မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု​အတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ

အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ

အခက်အခဲ

မိသားစု​တချို့ဟာ သားသမီးတွေကို အိမ်အလုပ် ဝိုင်းကူ​ခိုင်း​တတ်ကြတယ်။ သားသမီး​တွေလည်း ကြည်ကြည်ဖြူဖြူ ဝိုင်းကူ​ကြ​တယ်။ တချို့​မိသားစု​မှာတော့ သားသမီး​တွေ ဝိုင်းကူ​ချင်​ပေ​မဲ့ မိဘတွေ မခိုင်း​တော့ မလုပ်​ကြဘူး။

နိုင်ငံအတော်များများ​မှာ သားသမီး​တွေဟာ ကူညီပေး​သူတွေ​ဖြစ်​မယ့်အစား အကူအညီ​ရယူ​သူတွေ​ဖြစ်နေ​တာ​ကို သုတေသီ​တွေ တွေ့ရှိ​ကြ​တယ်။ “အခုခေတ် သားသမီးတွေကို ဗီဒီယိုဂိမ်း​ကစား​ဖို့၊ အင်တာနက်​ကြည့်ဖို့၊ တီဗီ​ကြည့်ဖို့ ပစ်ထား​ကြ​တယ်။ သူတို့ကို အိမ်အလုပ် မ​ခိုင်း​ကြဘူး” ဆိုပြီး စတီဗင်​လို့ခေါ်တဲ့ ဖခင်​တစ်ယောက် ပြောတယ်။

သင် ဘယ်လို​ထင်​ပါသလဲ။ အိမ်မှုကိစ္စ​ လုပ်​ခိုင်း​ခြင်း​ဟာ အိမ်​ထိန်းသိမ်း​စရိတ် ကာမိ​ရုံ​တင်​မက​ဘူး၊ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုး​မှု​အတွက် တကယ်ပဲ အရေးပါ​သလား။

သိသင့်သိထိုက်ရာ

တချို့​မိဘတွေက သားသမီးတွေကို အိမ်မှုကိစ္စ မ​ခိုင်း​ချင်​ကြဘူး။ အထူးသဖြင့် သားသမီး​တွေ​က တစ်ပတ်လုံး​လုံး အိမ်စာ​တွေ၊ ကျောင်းချိန်​ပြီးနောက် ဆက်လုပ်​ရမယ့်​အလုပ်တွေ​နဲ့ ပိနေ​လို့ပဲ။ ဒါပေမဲ့ အိမ်အလုပ်​လုပ်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကို သုံးသပ်ကြည့်ပါ။

အိမ်မှုကိစ္စ​လုပ်ခြင်း​က ကလေးကို ရင့်ကျက်​စေတယ်။ အိမ်အလုပ် ဝိုင်းကူ​တဲ့​သားသမီး​တွေဟာ ကျောင်းမှာ ပို​ထူးချွန်​ကြ​တယ်။ အိမ်မှုကိစ္စ ဝိုင်းကူ​ခြင်းက ကိုယ့်​ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု​ရှိသူ၊ စည်းကမ်း​ရှိသူ၊ စိတ်ဓာတ်ခိုင်မာ​သူ ဖြစ်စေတယ်။ ဒါဟာ သင်ယူလေ့လာ​နေတဲ့ ကလေးတွေ​အတွက် အရေးပါတဲ့​အရာတွေ​ပဲ။

