မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ငါသာအဓိကဖြစ်နေတဲ့ခေတ်မှာ စာနာမှုရှိတဲ့ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးနိုင်ပုံ

ငါသာအဓိကဖြစ်နေတဲ့ခေတ်မှာ စာနာမှုရှိတဲ့ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးနိုင်ပုံ

နေ့စဉ်နေ့တိုင်းလိုလိုပါပဲ တခြားသူတွေကို ကြင်နာမှုပြနိုင်တဲ့ အခွင့်အရေးများစွာ ရှိနေပါတယ်။ ဒါပေမဲ့ လူများစွာဟာ ကိုယ့်အတွက်ပဲ စဉ်းစားနေပုံရတယ်။ အဲဒီလိုစိတ်သဘောထားမျိုးကို နေရာတိုင်းလိုလိုမှာ တွေ့နေရတယ်၊ တခြားသူအပေါ် အရှက်မရှိလိမ်ညာရာကနေ ဒေါသတကြီး ကားမောင်းတာတွေ၊ ရိုင်းစိုင်းတဲ့အပြောအဆိုကနေ ဒေါသပေါက်ကွဲတာတွေကို တွေ့နေရတယ်။

ငါသာအဓိက စိတ်သဘောထားကို မိသားစုများစွာမှာလည်း တွေ့နေရတယ်။ ဥပမာ၊ အိမ်ထောင်တချို့မှာ တစ်ယောက်က “ငါက တကယ်တော့ သူ့ထက်ပိုကောင်းတဲ့သူနဲ့ ရသင့်တာ” ဆိုတဲ့ ခံစားချက်ဖြစ်ပေါ်လာပြီး ကွာရှင်းကြတယ်။ တချို့မိဘတွေတောင် ကလေးတွေစိတ်ထဲ ငါသာအဓိကသဘောထားကို မရည်ရွယ်ဘဲ သွင်းပေးနေကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကလေးလိုချင်တာမှန်သမျှကို အလိုလိုက်ခြင်း၊ ဆုံးမဖို့လိုနေတာကိုတော့ လျစ်လျူရှုခြင်းဖြင့်ဖြစ်တယ်။

မိဘများစွာကတော့ မိမိတို့ရဲ့ကလေးတွေကို ကိုယ့်ထက် တခြားသူတွေကိုဦးစားပေးဖို့ လေ့ကျင့်ပေးကြတဲ့အတွက် အကျိုးကျေးဇူးများစွာရကြတယ်။ ထောက်ထားစာနာမှုရှိတဲ့ ကလေးတွေမှာ သူငယ်ချင်းများစွာရှိကြပြီး သူတို့ရဲ့ခင်မင်ရင်းနှီးမှုကလည်း ကြာရှည်ခံတယ်။ သူတို့တွေဟာ အလိုမကျစိတ် နည်းကြတယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာပြောထားတဲ့အတိုင်း ‘ခံယူခြင်းထက် ပေးကမ်းခြင်းက သာ၍ပျော်ရွှင်’ စေတဲ့အတွက်ဖြစ်တယ်။ —တမန်တော် ၂၀:၃၅

သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် ကြင်နာမှုပြခြင်းဖြင့် အကျိုးခံစားရဖို့၊ ငါသာအဓိကစိတ်ဓာတ်မကူးစက်ဖို့ သင့်ကလေးကို ဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ။ သင့်ကလေးမှာ ငါသာအဓိကစိတ်ဓာတ် ဝင်သွားစေနိုင်တဲ့ ထောင်ချောက်သုံးခုနဲ့ အဲဒီထောင်ချောက်ထဲမကျအောင် ဘယ်လိုရှောင်နိုင်မလဲဆိုတာ သုံးသပ်ကြည့်ပါ။

