မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

သားသမီးများကို တာဝန်ယူတတ်ရန် သင်ပေးပါ

သားသမီးများကို တာဝန်ယူတတ်ရန် သင်ပေးပါ

ဂျော့ရှ်– * “ညရောက်တိုင်း အဲဒီလို ဖြစ်ပျက်နေကျ။ ကျွန်တော့်ရဲ့ လေးနှစ်သားလေး မိုက်ကယ် ကစားထားတဲ့အရုပ်တွေက တစ်အိမ်လုံး ပွလန်ကျဲနေတာပဲ။ အိပ်ရာထဲမဝင်ခင် သူ့ကို အရုပ်တွေ ကောက်သိမ်းခိုင်းတဲ့အခါ မိုက်ကယ်က အော်ငိုပြီး သောင်းကျန်းတော့တာပဲ။ တစ်ခါတလေ ကျွန်တော်လည်း စိတ်ဆိုးဆိုးနဲ့ သူ့ကို အော်ငေါက်မိတယ်။ အဲဒီလိုလုပ်တဲ့အတွက် သားအဖနှစ်ယောက်စလုံး စိတ်ညစ်ရတာပဲ အဖတ်တင်တယ်။ စိတ်ချမ်းချမ်းသာသာနဲ့ပဲ အိပ်ရာဝင်ချင်တယ်။ ဒါကြောင့် ရှုပ်ပွနေတဲ့အရုပ်တွေကို သိမ်းဖို့ သူ့ကိုမပြောတော့ဘဲ ကိုယ်တိုင်ပဲ သိမ်းလိုက်တယ်။”

အမ်မလီ– “ကျွန်မရဲ့ ၁၃ နှစ်အရွယ် သမီးလေး ဂျဲနီက ဆရာမလုပ်ခိုင်းတဲ့ အိမ်စာကို သိပ်နားမလည်ဘူး ဖြစ်နေတယ်။ ကျောင်းကနေ အိမ်ရောက်တော့ သူငိုနေတာ တစ်နာရီလောက် ရှိပြီ။ အကူအညီ တောင်းပါလားလို့ ကျွန်မပြောတော့ ဆရာမက အပေါက်ဆိုးလို့ သူ့ကို စကားမပြောရဲဘူးဆိုပြီး ဂျဲနီက ငြင်းနေတော့တာပဲ။ ဒါနဲ့ ကျွန်မလည်း အရမ်းစိတ်ဆိုးပြီး ဆရာမကို ချက်ချင်း သွားရန်တွေ့ပစ်လိုက်ချင်စိတ် ပေါက်သွားတယ်။ ကျွန်မရဲ့သမီးလေးကို စိတ်မကောင်းဖြစ်အောင် ဘယ်သူမှ လုပ်ပိုင်ခွင့်မရှိဘူး။”

သင်သည် ဂျော့ရှ်နှင့် အမ်မလီတို့ကဲ့သို့ပင် ခံစားရသလော။ သားသမီးများ အခက်တွေ့နေသည် သို့မဟုတ် စိတ်မကောင်းဖြစ်နေသည်ကို အဘယ်မိဘကမျှ လက်ပိုက်ကြည့်မနေနိုင်ကြချေ။ သားသမီးများကို မိဘများ ကြိုးစားကာကွယ်ပေးခြင်းမှာ သဘာဝပင်။ သို့သော် သားသမီးများ တာဝန်ယူတတ်ဖို့ မိဘများက အဖိုးတန်သင်ခန်းစာပေးနိုင်ရန် အထက်ပါ အဖြစ်အပျက်များကို ဖော်ပြထားခြင်းသာ ဖြစ်သည်။ ၄ နှစ်အရွယ်ကလေးနှင့် ၁၃ နှစ်အရွယ်ကလေးတို့၏ သင်ယူနိုင်စွမ်းမှာ ကွာခြားနိုင်ပါသည်။

