျမ်းစာအသိပညာကြောင့် ဘဝနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်နဲ့ လမ်းညွှန်ချက်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်း သိလာတယ်။ ဥပမာ၊ ၁ ပေတရု ၃:၁-၄ မှာ ခင်ပွန်းသည်တွေကို “လက်အောက်ခံ” ဖို့၊ “အလွန်ရိုသေလေးစား” ဖို့နဲ့ ‘ဘုရားသခင့်ရှေ့တော်၌ အလွန်အဖိုးထိုက်တဲ့ နူးညံ့ငြိမ်သက်ခြင်းသဘော’ ကိုမွေးမြူဖို့ ဇနီးသည်တွေကို အားပေးထားတယ်။ ဒီအကြံပြုချက်တွေက ကျွန်မကို ခရစ်ယာန်ဇနီးကောင်းနဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်စေခဲ့တယ်။

အခုဆိုရင် ကျွန်မ ယေဟောဝါသက်သေဖြစ်တာ ၃၅ နှစ်လောက်ရှိသွားပြီ။ ဘုရားအမှုဆောင်နေကြတဲ့ ကမ္ဘာချီမိသားစုအဝင် ဖြစ်ခွင့်ရတဲ့အပြင် သားသမီးငါးယောက်မှာ လေးယောက်ကလည်း ကျွန်မနဲ့အတူ ဘုရားအမှုဆောင်နေကြတဲ့အတွက် ကျွန်မ ပျော်ရွှင်မိပါတယ်။