၁ အလွန်အကျွံချီးမွမ်းခြင်း

ပြဿနာ။ စိုးရိမ်ဖွယ် သဘောထားတစ်ခုကို ပညာရှင်တွေသတိပြုမိကြတယ်– အလုပ်ဝင်လာကြတဲ့ လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အလုပ်စဝင်တာနဲ့ ဒါမှမဟုတ် ဘာမှမလုပ်သေးဘဲနဲ့ အောင်မြင်မှုအများကြီးရချင်တဲ့ သဘောထားမျိုးရှိကြတယ်။ တချို့တွေကျတော့ အလုပ်တောင်ကောင်းကောင်း မလုပ်တတ်သေးခင် မြန်မြန်ဆန်ဆန်ရာထူးတိုးလိမ့်မယ်လို့ ထင်မှတ်ထားကြတယ်။ တချို့သူတွေကျပြန်တော့ သူတို့ကိုယ်သူတို့ အထူးပုဂ္ဂိုလ်တွေလို့ ယူဆနေကြပြီး ဒီလိုပုံစံမျိုးနဲ့ဆက်ဆံခံရမယ်လို့ ထင်နေကြတယ်။ သူတို့ထင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျကြတယ်။

ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ သဘောထားက ငယ်စဉ်က ဘယ်လိုထိန်းကျောင်းခံခဲ့ရသလဲ ဆိုတာနဲ့သက်ဆိုင်နိုင်တယ်။ ဥပမာ၊ မိဘတချို့က လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ခေတ်စားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားအောင်လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တော်တော်လေးခံခဲ့ရတယ်။ အဲဒီအတွေးအခေါ်က ဖြစ်နိုင်ခြေရှိပုံရတဲ့ ဒီအချက်အပေါ်အခြေခံတယ်– ‘ကလေးတွေကို နည်းနည်းလေးချီးမွမ်းပေးတာ ကောင်းတယ်ဆိုရင် အများကြီးချီးမွမ်းတာက ပိုကောင်းတယ်။ မနှစ်သက်ကြောင်း တစ်နည်းနည်းနဲ့ဖော်ပြတာက ကလေးကို စိတ်ဓာတ်ကျစေရုံပဲရှိတယ်။’ လူအများက ကလေးတွေ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးစိတ်ရှိအောင် လုပ်ဆောင်နေချိန်မှာ အဲဒီလိုမလုပ်တဲ့သူကို မိဘတာဝန်မကျေတဲ့သူလို့ သတ်မှတ်ကြတယ်။ မိဘတွေက ကလေးတွေကို စိတ်မကောင်း လုံးဝမဖြစ်စေရဘူးလို့ သတ်မှတ်ထားကြတယ်။

ဒါနဲ့ပဲ ကလေးတွေရဲ့လုပ်ဆောင်မှုက ချီးမွမ်းမခံထိုက်ရင်တောင် အဖေအမေတွေက နင်းကန်ချီးမွမ်းတော့တယ်။ အောင်မြင်ပြီးမြောက်မှုက ဘယ်လောက်ပဲသေးငယ်ပါစေ ဂုဏ်ပြုကြတယ်၊ အမှားက ဘယ်လောက်ပဲကြီးနေပါစေ လျှော်ပစ်လိုက်ကြတယ်။ အဲဒီမိဘတွေရဲ့စိတ်ထဲမှာ ကလေးက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့ဆိုရင် မကောင်းတဲ့အချက်တွေကို လျစ်လျူရှုပြီး ကျန်တာအားလုံးကို ချီးမွမ်းပေးရမယ်လို့ ထင်နေကြတယ်။ ကလေးတွေကို အမှန်တကယ်စိတ်ပျော်စေတာက တစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်တတ်လာခြင်းဖြစ်တယ်၊ ဒါပေမဲ့ မိဘတွေစိတ်ထဲမှာ အလုပ်လုပ်တတ်အောင် သင်ပေးဖို့ထက် ကလေးတွေစိတ်ပျော်ဖို့က ပိုအရေးကြီးလာတယ်။

