မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဟန့် ခရစ်တီယန် ကိုခ်လာ

ဇီဝနည်းပညာ ပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာကြောင်း ရှင်းပြ

ဇီဝနည်းပညာ ပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာကြောင်း ရှင်းပြ

ဒေါက်တာ ဟန့် ခရစ်တီယန် ကိုခ်လာ ဟာ ၁၉၇၈ ခုနှစ်မှာ သူ့ရဲ့ပထမဆုံး သိပ္ပံသုတေသနအနေနဲ့ နော်ဝေးနိုင်ငံက ဆေးရုံတစ်ရုံမှာ ကင်ဆာနဲ့ ရောဂါပြီးစနစ်ကို လေ့လာခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ အသက်ရဲ့မူလအစကို သူ သိချင်လာတယ်။ နိုးလော့! က သူ့ရဲ့အလုပ်အကြောင်းနဲ့ ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာသလဲ ဆိုတာ မေးမြန်းခဲ့ပါတယ်။

အသက်ရဲ့အစနဲ့ ဘဝအဓိပ္ပာယ်အကြောင်း ဘာကြောင့် သိချင်လာခဲ့တာလဲ

ကျွန်တော့်အဖေက ကက်သလစ်၊ အမေက ပရိုတက်စတင့်ပါ။ အဖေနဲ့အမေက ဘာသာရေးကို သိပ်အလေးအနက် မထားကြဘူး။ ကျွန်တော် ဆယ်ကျော်သက်အရွယ်လောက်မှာ ဘဝအဓိပ္ပာယ်အကြောင်း စပြီး စဉ်းစားလာတယ်။ ဒါနဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ဘာသာရေးစာအုပ်တွေကို စဖတ်တော့တယ်။ အမှန်တရားအကြောင်း ကျွန်တော့်ကိုပြောပြဖို့ ဘုရားသခင်ကိုတောင် ဆုတောင်းခဲ့သေးတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ မော်လီကျူးနဲ့ပတ်သက်ပြီး အံ့ဩစရာ တွေ့ရှိချက်တွေ ရှိလာတယ်။ ဒီရှာဖွေတွေ့ရှိချက်တွေက အသက်ရဲ့အစကို ရှင်းပြနိုင်မလားဆိုပြီး ကျွန်တော်သိချင်သွားတယ်။ သက်ရှိဆဲလ်တွေရဲ့ တည်ဆောက်ပုံက ကျွန်တော့်အာရုံကို ဖမ်းစားသွားတယ်။ ဒါနဲ့ ဇီဝနည်းပညာရပ်ကို လေ့လာဖို့ ရွေးလိုက်တယ်။ ကျွန်တော့်ရဲ့ ဆရာအများစုက အသက်ဟာ သဘာဝဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်တည်လာတယ်လို့ ပြောကြတော့ ကျွန်တော်လည်း ယုံလိုက်တယ်။

သမ္မာကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားလာတာလဲ

ယေဟောဝါသက်သေနှစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ သူတို့က ရည်ရည်မွန်မွန်ရှိကြပေမဲ့ ကျွန်တော်ကတော့ စိတ်မဝင်စားဘူးလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောလွှတ်လိုက်တယ်။ ကျွန်တော့်ဇနီးက အဲဒါကို ကြားသွားပြီး “ရှင်က မဟုတ်သေးပါဘူး။ ရှင်ပဲ ဘဝအဓိပ္ပာယ်ကို ရှာဖွေနေတာမဟုတ်လား” လို့ပြောတယ်။ သူပြောတာ မှန်တယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်။ ဒါနဲ့ အဲဒီယေဟောဝါသက်သေတွေနောက် ပြေးလိုက်သွားတယ်။ သူတို့နဲ့ စကားစမြည်ပြောတဲ့အခါ သမ္မာကျမ်းစာက သိပ္ပံပညာနဲ့ကိုက်ညီသလားဆိုတာ သိချင်တယ်လို့ ပြောလိုက်တယ်။

