မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး

ဆုတောင်းဖို့ လိုသလား

ဆုတောင်းဖို့ လိုသလား

‘ကိုယ့်ရဲ့ စိတ်ကူးတွေ၊ လိုအပ်ရာတွေအပါအဝင် အရာခပ်သိမ်းကို ဘုရား သိတယ်ဆိုရင် ဆုတောင်းဖို့ လိုသေးလို့လား’ ဆိုပြီး လူတချို့ မေးကောင်းမေးပါလိမ့်မယ်။ မေးသင့်တဲ့ မေးခွန်းပါပဲ။ ဘုရားသခင်က “သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင်သိ” တယ်လို့ ယေရှု ပြောခဲ့ပါတယ်။ (မဿဲ ၆:၈) ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်လည်း အဲဒီအချက်ကို သိတဲ့အတွက် ဒီလိုရေးသားခဲ့တယ်– “အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရား ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” (ဆာလံ ၁၃၉:၄) ဒါဆိုရင် ဘုရားဆီ ဘာကြောင့် ဆုတောင်းရမှာလဲ။ အဖြေရဖို့ ဆုတောင်းချက်တွေနဲ့ပတ်သက်ပြီး ကျမ်းစာပြောဆိုရာကို သုံးသပ်ကြည့်ပါ။ *

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ် ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈

ဆုတောင်းခြင်းက ဘုရားသခင်နဲ့ ရင်းနှီးစေ

ယေဟောဝါ * ဘုရားက အရာခပ်သိမ်းကို သိတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ မိမိကိုဝတ်ပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေလောက်ပဲ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ (ဆာလံ ၁၃၉:၆; ရောမ ၁၁:၃၃) ဘုရားရဲ့ အကန့်အသတ်မဲ့မှတ်ဉာဏ်က လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိမ်းထားနိုင်တဲ့ ကွန်ပျူတာနဲ့ မတူပါဘူး။ ဘုရားက ကျွန်ုပ်တို့ရဲ့ ရင်တွင်းခံစားချက်တွေကို အလွန်စိတ်ဝင်စားပါတယ်။ အကြောင်းက လူသားတွေနဲ့ ကိုယ်တော် ရင်းနှီးချင်တဲ့အတွက် ဖြစ်ပါတယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄; ယာကုပ် ၄:၈) ဒါကြောင့် လူတွေရဲ့ အခြေခံလိုအပ်ရာတွေကို ဘုရားသခင် ကောင်းကောင်းသိပေမဲ့လည်း ဘုရားဆီ ဆုတောင်းကြပါလို့ တပည့်တွေကို ယေရှု တိုက်တွန်းခဲ့တယ်။ (မဿဲ ၆:၆-၈) မေတ္တာရှင်ဘုရားဆီ ကျွန်ုပ်တို့ များများဆုတောင်းလေ ကိုယ်တော်နဲ့ ပိုရင်းနှီးလာလေပဲ။

တစ်ခါတလေ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ဘာကိုတောင်းရမှန်းမသိ ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ ဘုရားသခင်က ကျွန်ုပ်တို့ မဖော်ပြတတ်တဲ့ ခံစားချက်တွေအပြင် ခံစားချက်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကိုလည်း သိတယ်။ ကျွန်ုပ်တို့ရဲ့ အခြေအနေတွေကို ကောင်းကောင်းသိရှိတဲ့အတွက် လိုအပ်ရာတွေကို ဖြည့်ဆည်းပေးပါတယ်။ (ရောမ ၈:၂၆၊ ၂၇; ဧဖက် ၃:၂၀) ကျွန်ုပ်တို့ရဲ့ကိစ္စတွေကို ဘုရားသခင် ကူညီပေးတယ်။ အဲဒီလို ကူညီပေးရာမှာ မမြင်သာတဲ့နည်းတွေကိုလည်း သုံးတတ်တယ်ဆိုတာသိလာတဲ့အခါ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချစ်ခင်ရင်းနှီးလာတယ်။

ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဖြေကြားပေးသလား

အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်က မိမိကိုကိုးကွယ်တဲ့သူတွေရဲ့ ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်လို့ ကျမ်းစာမှာ အာမခံထားပေမဲ့ ဆုတောင်းချက်တချို့ကို နားမထောင်ရတဲ့ အကြောင်းရင်းကိုလည်း ဖော်ပြပေးထားပါတယ်။ ဥပမာ၊ ရှေးခေတ်အစ္စရေးပြည်အနှံ့မှာ အကြမ်းဖက်မှုတွေ များလာတဲ့အခါ ကြိုဟောသူ ဟေရှာယကနေတစ်ဆင့် လူတွေကို ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘သင်တို့သည် များစွာ ဆုတောင်းကြသော်လည်း ငါသည် နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။’ (ဟေရှာယ ၁:၁၅) ဘုရားရဲ့မိန့်မှာချက်တွေကို မလိုက်လျှောက်တဲ့သူတွေ ဒါမှမဟုတ် စိတ်ရင်းကောင်းမရှိတဲ့သူတွေရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်မှာမဟုတ်ပါဘူး။—သုတ္တံ ၂၈:၉; ယာကုပ် ၄:၃

“အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူ” တယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၁၄) ဒါဆိုရင် ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တိုင်းကို အမြဲဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ကျမ်းရေးသူပေါလုရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ကိုယ်၌စူးသောဆူး” ကိုဖယ်ပေးပါလို့ ဘုရားသခင်ဆီ သူ သုံးကြိမ် အသနားခံခဲ့တယ်။ (၂ ကောရိန္သု ၁၂:၇၊ ၈) နာတာရှည်မျက်စိရောဂါကို ပေါလုခံစားနေရတာ ဖြစ်နိုင်တယ်။ အဲဒီရောဂါကြောင့် ပေါလု စိတ်ညစ်နေမှာပဲ။ တကယ်ဆို ပေါလုဟာ လူတွေကို အနာရောဂါတွေ ပျောက်အောင် ကုပေးနိုင်ပြီး သေဆုံးသွားတဲ့လူတွေကို အသက်ရှင်အောင်လုပ်ပေးနိုင်တဲ့ အစွမ်းကိုတောင် ဘုရားဆီက ရထားတယ်။ ဒါပေမဲ့ သူ့ရဲ့မျက်စိရောဂါကိုတော့ ပျောက်အောင်မလုပ်နိုင်ခဲ့ဘူး။ (တမန်တော် ၁၉:၁၁၊ ၁၂; ၂၀:၉၊ ၁၀) ပေါလုဟာ သူ့ရဲ့ဆုတောင်းချက်ကို သူလိုချင်တဲ့အတိုင်း ဖြေကြားမခံရပေမဲ့ ဘုရားရဲ့ကူညီပေးမှုကို ကျေးဇူးတင်စိတ်နဲ့ လက်ခံခဲ့ပါတယ်။—၂ ကောရိန္သု ၁၂:၉၊ ၁၀

“အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ ယုံကြည်စိတ်ချကြ၏။”—၁ ယောဟန် ၅:၁၄

လူတချို့ရဲ့ဆုတောင်းချက်တွေကို အံ့ဖွယ်နည်းနဲ့ ဖြေကြားပေးတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၄ ဓမ္မရာဇဝင် ၂၀:၁-၇) ဒါပေမဲ့ ကျမ်းစာခေတ်မှာတောင် ဆုတောင်းချက်တွေကို အဲဒီလိုနည်းနဲ့ အမြဲမဖြေကြားပေးဘူး။ ဘုရားကို ကိုးကွယ်တဲ့သူတချို့က သူတို့ရဲ့ဆုတောင်းချက်တွေကို ကိုယ်တော် ဖြေကြားပေးပုံမရတဲ့အခါ စိတ်ဓာတ်ကျခဲ့ကြတယ်။ ဘုရင်ဒါဝိဒ်က သူ့ရဲ့ဆုတောင်းချက်ထဲမှာ ဒီလိုမေးခဲ့တယ်– “အိုထာဝရဘုရား၊ အကျွန်ုပ်ကို အဘယ်မျှကြာအောင် မအောက်မေ့ဘဲ အစဉ်မေ့လျော့တော်မူမည်နည်း။” (ဆာလံ ၁၃:၁သမ္မာ) ဘုရားအပေါ်သစ္စာရှိတဲ့ ဒါဝိဒ်ဟာ သူ ဒုက္ခရောက်ချိန်မှာ ယေဟောဝါဘုရား ခဏခဏကူညီပေးတယ်ဆိုတာ သိလာတဲ့အခါ ဘုရားကို ပိုပြီးယုံကြည်ကိုးစားလာပါတယ်။ ဒါကြောင့် ဒါဝိဒ် ဒီလိုဆက်ပြောတယ်– “အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။” (ဆာလံ ၁၃:၅) ဒါဝိဒ်လိုပဲ၊ ဒီနေ့ခေတ် ဘုရားကိုကိုးကွယ်တဲ့သူတွေဟာ ကိုယ့်ရဲ့အသနားခံချက်တွေကို ဖြေကြားပေးတဲ့အထိ စွဲစွဲမြဲမြဲ ဆုတောင်းရမှာဖြစ်တယ်။—ရောမ ၁၂:၁၂

