မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ အိမ်ထောင်ဖက် ကြည့်နေရင် ဘယ်လို လုပ်မလဲ

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ အိမ်ထောင်ဖက် ကြည့်နေရင် ဘယ်လို လုပ်မလဲ
  • “ကျွန်မယောက်ျား အိမ်ထောင်ရေး အကြိမ်ကြိမ် ဖောက်ပြန်သလို ခံစားရတယ်။”

  • “အရှက်ခွဲခံလိုက်ရသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှု မရှိဘူး၊ တန်ဖိုး မရှိဘူးလို့ ခံစားရတယ်။”

  • “ဘယ်သူ့ကိုမှ ပြောမပြရဲဘူး။ တစ်ယောက်တည်း ကျိတ်ခံစားတယ်။”

  • “ကျွန်မကို ယေဟောဝါ ဂရုမစိုက်ဘူးလို့ ခံစားရတယ်။”

ကိုယ့်ခင်ပွန်း ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို a ကြည့်တဲ့အခါ ဇနီးသည် ဘယ်လောက် ခံစားရတယ်ဆိုတာ ဒီစကားတွေက ဖော်ပြတယ်။ ဒီလိုမျိုး ခိုးခိုး ကြည့်တာ လနဲ့ချီ၊ နှစ်နဲ့ချီ ကြာနေပြီဆိုရင် ခင်ပွန်းကို ဘယ်လိုမှ မယုံတော့ဘူး။ “‘သူ ဘယ်လို လူစားမျိုးလဲ၊ တခြား ဘာတွေများ ဖုံးကွယ်ထားဦးမလဲ’ လို့ တွေးမိတယ်” ဆိုပြီး ဇနီးသည်တစ်ယောက် ပြောတယ်။

ကိုယ့်အိမ်ထောင်ဖက် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ကျင့် ရှိတယ်ဆိုရင် ဒီဆောင်းပါးက သင်တို့အတွက် ပြင်ဆင်ထားတာပါ။ b နှစ်သိမ့်မှု ဖြစ်စေတဲ့၊ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချစေတဲ့၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ ကူညီပေးမယ့် ကျမ်းစာ အခြေခံမူတွေ ဆွေးနွေးထားပါတယ်။ c

အပြစ် မရှိတဲ့ အိမ်ထောင်ဖက် ဘာလုပ်နိုင်သလဲ

ခင်ပွန်း လုပ်သမျှ လိုက်ထိန်းချုပ်လို့ မရပေမဲ့ စိတ်ဒုက္ခ လျော့အောင်၊ စိတ်ငြိမ်သက်အောင် လုပ်လို့ ရတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ် အသုံးမကျလို့ ကိုယ့်ယောက်ျား ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာလို့ ခံစားရနိုင်တယ်။ အဲလစ္စ d ဆိုရင်လည်း ကိုယ့်ဘက်က လိုအပ်ချက်တွေ ရှိနေလို့ ဖြစ်မယ်ဆိုပြီး ခံစားရတယ်။ “ငါ့ယောက်ျားက ငါ့ကို မဟုတ်ဘဲ ဘာလို့ တခြားမိန်းမတွေကို ကြည့်ချင်နေရတာလဲ” လို့ တွေးမိတယ်။ အခြေအနေ ပိုဆိုးအောင် လုပ်မိပြီ အထင်နဲ့ ဇနီးတချို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြတယ်။ “ကျွန်မ ခါးခါးသီးသီး တုံ့ပြန်မိလို့၊ ဒေါသထွက်မိလို့ အိမ်ထောင်မှာ အခြေအနေ ပိုဆိုးသွားတာ ထင်တယ်” လို့ ဒန်ယယ် ပြောတယ်။

အဲဒီလို ခံစားနေရတယ်ဆိုရင် သင့်ခင်ပွန်းရဲ့ လုပ်ရပ်တွေအတွက် သင့်ကို ယေဟောဝါ အပြစ်မတင်ဘူးဆိုတာ သတိရပါ။ “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ” လို့ ယာကုပ် ၁:၁၄ မှာ ဖော်ပြထားတယ်။ (ရော. ၁၄:၁၂။ ဖိ. ၂:၁၂) သင့်ကို ယေဟောဝါ အပြစ်မတင်ဘူး။ မိမိအပေါ် သင် သစ္စာရှိနေတာကိုပဲ တန်ဖိုးထားနေလှပြီ။—၂ ရာ. ၁၆:၉