အိမ်မှုကိစ္စ​လုပ်ခြင်း​က ကူညီပေး​တတ်​သူတွေ ဖြစ်စေတယ်။ တွေ့ရှိချက်​အရ အိမ်အလုပ် ဝိုင်းကူ​တဲ့ ကလေးတွေဟာ လူကြီး​တွေလိုပဲ အများ​အကျိုးသယ်ပိုး​သူတွေ ဖြစ်ဖို့​များ​တယ်။ ဒါ အံ့သြစရာ မဟုတ်ပါဘူး။ အိမ်အလုပ် ဝိုင်းလုပ်​ခြင်းက ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို ဦးစားထား​ဖို့ လေ့ကျင့်ပေး​လို့ပဲ။ “ဘာမှ မ​ခိုင်း​ဘဲ ဖူးဖူးမှုတ်​ထားတဲ့ ကလေးတွေဟာ သူများ​ကို ခိုင်း​စား​ဖို့​ပဲ သိတယ်။ ဘဝ​မှာ တာဝန်ယူ​ရ​မှန်း၊ အလုပ်ကြိုးစား​ရ​မှန်း မသိဘဲ ကြီးပြင်းလာ​ကြ​တယ်” လို့ အစောပိုင်း​မှာပါတဲ့ စတီဗင်​က ပြောတယ်။

အိမ်မှုကိစ္စ​လုပ်ခြင်း​က မိသားစု​ကို စည်းလုံး​စေတယ်။ အိမ်အလုပ်​ကြိုးစား​တဲ့ သားသမီး​တွေဟာ မိသားစု​အတွက် တန်ဖိုးရှိ​သူတွေ ဖြစ်မှန်း၊ အိမ်အလုပ်​လုပ်ဖို့ သူတို့​မှာ တာဝန်ရှိ​မှန်း သိလာ​ကြ​တယ်။ မိဘတွေက အိမ်အလုပ်​ထက် ကျောင်းချိန်​ပြီးနောက် ဆက်လုပ်​ရမယ့်​အလုပ်တွေကို​ပဲ လုပ်​ခိုင်း​မယ်ဆိုရင် အဲဒီလို​သိနိုင်​မှာ မဟုတ်ဘူး။ ‘ငါ့​သားသမီး​က ဘောလုံး​အသင်း​နဲ့​ပဲ ဆက်သွယ်ရေး​ကောင်းပြီး မိသားစုနဲ့​တော့ အဆက်အသွယ်​မရှိ ဖြစ်နေ​ရင် ဘာ​အကျိုးရှိ​မှာ​လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

လုပ်ဆောင်နိုင်ရာ

ငယ်​စဉ်​ကတည်းက စတင်​ပါ။ ကလေးကို သုံးနှစ်​အရွယ်မှာ အိမ်အလုပ် ခိုင်း​သင့်တယ်​လို့ တချို့​ပြော​ကြ​တယ်။ နှစ်နှစ် ဒါမှမဟုတ် နှစ်နှစ်​မတိုင်ခင်​ကတည်းက ခိုင်း​သင့်တယ်​လို့ ပြောတဲ့​သူတွေ​လည်း ရှိတယ်။ တကယ်တော့ ကလေးတွေဟာ ငယ်​ငယ်​လေး​ကတည်းက မိဘတွေ​ကို အလုပ်​ကူလုပ်​ချင်​တယ်၊ အတုယူ​ချင်​ကြ​တယ်။ —ကျမ်းစာအကြံပြုချက်– ပညာအလိမ္မာ ၂၂:၆

အရွယ်​နဲ့​လိုက်တဲ့ အိမ်အလုပ်​တွေ လုပ်​ခိုင်းပါ။ ဥပမာ၊ သုံးနှစ်​အရွယ်​ကလေး​ဟာ ကစား​စရာ​တွေကို ကောက်သိမ်း​တာ၊ သန့်ရှင်းရေး ကူလုပ်​တာ၊ အဝတ်​တွေ ကူ​ခေါက်​တာ လုပ်ပေး​နိုင်တယ်။ ဒီထက်​ကြီးတဲ့​ကလေးတွေဟာ တံမြက်စည်း​လှည်း​တာ၊ ပန်းကန်​ဆေး​တာ၊ ထမင်း​ဝိုင်း​ပြင်​တာ လုပ်ပေး​နိုင်တယ်။ ကလေးကို သူ့​အရွယ်​နဲ့​နိုင်​သလော​က် လုပ်​ခိုင်းပါ။ အိမ်အလုပ်​ကို သူတို့ တက်တက်ကြွကြွ ဝိုင်းလုပ်​ပေးတာ တွေ့ရ​လို့ သင် အံ့သြ​ရ​လိမ့်မယ်။