ဆုတောင်းချက်တွေကို ဘုရားဖြေကြားပေးပုံ

ကျွန်ုပ်တို့ တကယ်လိုအပ်ရာတွေကို ဘုရား ဖြည့်ဆည်းပေးပါတယ်။

မေတ္တာရှိတဲ့မိဘတွေက သားသမီးတွေ တောင်းတဲ့အရာတိုင်းကို သူတို့တောင်းတဲ့အချိန်တိုင်းမှာ မပေးတတ်ပါဘူး။ အဲဒီလိုပါပဲ၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်ထင်ထားတဲ့နည်းနဲ့ ဒါမှမဟုတ် ကိုယ်မျှော်လင့်တဲ့အချိန်မှာ ဖြေကြားပေးချင်မှ ပေးပါလိမ့်မယ်။ ဒါပေမဲ့ မေတ္တာရှိတဲ့ဖခင်နဲ့တူတဲ့ ဘုရားသခင်က ကျွန်ုပ်တို့ လိုအပ်ရာတွေကို သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—လုကာ ၁၁:၁၁-၁၃

ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အသနားခံချက်ကို ကျမ်းစာကနေ ဖြေကြားပေးနိုင်

မမြင်သာတဲ့နည်းတွေနဲ့ ဘုရားဖြေကြားပေးနိုင်တယ်။

အချိန်အတော်ကြာ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆုတောင်းတယ် ဆိုပါစို့။ ဆုတောင်းချက်ကို အံ့ဖွယ်နည်းနဲ့ အဖြေမရတဲ့အတွက် ယေဟောဝါဘုရားက လုံးဝမဖြေကြားပေးဘူးလို့ ယူမှတ်သင့်သလား။ အဲဒီလို မယူမှတ်ဘဲ ဘုရားသခင်က မမြင်သာတဲ့နည်းတွေနဲ့ ကျွန်ုပ်တို့ကို ထောက်မနေ၊ မနေကို စဉ်းစားသုံးသပ်သင့်ပါတယ်။ ဥပမာ၊ မိတ်ဆွေရင်းတစ်ယောက်က ကျွန်ုပ်တို့လိုအပ်နေတဲ့အချိန်မှာ သူတတ်နိုင်သလောက် ကူညီပေးသွားတာလည်း ဖြစ်နိုင်တယ်။ (သုတ္တံ ၁၇:၁၇) ကျွန်ုပ်တို့ကို ကူညီပေးဖို့ အဲဒီမိတ်ဆွေကို ယေဟောဝါဘုရား လှုံ့ဆော်ပေးလိုက်တာ မဖြစ်နိုင်ဘူးလား။ ဒါ့အပြင် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အသနားခံချက်ကို ကျမ်းစာကနေလည်း ဖြေကြားပေးနိုင်ပါတယ်။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျမ်းစာကနေ ကျွန်ုပ်တို့ သိရှိလာတာဖြစ်နိုင်တယ်။—၂ တိမောသေ ၃:၁၆၊ ၁၇