ခင်ပွန်း ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာ ဇနီးဘက်က လိုအပ်ချက် တစ်ခုခု ရှိလို့ မဟုတ်ဘူး။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေဟာ သောက်လေ အာသာမပြေလေ ဖြစ်တဲ့ ဆားငန်ရည်နဲ့ တူတယ်၊ အဲဒီအာသီသကို ဘယ်မိန်းမကမှ ဖြည့်ဆည်းမပေးနိုင်ဘူးလို့ ပညာရှင်တွေ ရှင်းပြကြတယ်။

အစိုးရိမ် မလွန်ပါနဲ့။ ကိုယ့်ယောက်ျား ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်နေတယ်ဆိုတာပဲ တစ်ချိန်လုံး အာရုံရောက်နေမိတယ်လို့ ကက်သရင်း ပြောတယ်။ “မျက်စိရှေ့ကနေ ခင်ပွန်း ပျောက်သွားရင်ပဲ စိတ်ထင့်နေပြီ။ တစ်နေ့ တစ်နေ့ ဒီစိတ်နဲ့ပဲ အပူမိနေတယ်” လို့ ဖရန်ချက်စ် ပြောတယ်။ ကိုယ့်ခင်ပွန်း ဒီလိုလူစားမျိုးဆိုတာ ရိပ်မိတဲ့ ညီအစ်ကို/မတွေရှေ့ ရောက်ရင် ဇနီးသည်တချို့ မျက်နှာတောင် မဖော်ရဲကြဘူး။ တချို့ကျတော့ နားလည်ပေးမယ့်သူ မရှိလို့ အထီးကျန်ကြတယ်။

ဒီလို ခံစားရတာ သဘာဝပါပဲ။ ဒါပေမဲ့ ဒါချည်းပဲ တနုံ့နုံ့ စဉ်းစားနေရင် သောက များရုံပဲ ရှိမယ်။ အဲဒီအစား ကိုယ်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို အာရုံစိုက်ပါ။ စိတ်ဓာတ် ပိုကြံ့ခိုင်လာလိမ့်မယ်။—ဆာ. ၆၂:၂။ ဧ. ၆:၁၀

စိတ်သောက ရောက်ခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ ပါတယ်။ သူတို့အကြောင်း ဖတ်တာ၊ တွေးတောတာ အကျိုးရှိတယ်။ ယေဟောဝါဆီ သူတို့ ဆုတောင်းလို့ နှစ်သိမ့်မှု ရသွားကြတယ်။ ဘုရားက သူတို့ပြဿနာကို ဖယ်ရှားမပေးဘူး။ ဒါပေမဲ့ စိတ်ငြိမ်သက်မှု ပေးတယ်။ ဥပမာ၊ ဟန္နဟာ “စိတ်ဆင်းရဲလွန်းလို့” “ယေဟောဝါဆီ အကြာကြီး ဆုတောင်း” တယ်။ ရှေ့ဆက် ဘာဖြစ်မလဲ မသိပေမဲ့ စိတ်အေးချမ်းသွားတယ်။—၁ ရှ. ၁:၁၀၊ ၁၂၊ ၁၈။ ၂ ကော. ၁:၃၊ ၄

ခင်ပွန်းကော ဇနီးပါ အကြီးအကဲတွေဆီကနေ အကူအညီ တောင်းဖို့ လို

အသင်းတော် အကြီးအကဲတွေဆီကနေ အကူအညီ တောင်းပါ။ အကြီးအကဲတွေဟာ ‘လေကွယ်ရာ အရပ်၊ မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာ အရပ်’ နဲ့ တူတယ်။ (ဟေရှာ. ၃၂:၂) သင် ရင်ဖွင့်လို့ ရမယ့်၊ သင့်ကို နှစ်သိမ့်ပေးနိုင်မယ့် ညီအစ်မ တစ်ယောက်ယောက် ရှိတယ်ဆိုရင် သင့်ကို အကြီးအကဲတွေ ပြောပြပါလိမ့်မယ်။—ပညာ. ၁၇:၁၇