သမ္မာကျမ်းစာပြောဆိုရာ။ သင့်တော်တဲ့အခါမှာ ချီးမွမ်းပေးတာက သင့်လျော်တယ်ဆိုတာကို သမ္မာကျမ်းစာက အသိအမှတ်ပြုပါတယ်။ (မဿဲ ၂၅:၁၉-၂၁) ဒါပေမဲ့ ကလေးစိတ်ပျော်ဖို့လောက်အတွက်နဲ့ပဲ ချီးမွမ်းနေမယ်ဆိုရင် ကလေးက သူ့ကိုယ်သူ ရှုမြင်ပုံ လွဲမှားသွားနိုင်တယ်။ ဒါကြောင့် သမ္မာကျမ်းစာက သင့်လျော်စွာ ဒီလိုဖော်ပြထားတယ်– “မည်သူမဆို ဘာမျှမဟုတ်ဘဲလျက် ငါသည် အရေးပါသူဖြစ်သည်ဟု ထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်ဖြားသောသူ ဖြစ်၏။” (ဂလာတိ ၆:၃) အကြောင်းကောင်းရှိလို့သာ မိဘတွေကိုကျမ်းစာက ဒီလိုပြောတယ်– “ကလေးကို ဆုံးမရန်မနှောင့်နှေးနှင့်။ အရိုက်ခံရရုံဖြင့် သူသည်မသေနိုင်။” *သုတ္တံ ၂၃:၁၃ခမ။

သင်လုပ်ဆောင်နိုင်ရာ။ လိုအပ်ရင်ဆုံးမဖို့နဲ့ ထိုက်တန်ရင်ချီးမွမ်းဖို့ ပန်းတိုင်ထားပါ။ ကလေးစိတ်ပျော်ဖို့အတွက်နဲ့ပဲ မချီးမွမ်းပါနဲ့။ အဲဒီလိုလုပ်တာက အကျိုးမရှိဘူး။ “ကိုယ့်ရဲ့အစွမ်းအစကို တိုးတက်အောင်လုပ်ခြင်း၊ သင်ယူတတ်မြောက်ခြင်းကနေပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ရှိစေတာဖြစ်တယ်။ ဘာမှမဟုတ်ဘဲနဲ့ တော်လိုက်တာလို့ အပြောခံရခြင်းကနေ မဟုတ်ဘူး” လို့ စာအုပ်တစ်အုပ် (Generation Me) ကဆိုတယ်။

“သင်တို့သည် ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်ဘဲ . . . သင့်လျော်စွာ ထင်ကြ[လော့။]”—ရောမ ၁၂:၃

၂ အလွန်အကျွံကာကွယ်ပေးခြင်း

ပြဿနာ။ အလုပ်ဝင်ခါစ လူငယ်များစွာက အလုပ်မှာ ကြုံရမယ့်အခက်အခဲတွေအတွက် ဘာမှပြင်ဆင်မှုမရှိဘဲ အလုပ်ဝင်လာကြတယ်။ တချို့သူတွေက ဘာမဟုတ်တဲ့စကားလေးနဲ့ ဝမ်းနည်းပက်လက်ဖြစ်ကြတယ်။ တခြားသူတွေကျပြန်တော့ စိတ်အလိုမကျနိုင်ဖြစ်ပြီး သူတို့အမြင့်ဆုံးမျှော်မှန်းထားတဲ့ အလုပ်ကိုပဲ လိုချင်ကြတယ်။ ဥပမာ၊ စာအုပ်တစ်အုပ် (Escaping the Endless Adolescence) မှာ ဒေါက်တာ ဂျိုးဇက် အယ်လန်က အလုပ်အင်တာဗျူးဖြေဆိုတဲ့ လူငယ်တစ်ယောက်ရဲ့စကားကို ခုလိုပြောပြတယ်– “အလုပ်ထဲက တချို့အပိုင်းတွေက သိပ်စိတ်ဝင်စားစရာမကောင်းဘူး။ ပျင်းစရာကောင်းတာကို ကျွန်တော် မကြိုက်ဘူး။” ဒေါက်တာအယ်လန်က ခုလိုဆက်ရေးတယ်– “အလုပ်အားလုံးမှာ အနည်းနဲ့အများတော့ ပျင်းစရာကောင်းတဲ့အပိုင်းလေးတွေရှိတယ်ဆိုတာ သူသိပုံမရဘူး။ အသက်နှစ်ဆယ့်သုံးနှစ်ရှိတဲ့သူတစ်ယောက်က ဒါကို ဘာလို့များမသိပါလိမ့်။”

ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ မကြာသေးမီက ဆယ်စုနှစ်တွေအတွင်းမှာ မိဘများစွာဟာ ကလေးတွေကို ဘယ်အခက်အခဲမဆိုကနေ ကာကွယ်ပေးရမယ်လို့ ခံစားလာကြတယ်။ သမီးဖြစ်သူ အဆင့်ကျသွားရင် မိဘဖြစ်သူက ဆရာ/ဆရာမဆီသွားပြီး အဆင့်တက်အောင် လုပ်ပေးဖို့ တောင်းဆိုကြတယ်။ သားဖြစ်သူရဲ့ ပေါ့လျော့မှုကြောင့် တစ်ခုခုပျက်စီးသွားရင် မိဘဖြစ်သူက ဝင်ဖြေရှင်းလိုက်တယ်။ သားသမီးဖြစ်သူက တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်တဲ့အခါ တစ်ဖက်သားအပေါ် အပြစ်ပုံချပြီး ကိုယ့်ကလေးကို နှစ်သိမ့်ပေးတတ်ကြတယ်။

ကိုယ့်သားသမီးကို ကာကွယ်ပေးလိုတာက သဘာဝပါပဲ။ ဒါပေမဲ့ အလွန်အမင်းကာကွယ်ပေးတဲ့အခါ ကလေးတွေကို ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်မယူတတ်အောင် သင်ပေးသလိုဖြစ်သွားနိုင်တယ်။ “နာကျင်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်၊ အဲဒါတွေကနေ သင်ခန်းစာတွေတောင် ရနိုင်တယ်ဆိုတာ [အဲဒီလို] ကလေးတွေ မသိတော့ဘူး။ အဲဒီလိုကလေးတွေက ကိုယ့်အတွက်ပဲ ကြည့်တတ်လာတယ်။ မိဘတွေအပါအဝင် တစ်လောကလုံးမှာရှိတဲ့သူတွေက သူ့တို့အတွက် လုပ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ကြီးလာကြတယ်” လို့ နောက်စာအုပ်တစ်အုပ် (Positive Discipline for Teenagers) မှာဖော်ပြထားတယ်။

သမ္မာကျမ်းစာ ပြောဆိုရာ။ ဘဝမှာ အခက်အခဲဆိုတာ ရှိစမြဲပါ။ သမ္မာကျမ်းစာက ခုလိုပြောတယ်– ‘လူတိုင်းက အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရတတ်တယ်။’ (ဒေသနာ ၉:၁၁ခမ) အဖြစ်ဆိုးတွေ ကြုံတွေ့ရသူတွေထဲမှာ လူကောင်းတွေလည်း ပါတယ်။ ဥပမာ၊ ခရစ်ယာန်တမန်တော် ပေါလုက ဘုရားသခင့်အမှုတော်ဆောင်နေစဉ်တစ်လျှောက် အခက်အခဲမျိုးစုံကို ခံရပ်ခဲ့ရတယ်။ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရတာက ပေါလုအတွက် တကယ်အကျိုးရှိခဲ့တယ်။ သူ ဒီလိုရေးခဲ့တယ်– “ငါသည် မည်သည့်အခြေအနေမျိုး၌မဆို ရောင့်ရဲတတ်ရန် သင်ယူခဲ့ပြီ။ . . . ဝပြောခြင်းနှင့် မွတ်သိပ်ခြင်း၊ ကြွယ်ဝခြင်းနှင့် ချို့တဲ့ခြင်းတို့ကို အရာရာတိုင်းနှင့် အခြေအနေတိုင်းတွင် မည်သို့ကိုင်တွယ်ရမည်ကို ငါသင်ယူခဲ့ပြီ။”—ဖိလိပ္ပိ ၄:၁၁၊ ၁၂