ဘုရားသခင်က မိတ်ဆွေရင်းတွေကို သုံးပြီး ကျွန်ုပ်တို့လိုအပ်နေချိန်မှာ ကူညီပေးနိုင်

ဘုရားသခင်က ပြဿနာကို ဖယ်ရှားပေးမယ့်အစား အဲဒီပြဿနာကိုဖြေရှင်းဖို့ အစွမ်းခွန်အားပေးတတ်ပါတယ်။ (၂ ကောရိန္သု ၄:၇) ဥပမာ၊ ယေဟောဝါရဲ့နာမည်ကို ထိခိုက်စေမယ့် စိုးရိမ်တုန်လှုပ်စရာအဖြစ်ကို ဖယ်ရှားပေးဖို့ ယေရှု တောင်းဆိုတဲ့အခါ အဲဒီအဖြစ်ကို ဖယ်ရှားမပေးဘဲ ကောင်းကင်တမန်တစ်ပါးကို ယေရှုဆီ စေလွှတ်ပြီး ခွန်အားပေးခဲ့တယ်။ (လုကာ ၂၂:၄၂၊ ၄၃) အဲဒီအတိုင်းပါပဲ၊ ဘုရားသခင်က ကျွန်ုပ်တို့ အလိုအပ်ဆုံးအချိန်မှာ မိတ်ဆွေရင်းတစ်ယောက်ကို စေလွှတ်ပြီး အားပေးစကားပြောခိုင်းတာ ဖြစ်နိုင်တယ်။ (သုတ္တံ ၁၂:၂၅) အဲဒီလိုမမြင်သာတဲ့နည်းနဲ့ ဖြေကြားပေးတတ်တာကြောင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တော်ဘယ်လိုဖြေကြားပေးသလဲဆိုတာ သိမြင်တတ်ဖို့လိုတယ်။

ဘုရားသခင် ဖြေကြားပေးမယ့်အချိန်အထိ စောင့်နေပါ။

အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်က နှိမ့်ချတဲ့သူတွေကို “အချိန်တန်” ရင် ကရုဏာပြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ပေတရု ၅:၆) ဘုရားအလိုတော်နဲ့အညီ ဆုတောင်းပေမဲ့ အဖြေရဖို့ ကြာနေရင်တောင် ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးလို့ မယူမှတ်လိုက်ပါနဲ့။ ဘုရားသခင်က ကျွန်ုပ်တို့ထက် အသိပညာအများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို အကောင်းဆုံးအချိန်မှာ၊ အကောင်းဆုံးနည်းနဲ့ ဖြေကြားပေးသွားမှာ ဖြစ်တယ်။

“ထို့ကြောင့် ဘုရားသခင်သည် အချိန်တန်လျှင် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်တွင် မိမိကိုယ်ကို နှိမ့်ချကြလော့။”—၁ ပေတရု ၅:၆

ဥပမာ၊ သားလေးက စက်ဘီးဝယ်ပေးပါလို့ သင့်ကို ပူဆာတယ်ဆိုပါစို့။ သားလေး ပူဆာတာကို မစဉ်းစားမဆင်ခြင်ဘဲ သင် ဝယ်ပေးမှာလား။ သားလေးက စက်ဘီးစီးဖို့ အရွယ်မရောက်သေးဘူးဆိုရင် ချက်ချင်း ဝယ်ပေးမှာ မဟုတ်ဘူး။ စက်ဘီးစီးနိုင်တဲ့အရွယ်ရောက်မှ သင် ဝယ်ပေးမှာဖြစ်တယ်။ အဲဒီလိုလုပ်တာ သားလေးရဲ့အကျိုးအတွက်ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ ကျွန်ုပ်တို့ အမြဲမပြတ် ဆုတောင်းနေမယ်ဆိုရင် အချိန်တန်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ “စိတ်နှလုံးအလို” ဆန္ဒကို ကိုယ်တော် ဖြည့်ဆည်းပေးမှာဖြစ်တယ်။—ဆာလံ ၃၇:၄