သူ့ကို အဖတ်ဆယ်လို့ ရဦးမလား

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ကျင့် ရှိတဲ့ ခင်ပွန်းကို သင် အဖတ်ဆယ်လို့ ရဦးမလား။ ရချင် ရနိုင်တယ်။ ပြဿနာတစ်ခု ဖြေရှင်းတဲ့အခါ၊ ခွန်အားကြီးတဲ့ ရန်သူကို တိုက်ထုတ်တဲ့အခါ “တစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဒေ. ၄:၉-၁၂) လေ့လာမှုတွေအရ ခင်ပွန်းကလည်း ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် ဖျောက်မယ်၊ ဇနီးကလည်း ခင်ပွန်းကို ပြန်ယုံကြည်ပေးမယ်ဆိုရင် ရလဒ်ကောင်းတွေ ရတတ်တယ်။

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် ဖျောက်ဖို့ ခင်ပွန်းဖြစ်သူ ဘယ်လောက် ဆန္ဒပြင်းပြတယ်၊ ကြိုးစားတယ်ဆိုတဲ့အပေါ်တော့ အများကြီး မူတည်တယ်။ စိတ်ပြတ်သားဖို့ ယေဟောဝါဆီ သူ ဆုတောင်းသလား။ အကြီးအကဲတွေဆီကနေ အကူအညီ ယူသလား။ (၂ ကော. ၄:၇။ ယာ. ၅:၁၄၊ ၁၅) အီလက်ထရောနစ် ပစ္စည်းတွေ သုံးတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်သလား။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်မိသွားနိုင်တဲ့ အခြေအနေတွေ ရှောင်သလား။ (ပညာ. ၂၇:၁၂) သင့်အကူအညီ ယူဖို့၊ သင့်အပေါ် ရိုးသားဖို့ သူ လိုလိုလားလား ရှိသလား။ ဒါဆိုရင် အဖတ်ဆယ်လို့ ရပါသေးတယ်။

တွေ့ကြုံမှုတစ်ခု စဉ်းစားကြည့်ပါ။ အီသန်နဲ့ ဖလီရှာ အိမ်ထောင်ကျတယ်။ ငယ်ငယ်ကတည်းက အီသန် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် စွဲနေတယ်။ ကြည့်ချင်စိတ် ပြန်ပေါ်လာတဲ့အခါ ပြောပြပါလို့ အီသန်ကို ဖလီရှာ ပြောတယ်။ “ကျွန်တော့်မိန်းမကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ သွေးဆောင်မှု ဖြစ်စေမယ့် အခြေအနေတွေ ရှောင်နိုင်ဖို့ သူ ကူညီပေးတယ်။ အရိပ်တကြည့်ကြည့် နေတယ်။ အင်တာနက် သုံးတာနဲ့ပတ်သက်ပြီး ကြပ်မတ်ပေးတယ်” လို့ အီသန် ပြောတယ်။ အီသန် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာ စွဲနေလို့ ဖလီရှာ စိတ်တော့ ထိခိုက်တာပေါ့။ “ဒါပေမဲ့ ကျွန်မ စိတ်နာလို့၊ ဒေါသထွက်လို့ သူ ဒီအကျင့် ပျောက်သွားမှာမှ မဟုတ်တာ။ ပြဿနာကို ဆွေးနွေးလိုက်တော့ ကျွန်မ စိတ်ဆင်းရဲအောင် မလုပ်တော့ဖို့ သူ ဆုံးဖြတ်လိုက်တယ်” လို့ ဖလီရှာ ပြောတယ်။

အဲဒီလို ဆွေးနွေးတာက ခင်ပွန်း ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် ပျောက်ဖို့သာမက ခင်ပွန်းကို ပြန်ယုံကြည်ဖို့ ဇနီးကိုလည်း ကူညီပေးတယ်။ ခင်ပွန်းကသာ ကိုယ် ဘာခံစားနေရတယ်၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြရင် နှစ်ယောက်ကြားမှာ ဘာအဖုအထစ်မှ ရှိမှာ မဟုတ်တော့ဘူး။