သူတို့ ဘယ်လိုပြန်ပြောသလဲ

စကြဝဠာကို ဖြစ်ပေါ်စေတဲ့ စွမ်းအင်အရင်းအမြစ်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ ဖော်ပြချက်ကို ပြပေးတယ်။ သူတို့ပြတဲ့ကျမ်းချက်မှာ ဒီလိုရေးထားတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။” * အဲဒီဖော်ပြချက်ကို ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဒါက ကျိုးကြောင်းလည်းညီညွှတ်တယ်။ အသိဉာဏ်ရှိတဲ့ တန်ခိုးကြီးတဲ့အရှင် တစ်စုံတစ်ဦးကပဲ စကြဝဠာကြီးကို အစီအစဉ်တကျဖြစ်အောင် လုပ်နိုင်တာ။

ဆင့်ကဲနဲ့ပတ်သက်ပြီးတော့ကော ရှုမြင်ချက်ပြောင်းသွားသလား

ဆင့်ကဲနဲ့ပတ်သက်တဲ့ အယူအဆတော်တော်များများဟာ သိပ္ပံဆိုင်ရာ အချက်အလက် အတိအကျမရှိတာကို သဘောပေါက်လာတယ်။ သက်ရှိတွေမှာတွေ့ရတဲ့ ခုခံအားစနစ်လိုမျိုး ထူးခြားဆန်းကြယ်တဲ့ တည်ဆောက် ပုံတွေက မတော်တဆဖြစ်လာတာပါလို့ ဆင့်ကဲအယူဝါဒက ရှင်းပြတယ်။ ရောဂါပြီးစနစ်ကို ပိုပြီးလေ့လာလေလေ ဘယ်လောက် နက်နဲရှုပ်ထွေးတယ်၊ ဘယ်လောက် အကျိုးပြုတယ်ဆိုတာ ပိုသိလာလေပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့လေ့လာသုံးသပ်ချက်အရ အသက်ဆိုတာ ဉာဏ်ကြီးရှင်တစ်ပါးက ဖန်ဆင်းတာပဲ။

ကျွန်တော့်ရဲ့လေ့လာသုံးသပ်ချက်အရ အသက်ဆိုတာ ဉာဏ်ကြီးရှင်တစ်ပါးက ဖန်ဆင်းတာပဲ

ခုခံအားစနစ်အကြောင်း ပြောပြနိုင်မလား

ခုခံအားစနစ်ဆိုတာ တကယ်တော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့အတွက် စနစ်တကျဖွဲ့စည်းထားတာဖြစ်တယ်။ ဒီဖွဲ့စည်းမှုကို စနစ်နှစ်ခုအဖြစ် ပြန်ခွဲလိုက်တယ်။ ပထမစနစ်က ချဉ်းနင်းဝင်ရောက်လာတဲ့ ရောဂါပိုးမွှားငယ်လေးတွေကို နာရီပိုင်းအတွင်းမှာ ပြန်တိုက်ခိုက်တယ်။ ဒုတိယစနစ်က ရောဂါပိုးမွှားကို တိုက်ထုတ်ဖို့ ရက်အတော်ကြာအချိန်ယူရတယ်။ ဒါပေမဲ့ တိုက်ခိုက်တဲ့နေရာမှာ သတ်သတ်မှတ်မှတ်ဖြစ်ပြီး ပိုပြီးထိရောက်မှုရှိတယ်။ ဒုတိယစနစ်က ဝင်ရောက်ကျူးကျော်လာတဲ့ ရောဂါပိုးမွှားတွေကို ကောင်းကောင်းမှတ်မိနိုင်ပြီး နောက်တစ်ခါ အဲဒီပိုးမွှားတွေ ပြန်ဝင်လာတယ်ဆိုရင် ချက်ချင်းပြန်တိုက်ထုတ်နိုင်ပါတယ်။ ဒီစနစ်တစ်ခုလုံးက အင်မတန် သေသပ်စွာ အလုပ်လုပ်တဲ့အတွက် ကိုယ့်ဆီကို ရောဂါပိုးဝင်သွားတယ်၊ အဲဒါကို ကောင်းကောင်း ပြန်တိုက်ထုတ်လိုက်တယ် ဆိုတာကို သိတောင်သိလိုက်မှာ မဟုတ်ဘူး။ ပြီးတော့ အံ့ဩစရာကောင်းတာက ခုခံအားစနစ်က ရောဂါပိုးမွှားတွေနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ကောင်းကောင်းခွဲခြားတတ်တယ်။

