မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

ကမ္ဘာကြီးက သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်ဆိုတဲ့ ကတိကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွား

ကမ္ဘာကြီးက သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်ဆိုတဲ့ ကတိကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွား
  • မွေးဖွားတဲ့နှစ်– ၁၉၇၄

  • နေရင်းနိုင်ငံ– လတ်ဗီးယား

  • နောက်ခံ– မော်တော်ဆိုင်ကယ်ချန်ပီယံ

အတိတ်–

လတ်ဗီးယားနိုင်ငံရဲ့မြို့တော် ရီဂါမှာ ကျွန်တော် မွေးဖွားကြီးပြင်းလာပါတယ်။ အစ်မနဲ့ ကျွန်တော့်ကို အမေ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ကျွန်တော်တို့ဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်ပေမဲ့ အခါကြီးရက်ကြီးနေ့တွေမှပဲ ဘုရားကျောင်း သွားကြတယ်။ ကျွန်တော်ငယ်ငယ်က လူထက် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ပါး ရှိရမယ်လို့ ယုံကြည်ခဲ့ပေမဲ့ တခြားစိတ်ဝင်စားရာတွေကြောင့် အဲဒီအကြောင်းကို သိပ်မတွေးမိတော့ဘူး။

ကျွန်တော် တဖြည်းဖြည်းကြီးလာတဲ့အခါ ပစ္စည်းတွေကို တစ်စစီဖြုတ်ပြီး ပြန်တပ်နိုင်တယ်ဆိုတာ အမေ သတိထားမိလာတယ်။ ပစ္စည်းတွေကို တစ်စစီဖြုတ်ပစ်မှာစိုးလို့ အမေက ကျွန်တော့်ကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့ချင်ဘူး။ အဲဒါနဲ့ ကျွန်တော့်အတွက် ဖြုတ်တပ်ကစားလို့ရတဲ့ ကစားစရာတစ်ခုကို အမေ ဝယ်ပေးတယ်။ အဲဒီကစားစရာကို ကျွန်တော် အရမ်းကြိုက်တယ်။ နောက်ပိုင်းမှာ ဆိုင်ကယ်စီးတာကိုလည်း ကျွန်တော် အရူးအမူးစိတ်ဝင်စားလာတယ်။ ဒါနဲ့ အမေက ကျွန်တော့်ကို ဆိုင်ကယ်မောင်းပြိုင်ပွဲမှာ စာရင်းသွင်းပေးလိုက်တယ်။ အစမှာတော့ ဆိုင်ကယ်အသေးစားနဲ့ပဲ ပြိုင်ပွဲဝင်ပေမဲ့ နောက်ပိုင်းမှာ ဆိုင်ကယ်ကြီးတွေနဲ့ ပြိုင်ပွဲဝင်ခဲ့တယ်။

ကျွန်တော်က အတတ်မြန်တော့ အရှိန်ပြင်းပြီး အန္တရာယ်များတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေမှာ အချိန်တိုအတွင်း နာမည်ကြီးလာတယ်။ လတ်ဗီးယားနိုင်ငံရဲ့ ဆိုင်ကယ်စီးချန်ပီယံဆုကို သုံးခါရပြီး နိုင်ငံသုံးနိုင်ငံပါဝင်တဲ့ ဘောလ်တစ်ပြည်နယ်ရဲ့ ဆိုင်ကယ်စီးချန်ပီယံဆုကို နှစ်ခါရခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–

ကျွန်တော် အောင်မြင်ကျော်ကြားနေချိန်မှာ (နောက်ပိုင်း ကျွန်တော့်ဇနီးဖြစ်လာတဲ့) ကျွန်တော့်ရည်းစား အက်ဗီယာဟာ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်ရခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ စာပေတချို့ကို သူတွေ့ခဲ့ပြီး အဲဒီမှာ ကျမ်းစာလေ့လာဖို့ တောင်းဆိုနိုင်တဲ့ ကူပွန်ပါတယ်။ ဒါနဲ့ သူက ကူပွန်ကိုဖြည့်ပြီး ပို့လိုက်တယ်။ မကြာခင်မှာပဲ ယေဟောဝါသက်သေ အမျိုးသမီးနှစ်ယောက် သူ့ဆီလာပြီး သူတို့အတူ ကျမ်းစာလေ့လာကြတယ်။ သူ ကျမ်းစာလေ့လာတာ ကျွန်တော့်အတွက်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဘာသာရေးအပေါ် ကျွန်တော် ထွေထွေထူးထူး စိတ်မဝင်စားဘူး။

နောက်ပိုင်းမှာ သက်သေခံအမျိုးသမီးတွေက အက်ဗီယာ ကျမ်းစာလေ့လာချိန်မှာ လာထိုင်ပြီး နားထောင်ကြည့်ပါလားလို့ ကျွန်တော့်ကို ဖိတ်ခေါ်တယ်။ ထိုင်နားထောင်ကြည့်တော့ စိတ်ဝင်စားသွားတယ်။ ကျွန်တော့်စိတ်ကို တကယ်ထိမိတဲ့အရာတစ်ခုကတော့ ကမ္ဘာကြီးက သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်ဆိုတဲ့ ဘုရားပေးကတိပဲ။ ဥပမာအနေနဲ့ သူတို့က ကျွန်တော့်ကို ဆာလံ ၃၇:၁၀၊ ၁၁ ကို ဖွင့်ပြတယ်။ အဲဒီမှာ ဒီလိုပြောထားတယ်– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” ဘုရားပေးထားတဲ့ ဒီကတိက ကျွန်တော့်စိတ်ကို တကယ်ထိမိခဲ့တယ်။