သင်ကော သင့်ခင်ပွန်းကို အဲဒီလို ကူညီပေးနိုင်မယ်လို့ ထင်သလား။ ထင်တယ်ဆိုရင် ဒီဆောင်းပါးကို အတူတူ ဖတ်ပြီး ဆွေးနွေးကြည့်ပါ။ သင့်ခင်ပွန်းရဲ့ ပန်းတိုင်က ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် ပျောက်ဖို့၊ သင် ပြန်ယုံကြည်လာအောင် နေဖို့ ဖြစ်တယ်။ ဒီအကြောင်း ဆွေးနွေးရကောင်းလားဆိုပြီး စိတ်ဆိုးမယ့်အစား သင့်ခံစားချက်ကို နားလည်ဖို့ ကြိုးစားသင့်တယ်။ သင့်ပန်းတိုင်ကျတော့ ခင်ပွန်း ဒီအကျင့် ကြိုးစားဖြတ်နေတာ ဘေးကနေ ဝိုင်းကူဖို့၊ သင့်ယုံကြည်မှု ပြန်ရအောင် ကြိုးစားခွင့် သူ့ကို ပေးဖို့ ဖြစ်တယ်။ လူတွေ ဘာကြောင့် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်မိသွားကြတယ်၊ ဒီအကျင့် ဘယ်လို ဖျောက်နိုင်မယ်ဆိုတာ နှစ်ယောက်စလုံး သိထားဖို့ လိုတယ်။ e

ဆွေးနွေးလိုက်ခါမှ သူတစ်ခွန်း ကိုယ်တစ်ခွန်း ဖြစ်လာမှာ စိုးရင် ဆွေးနွေးနေတုန်း ဘေးမှာ လိုက်ထိုင်ပေးဖို့ နှစ်ယောက်စလုံးနဲ့ ခင်တဲ့ အကြီးအကဲကို အကူအညီ တောင်းပါ။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ အကျင့် ပျောက်သွားပြီဆိုရင်တောင် ခင်ပွန်းကို ဇနီး ပြန်ယုံဖို့ အချိန် တော်တော် လိုတတ်တယ်။ လက်မလျှော့ကြပါနဲ့။ နည်းနည်းပါးပါး ဖြစ်ဖြစ် ဆက်ဆံရေး ကောင်းလာသလားဆိုတာ စောင့်ကြည့်ပါ။ နှစ်ယောက်စလုံး စိတ်ရှည်မယ်ဆိုရင် အချိန်ကြာတာနဲ့အမျှ အိမ်ထောင်နှောင်ကြိုး ပြန်ခိုင်မြဲလာပါလိမ့်မယ်။—ဒေ. ၇:၈။ ၁ ကော. ၁၃:၄

အကျင့် ပြန်ပေါ်လာရင်ကော

သင့်ခင်ပွန်း အကျင့် ပြန်ပေါ်လာရင်ကော။ နောင်တ မရတဲ့သဘော၊ အဖတ်ဆယ်လို့ မရတော့တဲ့ သဘောလား။ မဟုတ်ပါဘူး။ အကျင့် စွဲသွားပြီဆိုရင် သူ တစ်သက်လုံးကို ကြိုးစားတိုက်လှန်နေရတော့မှာ။ ပျောက်သွားပြီ ထင်ပေမဲ့ နှစ်တွေ အများကြီး ကြာပြီးမှ ပြန်ပေါ်လာနိုင်တယ်။ အဲဒီလို ပြန်ပေါ်မလာဖို့ ခင်ပွန်းအနေနဲ့ သတိတရား လက်ကိုင်ထားရမယ်။ အကျင့် ဖျောက်နိုင်ပြီလို့ ထင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဆက်ကြပ်မတ်ရမယ်။ (ပညာ. ၂၈:၁၄။ မ. ၅:၂၉။ ၁ ကော. ၁၀:၁၂) ‘စိတ်သဘော အသစ်’ မွေးမြူရမယ်။ “ဆိုးညစ်တဲ့အရာကို ရွံမုန်း” ရမယ်။ အဲဒီထဲမှာ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာ၊ တစ်ကိုယ်ရေ အာသာဖြေတာလိုမျိုး မသန့်ရှင်းတဲ့ အကျင့်တွေ ပါတယ်။ (ဧ. ၄:၂၃။ ရော. ၁၂:၉။ ဆာ. ၉၇:၁၀) သင့်ခင်ပွန်း အဲဒီလို ကြိုးစားချင်စိတ် ရှိသလား။ ဒါဆိုရင်တော့ အခြေအနေ အဆိုးကြီး မဟုတ်ပါဘူး။ f