အမှန်မှာ သင်သည် မိမိကလေး အခက်အခဲတွေ့တိုင်း အမြဲကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ နောက်ဆုံးတွင် ကလေးတစ်ဦးသည် မိဘ၏အရိပ်အာဝါသအောက်မှ ထွက်၍ သူ့ဝန်သူထမ်းရန် တာဝန်ယူရလိမ့်မည်။ (ဂလာတိ ၆:၅; ကမ္ဘာဦး ၂:၂၄) ကလေးများ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ဖို့ တစ်ကိုယ်ကောင်းမဆန်သော၊ ဂရုစိုက်တတ်သော၊ တာဝန်ယူတတ်သော လူကြီးများဖြစ်လာရန် မိဘများ သွန်သင်ပေးရမည်။ ယင်းသည် လွယ်ကူသည့်အလုပ် မဟုတ်ချေ။

ဝမ်းသာစရာမှာ၊ တပည့်များနှင့် မည်သို့ဆက်ဆံပုံကို ပြသခဲ့သော စံနမူနာရှင် ယေရှုကို မိဘများ အတုယူနိုင်ပါသည်။ ယေရှုသည် ဖခင်တစ်ဦး မဟုတ်ပါ။ သို့သော် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်း လုပ်ငန်းကို မိမိသေပြီးနောက်၌ပင် တပည့်များ တာဝန်ယူပြီး ဆက်လုပ်ဆောင်နိုင်ရန် သူတို့ကို ကိုယ်တော် လေ့ကျင့်ပေးခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) တပည့်များကို ယေရှု သင်ပေးသည့်နည်းတူ မိဘများသည်လည်း သားသမီးများကို တာဝန်ယူတတ်သူများ ဖြစ်လာရန် သင်ပေးရမည်။ မိဘများအတွက် ယေရှု ပြသခဲ့သော ပုံနမူနာသုံးခုကို သုံးသပ်ကြည့်ပါ။

သင့်ကလေးကို  “ပုံသက်သေ”  ပြပါ

ယေရှုသည် မိမိ၏မြေကြီးအသက်တာ ကုန်ဆုံးခါနီးတွင် တပည့်များကို ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့လည်း ပြုရမည်အကြောင်း ပုံသက်သေကို ပြခဲ့ပြီ။” (ယောဟန် ၁၃:၁၅) အလားတူ၊ တာဝန်ယူတတ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုကြောင်း အပြောဖြင့်သာမက အလုပ်ဖြင့်ပါ မိဘများအနေနှင့် ပုံသက်သေပြဖို့ လိုသည်။

သင့်ကိုယ်သင် ဤသို့မေးပါ– ‘ကိုယ့်ဝန်ကိုယ်ထမ်းတဲ့အခါ အကောင်းဘက်ကနေ ပြောလေ့ရှိသလား။ သူတစ်ပါးအကျိုးဆောင်တဲ့အခါ ကျေနပ်အားရကြောင်း ပြောပြသလား။ ဒါမှမဟုတ် ကိုယ့်ထက်ပိုအဆင်ပြေပုံရသူနဲ့ နှိုင်းယှဉ်ပြီး မကြာခဏ ညည်းတွားတတ်သလား။’

မည်သူမျှ အမှားနှင့် မလွတ်ကင်းချေ။ ကျွန်ုပ်တို့အားလုံး တစ်ခါတစ်ရံ မနိုင်ဝန် ထမ်းနေရပါသည်။ တာဝန်ရှိရှိ လုပ်ဆောင်ခြင်း၏ အရေးကြီးမှုနှင့် တန်ဖိုးကို သင့်ကလေးများ တွေ့မြင်နိုင်ရန် သင်၏ပုံသက်သေသည် အစွမ်းထက်ဆုံးနည်းလမ်း ဖြစ်နိုင်ပါသည်။

ဤနည်းကို စမ်းသုံးကြည့်ပါ– ဖြစ်နိုင်လျှင် သင့်ကလေးကို သင့်လုပ်ငန်းခွင်သို့ ရံဖန်ရံခါ ခေါ်သွားပြီး မိသားစု စားဝတ်နေရေးကို ထောက်ပံ့ရန် သင် ဘာလုပ်ဆောင်နေကြောင်း ပြသပါ။ အကူအညီ လိုအပ်နေသူကို သင့်ကလေးနှင့်အတူ သွားကူညီပေးပါ။ ထို့နောက် ထိုသို့တာဝန်ယူလုပ်ဆောင်ခြင်းမှ ရရှိသော ပျော်ရွှင်မှုကို ပြောဆိုဆွေးနွေးပါ။—တမန်တော် ၂၀:၃၅