ရောဂါပိုးမွှားငယ်လေးတွေ ခန္ဓာကိုယ်ထဲ ဝင်လာရင် ဘာဖြစ်မလဲ

ရောဂါပိုးမွှားငယ်တွေဟာ အသက်ရှူရာကနေ၊ အစားအစာကနေ၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါကနေ ဒါမှမဟုတ် အရေပြားတွေကို ဖောက်ပြီး ဝင်လာတတ်ပါတယ်။ ပိုးမွှားတွေ ဝင်ရောက်လာတာကို ခုခံအားစနစ်က သိရှိသွားတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ပရိုတင်းတွေက တိုက်ခိုက်ဖို့ သတင်းပို့ပေးတယ်။ အဲဒီအခါ ခန္ဓာကိုယ်အင်္ဂါတွေက အလုပ်လုပ်လာတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်တဲ့အစိတ်အပိုင်းအားလုံးဟာ အဆင့်ဆင့်အရှိန်မြှင့် လုပ်ဆောင်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက ထူးခြားဆန်းကြယ်ပါတယ်။

သိပ္ပံအသိပညာက ဘုရားသခင်ကို ယုံကြည်လာဖို့ အထောက်အကူ ပြုခဲ့သလား

အထောက်အကူပြုတာပေါ့။ ခုခံအားစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ထူးခြားတဲ့ဖွဲ့စည်းတည်ဆောက်ပုံက ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ သိပ္ပံပညာက သမ္မာကျမ်းစာကို ယုံကြည်လာအောင်လည်း အထောက်အကူပေးခဲ့ပါတယ်။ ဥပမာ၊ သုတ္တံ ၁၇:၂၂ မှာ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏” လို့ ပြောထားတယ်။ စိတ်အခြေအနေက ခုခံအားစနစ်အပေါ် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ဥပမာ၊ စိတ်ဖိစီးမှုရှိတယ်ဆိုရင် ခုခံအားစနစ်ကို အားနည်းသွားစေပါတယ်။

ဘုရားသခင်ကို မယုံကြည်တဲ့ မိတ်ဆွေတွေ ရှိတယ်မဟုတ်လား။ ဘာကြောင့်လဲ။

အကြောင်းရင်းတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့တော့ ကျွန်တော့်လိုပဲပေါ့။ သင်ပေးတဲ့အတိုင်းပဲ လက်ခံခဲ့တာလေ။ ဆင့်ကဲကို သိပ္ပံနည်းကျ လက်တွေ့ပြနိုင်တယ်လို့ ယူဆလို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း အသက်ရဲ့အစနဲ့ပတ်သက်ပြီး သိပ်အလေးအနက်မရှိကြဘူး။ သနားစရာတော့ ကောင်းပါတယ်။ သူတို့တွေ ဘဝနဲ့ပတ်သက်တဲ့မေးခွန်းတွေ များများမေးရင် ကောင်းမယ်လို့ ကျွန်တော်တော့ ထင်တယ်။

ယေဟောဝါသက်သေတစ်ယောက် ဘာကြောင့် ဖြစ်လာတာလဲ

သူတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ ပိုကောင်းတဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ရဲ့ကတိတော်ပေါ်ထားတဲ့ သူတို့ရဲ့ယုံကြည်ချက်ကို ကျွန်တော် သဘောကျသွားတယ်။ * ပြီးတော့ သူတို့ရဲ့ ယုံကြည်ခြင်းက သေသေချာချာ သုတေသနပြုထားတဲ့အရာအပေါ် အခြေခံပြီး ကျိုးကြောင်းလည်း ညီညွတ်တယ်။ ယုံတမ်းစကားတွေ၊ ထင်ကြေးပေးထားတာတွေ မဟုတ်ဘူး။ *