သင်လုပ်ဆောင်နိုင်ရာ။ သင့်ကလေးရဲ့ ရင့်ကျက်မှုအတိုင်းအတာအလိုက် ဒီကျမ်းစာမူကို ကျင့်သုံးဖို့ ကြိုးစားပါ– “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်။” (ဂလာတိ ၆:၅) သားဖြစ်သူရဲ့ ပေါ့လျော့မှုကြောင့် တစ်ခုခုပျက်စီးသွားရင် သူ့ရဲ့မုန့်ဖိုး၊ သူ့ရဲ့လစာနဲ့ ပြန်လျော်စေပါ။ သင့်သမီး အဆင့်ကျရင် နောက်တစ်ခါ ကောင်းကောင်းပြင်ဆင်ဖို့အချက်ပြတာဖြစ်ကြောင်း သူ့ကိုသိစေပါ။ ကိုယ့်သားသမီးက တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်တဲ့အခါ သူ့ကို နှစ်သိမ့်ပေးပါ၊ ဒါပေမဲ့ သင့်တော်တဲ့အချိန်မှာ ‘ကိုယ့်ဘက်ကရော ဘာမှားနေလဲ’ ဆိုတဲ့ မေးခွန်းမျိုးကို စဉ်းစားခိုင်းပါ။ ကလေးက ပြဿနာကို ကိုယ်တိုင်ကြိုးစားဖြေရှင်းတဲ့အခါမှာ စွမ်းရည်ပိုပြည့်ဝလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာမယ်။ တစ်ချိန်လုံး သူတို့ကိုယ်စား လိုက်ဖြေရှင်းပေးနေရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိမှာမဟုတ်ဘူး။

“လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့ပြုလျှင် . . . ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။”—ဂလာတိ ၆:၄

၃ အလွန်အကျွံထောက်ပံ့ပေးခြင်း

ပြဿနာ။ လူငယ်တွေကို စစ်တမ်းကောက်တဲ့အခါ ၈၁ ရာခိုင်နှုန်းက တခြားသူတွေကိုကူညီဖို့ထက် ချမ်းသာဖို့က သူတို့ရဲ့ အရေးအကြီးဆုံးပန်းတိုင်ဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝဖို့ ကြိုးစားတာက စိတ်ကျေနပ်မှုကို မဖြစ်စေဘူး။ သုတေသီတွေရဲ့ တွေ့ ရှိချက်အရ ရုပ်ပစ္စည်းကို အဓိကထားတဲ့သူတွေဟာ မပျော်ရွှင်ကြဘူး၊ ပိုပြီး စိတ်ဖိစီးခံရတယ်။ သူတို့တွေမှာ ကာယပိုင်းနဲ့ စိတ်ပိုင်းပြဿနာတွေ ပိုများတတ်တယ်။

ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ။ တချို့ကလေးတွေက ရုပ်ပစ္စည်းကို အလေးပေးတဲ့မိသားစုမှာ ကြီးပြင်းလာကြတယ်။ “မိဘတွေက သူတို့ကလေးတွေကို ပျော်စေချင်တယ်၊ ကလေးတွေက ပစ္စည်းပစ္စယတွေ လိုချင်ကြတယ်။ အဲဒါနဲ့ မိဘတွေက ကလေးတွေလိုချင်တာကို ဝယ်ပေးတယ်။ ကလေးတွေက ခဏတစ်ဖြုတ်တော့ ပျော်ကြပေမဲ့ မကြာခင်မှာပဲ တခြားပစ္စည်းတွေကို ထပ်လိုချင်ကြပြန်ရော” လို့ စာအုပ်တစ်အုပ် (The Narcissism Epidemic) က ဆိုတယ်။