မတန်တဆ မမျှော်လင့်ပါနှင့်

တပည့်များ လုပ်ဆောင်ရမည့် အခန်းကဏ္ဍများနှင့် တာဝန်များကို သူတို့လက်ခံဖို့ အဆင်သင့်မဖြစ်သေးမီ အချိန်ယူရမည်ဖြစ်ကြောင်း ယေရှု သိထားသည်။ တစ်ချိန်က ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့အား ငါပြောစရာ များစွာရှိသေးသော်လည်း သင်တို့သည် ယခု မခံယူနိုင်ကြ။” (ယောဟန် ၁၆:၁၂) တပည့်များ ၎င်းတို့ဘာသာ လုပ်ဆောင်ဖို့ ယေရှု ချက်ချင်း မတောင်းဆိုခဲ့ချေ။ ယင်းအစား အချိန်များစွာယူ၍ သူတို့ကို အချက်အလက်များစွာ သွန်သင်ပေးခဲ့သည်။ သူတို့ဘာသာလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီဟု ကိုယ်တော် သိရှိချိန်တွင်သာ သူတို့ကို စေလွှတ်လိုက်သည်။

ထိုနည်းတူ ကလေးများ သူတို့ဘာသာတာဝန်ယူဖို့ အဆင်သင့်မဖြစ်သေးမီ ထိုသို့လုပ်ဆောင်ရန် မိဘများတောင်းဆိုခြင်းက အကျိုးသင့်အကြောင်းသင့်မရှိချေ။ ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့နှင့်သင့်လျော်သော အလုပ်တာဝန်များကို မိဘများ သတ်မှတ်ပေးသင့်သည်။ ဥပမာ၊ ကလေးများ တစ်ကိုယ်ရေသန့်ရှင်းမှုကို ၎င်းတို့ဘာသာ လုပ်တတ်ရန်၊ ကိုယ့်အခန်း ကိုယ်ရှင်းတတ်ရန်၊ အချိန်ကို လေးစားတတ်ရန်၊ ငွေကြေးကို နည်းမှန်လမ်းကျ သုံးစွဲတတ်ရန် သင်ပေးဖို့ လိုသည်။ ကလေးတစ်ဦး ကျောင်းတက်ချိန်အရွယ်မှစ၍ ကျောင်းစာများကို အရေးကြီးတာဝန်အဖြစ် ရှုမြင်တတ်ရန် မိဘများက သင်ပေးသင့်သည်။

မိဘများသည် ကလေးကို တာဝန်ပေးရုံထက်မက လုပ်ဆောင်ပေးဖို့ လိုသည်။ ထိုတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ကလေး၏ ကြိုးစားအားထုတ်မှုကို ပံ့ပိုးပေးဖို့လည်း လိုသည်။ ပွကျဲနေသောအရုပ်များကို နေရာတကျ သိမ်းဆည်းရသည့် အလုပ်သည် မိုက်ကယ်အတွက် အလွန်ခက်ပုံရသောကြောင့် သူစိတ်ဆိုးရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဂျော့ရှ် သဘောပေါက်သွားသည်။ “အရုပ်တွေကို သိမ်းဖို့ မိုက်ကယ်ကို မအော်ငေါက်တော့ဘဲ ဘယ်လိုစနစ်တကျ ကောက်သိမ်းရမယ်ဆိုတာကိုပဲ ကြိုးစားသင်ပေးတယ်” ဟု ဂျော့ရှ်က ဆိုသည်။