ယေဟောဝါဘုရား နားထောင်ပေးတယ်ဆိုတာ ယုံကြည်စိတ်ချပါ

ဆုတောင်းချက်တွေကို ဘုရားဖြေကြားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါလို့ ခရစ်ယာန်စစ်တွေကို သမ္မာကျမ်းစာက တိုက်တွန်းထားတယ်။ ‘ပြောသလောက် မလွယ်ဘူး’ လို့ တချို့ ပြောကြမှာပဲ။ ပြဿနာ ဒါမှမဟုတ် မတရားမှုတွေကို အဆက်မပြတ် ကြုံတွေ့နေရမယ်ဆိုရင် ဆုတောင်းချက်တွေကို ဘုရားဖြေကြားပေးမယ့်အချိန်ကို စောင့်ချင်စိတ် မရှိတော့တာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အမြဲမပြတ် ဆုတောင်းနေပါလို့ ယေရှုပြောခဲ့တာကို သတိရသင့်ပါတယ်။

မျက်နှာလိုက်တတ်တဲ့ တရားသူကြီးဆီသွားပြီး တရားမျှတစွာ စီရင်ပေးပါလို့ အဆက်မပြတ်တောင်းခံနေတဲ့ ဆင်းရဲသားမုဆိုးမရဲ့ ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်။ (လုကာ ၁၈:၁-၃) အစပိုင်းမှာတော့ တရားသူကြီးက မုဆိုးမရဲ့တောင်းဆိုမှုကို ငြင်းခဲ့ပေမဲ့ နောက်ဆုံးမှာ ဒီလိုပြောတယ်– “သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် ငါ့ထံ မပြတ်လာ၍ စိတ်အနှောင့်အယှက် ပေးနေလိမ့်မည်။” (လုကာ ၁၈:၄၊ ၅) မျက်နှာလိုက်တတ်တဲ့ တရားသူကြီးတောင် ဂုဏ်သိက္ခာကျမှာစိုးတဲ့အတွက် ဆင်းရဲသားမုဆိုးမကို ကူညီပေးတယ်ဆိုရင် မေတ္တာရှင်ဘုရားသခင်က “နေ့ညမပြတ် အော်ဟစ်တောင်းလျှောက်” နေတဲ့သူတွေအတွက် တရားမစီရင်ပေးဘဲ နေပါ့မလား။ ဘုရားသခင်က “သူတို့ဘက်၌ အလျင်အမြန် တရားသဖြင့် စီရင်တော်မူလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။—လုကာ ၁၈:၆-၈

“တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။”—လုကာ ၁၁:၉

ကျွန်ုပ်တို့ကို ကူညီပေးဖို့ ဒါမှမဟုတ် ကရုဏာပြဖို့ ဘုရားသခင်ဆီ ဆုမတောင်းချင်တော့တဲ့အချိန်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့သင့်ပါဘူး။ အဆက်မပြတ် ဆုတောင်းတာက ကိုယ့်ဘဝမှာ ဘုရားသခင်ရဲ့ကူညီမစမှုကို တွေ့မြင်လိုစိတ်ရှိတယ်ဆိုတာ ဖော်ပြရာရောက်တယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် ဖြေကြားပေးတယ်ဆိုတာ သိလာတဲ့အခါ ဘုရားနဲ့ ပိုပြီးရင်းနှီးလာမှာဖြစ်တယ်။ ယုံကြည်ခြင်းနဲ့ အဆက်မပြတ် ဆုတောင်းမယ်ဆိုရင် ယေဟောဝါဘုရား နားထောင်ပြီး ဖြေကြားပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—လုကာ ၁၁:၉

^ စာပိုဒ်၊ 3 ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်စေချင်တယ်ဆိုရင် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို စိတ်ရင်းမှန်နဲ့ ကြိုးစားလုပ်ဆောင်ရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့အတိုင်း ဆုတောင်းခြင်းရဲ့တန်ခိုးကို ကျွန်ုပ်တို့ ခံစားရပါလိမ့်မယ်။ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၇ ကိုဖတ်ကြည့်ပါ၊ ဒါမှမဟုတ် www.pr418.com/mya ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။

^ စာပိုဒ်၊ 5 ယေဟောဝါဆိုတာ ဘုရားသခင့်နာမည်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။