ကြော်ငြာလုပ်ငန်းကလည်း အဲဒီလို လိုချင်စိတ်ပြင်းပြနေသူတွေကို ပစ်မှတ်ထားနေတယ်။ ‘အကောင်းဆုံးကို သုံးပါ၊’ ‘သင့်အတွက် မရှိမဖြစ်’ စတဲ့အတွေးတွေဝင်အောင် မြှောက်ပေးနေကြတယ်။ အဲဒီကြော်ငြာတွေနောက် လိုက်တဲ့လူငယ်တွေဟာ အခု အကြွေးတွေ တင်နေကြတယ်၊ ‘မရှိမဖြစ်’ ဆိုတာတွေအတွက် ပိုက်ဆံမပေးနိုင်ကြတော့ဘူး။

သမ္မာကျမ်းစာ ပြောဆိုရာ။ သမ္မာကျမ်းစာက ငွေရှိဖို့လိုတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုပါတယ်။ (ဒေသနာ ၇:၁၂) တစ်ချိန်ထဲမှာ ဒီလိုလည်း သတိပေးထားတယ်– “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် . . . ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ။” (၁ တိမောသေ ၆:၁၀) ရုပ်ပစ္စည်းနောက်မလိုက်ဘဲ ဘဝအတွက် အခြေခံလိုအပ်ရာနဲ့ရောင့်ရဲဖို့ သမ္မာကျမ်းစာက အားပေးတယ်။—၁ တိမောသေ ၆:၇၊ ၈

“ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား . . . သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏။”—၁ တိမောသေ ၆:၉

သင်လုပ်ဆောင်နိုင်ရာ။ မိဘတစ်ဦးအနေနဲ့ သင်ဟာ ငွေ၊ ငွေနဲ့ဝယ်နိုင်တဲ့အရာတွေအပေါ် သင့်သဘောထားကို ဆန်းစစ်ကြည့်ပါ။ သင့်ရဲ့ ဦးစားထားရာတွေကို မှန်ကန်စေပါ။ သင့်ကလေးတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ ကူညီပေးပါ။ ရှေ့မှာကိုးကားခဲ့တဲ့စာအုပ်က ဒီလိုအကြံပြုတယ်– “‘ပစ္စည်းတွေကို ဘယ်အချိန်မှာဝယ်တာက အကောင်းဆုံးလဲ။ ဘယ်အချိန်မှာ မဝယ်တာ ကောင်းလဲ။ အတိုးနှုန်းဘယ်လောက်လဲ။ တစ်ယောက်ယောက်ပြောလို့ ဝယ်လိုက်တာ ဘယ်တုန်းကလဲ’ စတဲ့အကြောင်းအရာတွေကို မိဘနဲ့ ကလေးတွေ အတူဆွေးနွေးနိုင်တယ်။”

ဖြေရှင်းဖို့လိုတဲ့ မိသားစုပြဿနာကို “ပစ္စည်း” ဝယ်ပေးပြီး ချေလိုက်တာမျိုးမလုပ်ဖို့ သတိထားပါ။ “ပြဿနာကို ပစ္စည်းဝယ်ပေးပြီး ဖြေရှင်းတာက ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ဘူး။ ရှူးဖိနပ်၊ ပိုက်ဆံအိတ်တွေနဲ့ မဟုတ်ဘဲ ပိုင်းခြားသိမြင်မှု၊ စာနာမှုနဲ့ ဖြေရှင်းရမှာဖြစ်တယ်” ဆိုပြီး စာအုပ်တစ်အုပ် (The Price of Privilege) မှာ ဖော်ပြထားတယ်။

^ အပိုဒ်၊ 11 သမ္မာကျမ်းစာက ကလေးတွေကို ကာယပိုင်း၊ စိတ်ပိုင်း မတော်မတရားပြုမူဆက်ဆံတာကို မထောက်ခံပါ။ (ဧဖက် ၄:၂၉၊ ၃၁; ၆:၄) ဆုံးမပဲ့ပြင်ရတဲ့အကြောင်းရင်းက သွန်သင်ပေးဖို့ဖြစ်တယ်။ မိဘရဲ့ ဒေါသကို ဖြေလွှတ်ဖို့အတွက် မဟုတ်ဘူး။