ကိုယ်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို အာရုံစိုက်ပါ

ဒါပေမဲ့ သင့်ခင်ပွန်း အကျင့် ဖျောက်ဖို့ စိတ်ကူး ရှိပုံ မပေါ်ရင်ကော။ သင် ခဏခဏ စိတ်ပျက်၊ ဒေါသထွက်နေရမှာ၊ သစ္စာဖောက်တယ်လို့ ခံစားနေရမှာပဲ။ စိတ်ပေါ့သွားအောင် ယေဟောဝါလက်ထဲသာ အပ်ထားလိုက်ပါ။ (၁ ပေ. ၅:၇) ဆုတောင်း၊ ကျမ်းစာ လေ့လာ၊ တွေးတောခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်လုပ်ပါ။ ဘုရားလည်း သင်နဲ့ ရင်းနှီးအောင် လုပ်လိမ့်မယ်။ ဟေရှာယ ၅၇:၁၅ မှာ ဖော်ပြထားသလို ဘုရားက ‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာ နေတယ်။’ အားသစ် လောင်းပေးတယ်။ ဒါကြောင့် ကိုယ်တိုင်သာ အကောင်းဆုံး ခရစ်ယာန် ဖြစ်အောင် ကြိုးစားပါ။ အကြီးအကဲတွေဆီကနေ အကူအညီ ယူပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် ခင်ပွန်း ပြောင်းလဲလာမယ်လို့ မျှော်လင့်နေပါ။—ရော. ၂:၄။ ၂ ပေ. ၃:၉

a လိင်စိတ် ကြွစေတဲ့ စာပေ၊ အသံဖိုင်တွေလည်း ပါတယ်။

b ဒီဆောင်းပါးမှာ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်သူကို ခင်ပွန်းအဖြစ် ဖော်ပြထားတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ကျင့် ရှိတယ်ဆိုရင် ခင်ပွန်းတွေလည်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ ကျမ်းစာ အခြေခံမူတွေကနေ အကျိုးရနိုင်ပါတယ်။

c ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာ ကွာရှင်းလို့ ရတဲ့ ကျမ်းစာ အကြောင်းရင်း မဟုတ်ဘူး။—မ. ၁၉:၉

d အမည်လွှဲများ။

e jw.org နဲ့ အဖွဲ့အစည်းထုတ် စာပေတွေမှာ အကူအညီ ဖြစ်စေတဲ့ အချက်အလက်တွေ တွေ့နိုင်တယ်။ ဥပမာ၊ jw.org မှာ ရှိတဲ့ “ညစ်ညမ်းရုပ်ပုံ ကြည့်ရှုခြင်းက အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်” ဆောင်းပါး၊ ၂၀၁၄၊ ဧပြီ ၁ ကင်းမျှော်စင် စာ. ၁၀-၁၂ မှာ ပါတဲ့ “သွေးဆောင်မှုကို သင် တွန်းလှန်နိုင်၊” ၂၀၁၃၊ ဩဂုတ် ၁ ကင်းမျှော်စင် စာ. ၃-၇ မှာ ပါတဲ့ “ညစ်ညမ်းရုပ်ပုံစာပေ—အန္တရာယ် ရှိသလား၊ မရှိဘူးလား” ဆိုတဲ့ ဆောင်းပါးတွေကို ကြည့်ပါ။

f ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာ စွဲတတ်လို့ မောင်နှံစုံတချို့ဆိုရင် အကြီးအကဲ အကူအညီအပြင် ဆရာဝန် အကူအညီလည်း ယူကြတယ်။