တဖြည်းဖြည်းနဲ့ ဘာသာတရားကို ကျွန်တော် စိတ်ဝင်စားလာတယ်။ ဘာသာရေးအတုအယောင်တွေ အများကြီးရှိနေပါလားဆိုတာကိုလည်း သိလာတယ်။ ကျမ်းစာသွန်သင်ချက်တွေကတော့ ကျိုးကြောင်းညီညွတ်ပြီး နားလည်ရလွယ်တယ်ဆိုတာကို သဘောပေါက်လာတယ်။

ကျမ်းစာ ဆက်ပြီးလေ့လာသွားတဲ့အခါ ယေဟောဝါဘုရားက အသက်ကို ဘယ်လောက် တန်ဖိုးထားလေးမြတ်တယ်ဆိုတာ ကျွန်တော်နားလည်လာတယ်။ (ဆာလံ ၃၆:၉) ဒီအချက်က ကျွန်တော့်ရဲ့ပြိုင်ပွဲတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် နောက်ထပ် မစွန့်စားချင်တော့ဘူး။ အဲဒီအစား၊ ကျွန်တော့်ရဲ့အသက်တာကို ဘုရားကို ဂုဏ်တင်တဲ့ နေရာမှာပဲ သုံးချင်လာတယ်။ ဒါကြောင့် ကျော်ကြားမှု၊ ဂုဏ်အသရေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေက ကျွန်တော့်အတွက် အရေးမကြီးတော့ဘူး။

အသက်ပေးပိုင်ရှင် ယေဟောဝါဘုရားနဲ့ စာရင်းရှင်းရမယ်ဆိုတာကို ကျမ်းစာ လေ့လာရာကနေ ကျွန်တော်သိလာ

၁၉၉၆ ခုနှစ်၊ အက်စ်တိုးနီးယားနိုင်ငံ တဲလင်းမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုကို ကျွန်တော် သွားတက်ခဲ့တယ်။ အဲဒီနေရာက ကျွန်တော်ဆိုင်ကယ်ပြိုင်လေ့ရှိတဲ့ ပြိုင်ကွင်းနဲ့ သိပ်မဝေးဘူး။ အဲဒီစည်းဝေးကြီးမှာ နိုင်ငံအသီးသီးက လူတွေဟာ စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ် စုဝေးနေကြတာကို ကျွန်တော် သတိထားမိတယ်။ ဥပမာ၊ သက်သေခံ အမျိုးသမီးတစ်ယောက်က သူ့ပိုက်ဆံအိတ် ပျောက်သွားတဲ့အခါ သူပြန်ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်လိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နောက်သက်သေခံအမျိုးသမီးတစ်ယောက်က ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ရှာတွေ့ပြီး ဘာတစ်ခုမှ မပျောက်ပဲ ပြန်ပေးလိုက်တယ်။ ကျွန်တော် တကယ်အံ့သြသွားတယ်။ ယေဟောဝါသက်သေတွေက သမ္မာကျမ်းစာမှာပါတဲ့ ဘုရားပေး မြင့်မားတဲ့စံနှုန်းတွေနဲ့အညီ နေထိုင်တယ်ဆိုတာ ကျွန်တော် အခုသိသွားပြီ။ အက်ဗီယာရော ကျွန်တော်ပါ ကျမ်းစာဆက်လေ့လာခဲ့တယ်။ အဲဒီနောက် ၁၉၉၇ ခုနှစ်မှာ နှစ်ခြင်းယူလိုက်ပြီး ယေဟောဝါသက်သေတွေဖြစ်လာကြတယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ–

ကျွန်တော့်ရဲ့ သူငယ်ချင်းတချို့ဟာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းကြတဲ့အတွက် အခုဆိုရင် မရှိကြတော့ဘူး။ အသက်ပေးပိုင်ရှင် ယေဟောဝါဘုရားနဲ့ စာရင်းရှင်းရမယ်ဆိုတာကို ကျမ်းစာလေ့လာရာကနေ ကျွန်တော်သိလာတယ်။ ဒီအချက်က ကျွန်တော့်အသက်ကို ကယ်လိုက်တာပဲ။

ကျွန်တော်နဲ့ အက်ဗီယာဟာ ယေဟောဝါသက်သေတွေရဲ့ ရီဂါဌာနခွဲရုံးမှာ လေးနှစ် အလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ အခုတော့ သမီးလေးအလိစ်ကို ကျွေးမွေးစောင့်ရှောက်ရင်း ဘုရားကို ချစ်တတ်လာဖို့ သင်ပေးနေပါတယ်။ ဒါ့အပြင် ဘာသာပြန်ရုံးခွဲကို တစ်ပတ်တစ်ရက်သွားပြီး ကားတွေနဲ့ တခြားပျက်နေတဲ့ ပစ္စည်းတွေကို ပြုပြင်ပေးနေပါတယ်။ ကလေးဘဝကတည်းက သင်ယူခဲ့တဲ့ ဒီစွမ်းရည်ကို ကောင်းကောင်းပြန်အသုံးချခွင့်ရတာ တကယ်ပျော်ဖို့ ကောင်းပါတယ်။ အခုချိန်ထိ ကျွန်တော်ဟာ ပစ္စည်းတွေကို တစ်စစီဖြုတ်ပြီး ပြန်တပ်နေတုန်းပါပဲ။

မိသားစုနဲ့အတူ စစ်မှန်တဲ့ဘုရားသခင်အကြောင်း လူတွေကို လိုက်ပြောပြခွင့်ရတာကို ကျွန်တော် လေးမြတ်တန်ဖိုးထားတယ်။ ကျမ်းစာလေ့လာတဲ့အတွက် ဒီအခွင့်အရေးကို ကျွန်တော် ရခဲ့တာဖြစ်တယ်။ ကမ္ဘာကြီးက သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်ဆိုတဲ့ ကတိကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲခဲ့ပါတယ်။