ဦးစားပေး​ရမယ့်​အလုပ်တွေကို သတ်မှတ်​ပေးပါ။ သင့်​ကလေး နေ့စဉ် အိမ်စာ​တွေ တစ်ပုံကြီး လုပ်​နေရ​ရင်​တော့ အိမ်အလုပ်​ဝိုင်းကူ​ဖို့ ခက်​နိုင်တယ်။ ဒါပေမဲ့ ကျောင်းမှာ အဆင့်​ကောင်းကောင်း​ရဖို့ အိမ်အလုပ် မ​ခိုင်း​ဘဲ​နေတာ​ဟာ “ဦးစားထားရာ လွဲ​နေတာ ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (The Price of Privilege) က ပြောတယ်။ အစောပိုင်း​မှာ ပြောခဲ့​သလိုပဲ အိမ်အလုပ် ဝိုင်းကူ​တာဟာ ကလေးတွေကို ထူးချွန်​တဲ့​ကျောင်းသား​တွေ ဖြစ်လာ​စေတယ်။ သူတို့ သင်ယူသိရှိ​လာ​တာ​တွေက ကိုယ့်​မိသားစုနဲ့​ကိုယ် ဖြစ်လာ​မယ့်​အချိန်​အတွက် အသင့်​ဖြစ်စေတယ်။—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၁:၁၀

ရလဒ်​ထက် ရည်ရွယ်ချက်​ကို အာရုံစိုက်ပါ။ သင့်​ကလေးကို တစ်ခုခု​ခိုင်း​တဲ့အခါ ထင်ထား​တာ​ထက် ပို​ကြာ​ကောင်း ကြာနိုင်တယ်။ ကလေး​လုပ်တာ​ကို စိတ်တိုင်း​မကျ​တာ​လည်း ဖြစ်နိုင်တယ်။ အဲဒီလို​အ​ခါ​မျိုးမှာ ကိုယ်တိုင်​ဝင်လုပ်​လိုက်တာ​မျိုး​ကို ရှောင်ပါ။ ကလေးကို​ခိုင်း​တဲ့ ရည်ရွယ်ချက်​က လူကြီး​တွေ​လောက် စေ့စပ်သေချာ​အောင် လုပ်နိုင်ဖို့​မဟုတ်ဘဲ တာဝန်သိတတ်​အောင်၊ အလုပ်​က​နေ ပျော်ရွှင်မှု ခံစားရ​အောင် ကူညီပေးဖို့​ပဲ။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၃:၂၂

မှန်မှန်ကန်ကန် ဆုချ​တတ်​ပါ။ ကလေးကို ပိုက်ဆံ​ပေးပြီး အိမ်အလုပ်​လုပ်​ခိုင်း​တာ​က တာဝန်သိတတ်​သူ ဖြစ်လာ​စေတယ်​လို့ တချို့ ပြော​ကြ​တယ်။ တချို့ကျတော့ အဲဒီလို​လုပ်​ရင် ဘာ​ပေး​ရ​မလဲဆိုတာ​ထက် ဘာ​ရ​မလဲဆိုတာ​ကိုပဲ ကလေးတွေ အာရုံစိုက်​သွားနိုင်တယ်​လို့ ပြော​ကြ​တယ်။ ကလေး​မှာ ပိုက်ဆံ​ရှိနေ​ရင် အိမ်အလုပ် ခိုင်း​မရ​တော့​တာ ဖြစ်နိုင်တယ်၊ ဒါဆို​ရင် အိမ်အလုပ်​လုပ်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကို ခံစားရ​တော့မှာ မဟုတ်ဘူးလို့ ပြော​ကြ​တယ်။ ဘာ​သင်ခန်းစာ​ရသလဲ။ အိမ်အလုပ်​လုပ်​ခိုင်း​တာနဲ့ မုန့်ဖိုး​ပေးတာကို သီးသန့်​စီ ခွဲထား​တာ ပိုကောင်းတယ်။