ဂျော့ရှ် မည်သို့ သတ်သတ်မှတ်မှတ် လုပ်ဆောင်ခဲ့သနည်း။ “ဦးဆုံးအနေနဲ့ ညတိုင်း အရုပ်ကောက်သိမ်းဖို့ အချိန်သတ်မှတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်တော်က မိုက်ကယ်ကို ဝိုင်းကူသိမ်းပေးတယ်။ တစ်ခါတည်း အပြီးမရှင်းဘဲ နည်းနည်းစီခွဲပြီး ရှင်းကြတယ်။ သားအဖနှစ်ယောက် ဘယ်သူအရင်သိမ်းလို့ပြီးမလဲဆိုပြီး ပြိုင်ကြတယ်။ မကြာခင်မှာပဲ အဲဒါက အိပ်ရာမဝင်ခင် လုပ်နေကျအလုပ် ဖြစ်လာတယ်။ တကယ်လို့ မြန်မြန်သိမ်းလို့ပြီးရင် အိပ်ရာဝင်တဲ့အခါ ပုံပြင်အပိုတစ်ပုဒ် ဖတ်ပြမယ်လို့ မိုက်ကယ်ကို ကျွန်တော် ကတိပေးခဲ့တယ်။ ဒါပေမဲ့ အချိန်မီမပြီးလို့ရှိရင်တော့ ပုံပြင်ဖတ်ပြမယ့်အချိန်ကို လျှော့မယ်လို့ ပြောလိုက်တယ်။”

ဤနည်းကို စမ်းသုံးကြည့်ပါ– မိသားစု၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန် သားသမီးတစ်ဦးချင်းစီ လုပ်ဆောင်နိုင်မည့် တာဝန်များကို သတ်မှတ်ပါ။ ‘ကလေးတွေ၊ သူတို့ဘာသာ လုပ်နိုင်တဲ့အရာတွေကို ငါလုပ်ပေးနေတုန်းပဲလား’ ဟုသင့်ကိုယ်သင် မေးကြည့်ပါ။ သို့ဖြစ်လျှင် ကလေးများ သူတို့ဘာသာ လုပ်နိုင်သည်အထိ သူတို့နှင့်အတူ တွဲလုပ်ပါ။ ကလေးများ သူတို့လုပ်ဆောင်ပုံအပေါ် မူတည်၍ ကောင်းကျိုးဆိုးကျိုး ရှိမည်ဟု ရှင်းပြထားပါ။ ထို့နောက် ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။

ညွှန်ကြားချက်ကို တိတိကျကျပေးပါ

အကောင်းဆုံးသင်ယူနည်းသည် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆရာကောင်းများနည်းတူ ယေရှုလည်း သိထားသည်။ ဥပမာ၊ ယေရှုသည် တပည့်များကို စေလွှတ်ချိန်တန်ပြီဟု သိရှိသည်နှင့် မိမိ “ကြွတော်မူမည့် မြို့ရွာအရပ်ရပ်သို့ ရှေ့တော်၌ နှစ်ဦးစီ စေလွှတ်” တော်မူ၏။ (လုကာ ၁၀:၁) သို့သော် ကိုယ်တော်သည် သူတို့ကို အဘယ် ညွှန်ကြားချက်မျှ မပေးဘဲ မစေလွှတ်ခဲ့ချေ။ သူတို့ကို မစေလွှတ်မီ ညွှန်ကြားချက်များကို တိတိကျကျ ပေးခဲ့သည်။ (လုကာ ၁၀:၂-၁၂) တပည့်များ ပြန်လာ၍ သူတို့၏အောင်မြင်မှုကို ကြားပြောသောအခါ ယေရှုသည် သူတို့ကို ချီးမွမ်းပြီး အားပေးခဲ့သည်။ (လုကာ ၁၀:၁၇-၂၄) တပည့်များ၏ စွမ်းရည်များကို ယုံကြည်စိတ်ချကာ နှစ်သက်လက်ခံကြောင်း ကိုယ်တော် ဖော်ပြခဲ့သည်။

ခက်ခဲသောတာဝန်များကို သင့်ကလေးများ လုပ်ဆောင်သည့်အခါ သင် မည်သို့ တုံ့ပြန်သနည်း။ သူတို့ကြောက်ရွံ့သော၊ သူတို့ကို စိတ်ပျက်စေသော၊ သူတို့ကို ရှုံးနိမ့်စေသော အရာများမှ ကာကွယ်ပေးဖို့ သင် ကြိုးစားသလော။ မိဘတို့၏ သဘောသဘာဝမှာ သားသမီးများ အခက်အခဲတွေ့လျှင် ချက်ချင်း ဝင်ကူပေးလိုသည် သို့မဟုတ် သူတို့အစား ခေါင်းခံပေးလိုသည်။

သားသမီးများ အခက်အခဲ ကြုံတိုင်း တစ်နည်းနည်းဖြင့် သင် ဝင်ရောက်ကူညီပေးမည်ဆိုလျှင် အဘယ်သဘော သက်ရောက်သွားနိုင်ကြောင်း သုံးသပ်ကြည့်ပါ။ သူတို့၏စွမ်းရည်များကို သင် ယုံကြည်စိတ်ချကြောင်း ဖော်ပြနေသလော။ သို့မဟုတ် အစစအရာရာအတွက် သင့်ကိုသာ အားကိုးနေရသော မွေးကင်းစကလေးများကဲ့သို့ သူတို့ကို ယူမှတ်နေဆဲဖြစ်ကြောင်း ဖော်ပြနေသလော။

ဥပမာ၊ အမ်မလီသည် သမီးဖြစ်သူ၏ အခက်အခဲကို မည်သို့ ဖြေရှင်းပေးခဲ့သနည်း။ ကြားဝင်လုပ်ဆောင်ပေးမည့်အစား သမီးဖြစ်သူ ဂျဲနီအား ဆရာမနှင့် တိုက်ရိုက်သွားစကားပြောရန် အကြံပေးခဲ့သည်။ ဦးဆုံး အမ်မလီနှင့် ဂျဲနီသည် ဆရာမအား မေးရမည့် မေးခွန်းများကို ချရေးကြသည်။ ထို့နောက် အဘယ်အချိန်တွင် ဆရာမနှင့် မည်သို့ စကားပြောရမည်ကို သူတို့ ဆွေးနွေး၍ လေ့ကျင့်ကြသည်။ “ဂျဲနီက သူ့ဆရာမနဲ့ စကားပြောဖို့ သတ္တိရှိသွားတယ်။ သူ့ဆရာမကလည်း ဂျဲနီကစပြီး ချဉ်းကပ်တဲ့အတွက် ချီးမွမ်းခဲ့တယ်။ အဲဒီလို လုပ်နိုင်ခဲ့တဲ့အတွက် ဂျဲနီရော၊ ကျွန်မပါ ကျေနပ်အားရခဲ့တယ်” ဟုအမ်မလီက ပြောပြသည်။

ဤနည်းကို စမ်းသုံးကြည့်ပါ- သင့်ကလေး ရင်ဆိုင်နေရသော လက်ရှိအခက်အခဲ၊ သူ့ကို ကာကွယ်မပေးဘဲ ထိုအခက်အခဲကို သူရင်ဆိုင်နိုင်ရန် သင် ကူညီပေးနိုင်သောအရာတို့ကို ချရေးပါ။ ထိုအခက်အခဲကို အောင်မြင်ကျော်လွှားရန် လိုအပ်သည့် အချက်များကို သင့်ကလေးနှင့်အတူ အစမ်းလေ့ကျင့်ပါ။ သင့်ကလေး၏စွမ်းရည်ကို ယုံကြည်စိတ်ချကြောင်း ပြောပြပါ။

သင့်ကလေးများ အခက်အခဲတွေ့တိုင်း အမြဲကာကွယ်ပေးမည်ဆိုလျှင် ဘဝ၏စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်နိုင်သည့်အစွမ်းကို သင် အညွန့်ချိုးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။ သင့်ကလေးများ တာဝန်ယူတတ်ရန် သင်ပေးခြင်းဖြင့် သူတို့ကို အားပေးပါ။ ထိုသို့လုပ်ဆောင်ခြင်းက သူတို့ကို သင်,ပေးနိုင်သမျှတွင် တန်ဖိုးအရှိဆုံး လက်ဆောင်များအနက် တစ်ခုဖြစ်ပေမည်။

^ အပိုဒ်၊ 3 အမည်များကို ပြောင်းထားသည်။

သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ . . .

  • ကလေးတွေ လုပ်နိုင်တဲ့အရာတွေထက် မတန်တဆ ငါမျှော်လင့်သလား

  • သူတို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့အရာတွေကို အပြောနဲ့ရော အလုပ်နဲ့ပါ ငါပြသလား

  • ငါ့ကလေးကို နောက်ဆုံး အားပေးခဲ့တဲ့အချိန်၊ ချီးမွမ်းခဲ့တဲ့အချိန်က ဘယ်အချိန်လဲ