မာတိကာဆီ ကျော်သွား

ယေရှုက လက်ဝါးကားတိုင်ပေါ်မှာ သေဆုံးခဲ့တာလား

ယေရှုက လက်ဝါးကားတိုင်ပေါ်မှာ သေဆုံးခဲ့တာလား

သမ္မာကျမ်းစာဖြေဆိုရာ

 လက်ဝါးကားတိုင်က ခရစ်ယာန်တွေရဲ့ အဓိကအမှတ်အသားဖြစ်တယ်လို့ လူအများစု ယူဆကြတယ်။ ဒါပေမဲ့ ယေရှုကိုကွပ်မျက်ရာမှာအသုံးပြုခဲ့တဲ့ ကိရိယာအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြမထားတဲ့အတွက် အဲဒီကိရိယာက ဘယ်လိုပုံစံရှိတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ ဒါပေမဲ့ ယေရှုဟာ လက်ဝါးကားတိုင်မှာမဟုတ်ဘဲ ဖြောင့်တန်းတဲ့သစ်တိုင်မှာ သေဆုံးခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတော့ သမ္မာကျမ်းစာမှာ တွေ့နိုင်ပါတယ်။

 ယေရှုကို ကွပ်မျက်ရာမှာအသုံးပြုခဲ့တဲ့ ကိရိယာကို ဖော်ပြတဲ့အခါ ကျမ်းစာမှာ အများအားဖြင့် ဂရိစကားလုံး စတောရော့စ် ကို အသုံးပြုထားတယ်။ (မဿဲ ၂၇:၄၀; ယောဟန် ၁၉:၁၇) ဒီစကားလုံးကို လက်ဝါးကားတိုင်လို့ ဘာသာပြန်လေ့ရှိပေမဲ့ တကယ်တော့ ဒီစကားလုံးက အခြေခံအားဖြင့် “ဖြောင့်တန်းတဲ့တိုင်” လို့ အဓိပ္ပာယ်ရှိတယ်ဆိုတာကို ကျမ်းပညာရှင်များစွာ သဘောတူကြတယ်။ a စတောရော့စ် ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်က “သစ်နှစ်ချောင်းကို ကန့်လန့်ဖြတ်ပုံစံတစ်မျိုးမျိုးနဲ့ ဆက်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးဝမထွက်ပါဘူး” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။—A Critical Lexicon and Concordance to the English and Greek New Testament.

 ကျမ်းစာထဲမှာ စတောရော့စ် နဲ့ အဓိပ္ပာယ်တူ တခြားစကားလုံး ဇိုင်လွန် ဆိုတဲ့ ဂရိစကားလုံးကိုလည်း အသုံးပြုထားတယ်။ (တမန်တော် ၅:၃၀; ၁ ပေတရု ၂:၂၄) အဲဒီစကားလုံးက “သစ်၊ တုတ်ချောင်း၊ တုတ်တိုင် ဒါမှမဟုတ် သစ်ပင်” ကို ဆိုလိုတယ်။ b ကောမ်ပဲနီယန်သမ္မာကျမ်းစာ မှာ ဒီလိုဆိုတယ်– “ဂရိ [ဓမ္မသစ်] ကျမ်း၌ သစ်နှစ်ပိုင်းကို ဆိုလိုသည့်သဘောပင် လုံးဝမပါရှိချေ။”

လက်ဝါးကားတိုင်သုံးပြီး ဝတ်ပြုကိုးကွယ်တာကို ဘုရားသခင် လက်ခံပါသလား

အပြစ်သားတွေကို ကွပ်မျက်ရာမှာသုံးတဲ့ သစ်တိုင်ကို လက်တင်စကားလုံးနဲ့ ခရပ်ခ်စ် စင်းပလက်ခ်စ် (crux simplex) လို့ခေါ်

 ယေရှုကို ကွပ်မျက်ရာမှာအသုံးပြုခဲ့တဲ့ ကိရိယာဟာ ဘယ်လိုပုံစံပဲရှိပါစေ အောက်ပါအကြောင်းရင်းတွေနဲ့ ကျမ်းချက်တွေက ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို မသုံးသင့်ဘူးဆိုတာ ဖော်ပြနေတယ်။

  1.   လက်ဝါးကားတိုင်အပါအဝင် ရုပ်တု၊ ရုပ်ပုံတွေ၊ အမှတ်သင်္ကေတတွေ သုံးပြီး ဝတ်ပြုကိုးကွယ်တာကို ဘုရားလက်မခံဘူး။ ဘုရားသခင်က အစ္စရေးလူမျိုးတွေရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ အမှတ်သင်္ကေတပုံစံတစ်ခုခုကို အသုံးမပြုဖို့ မိန့်မှာခဲ့တယ်။ အလားတူ၊ ခရစ်ယာန်တွေကိုလည်း “ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့” လို့ မိန့်မှာထားတယ်။—တရားဟောရာ ၄:၁၅–၁၉; ၁ ကောရိန္သု ၁၀:၁၄

  2.   တမန်တော်တွေအပါအဝင် ပထမရာစုခရစ်ယာန်တွေဟာ ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို မသုံးခဲ့ကြဘူး။ c တမန်တော်တွေရဲ့ သွန်သင်ချက်တွေနဲ့ သူတို့ရဲ့စံနမူနာတွေကို ခရစ်ယာန်အားလုံး လိုက်လျှောက်သင့်တယ်။—၂ သက်သာလောနိတ် ၂:၁၅

  3.   လက်ဝါးကားတိုင်ကို သုံးပြီး ဝတ်ပြုကိုးကွယ်တာက အယူမှားဘာသာကနေ ဆင်းသက်လာတဲ့ အလေ့အထဖြစ်တယ်။ d ယေရှုသေပြီး နှစ်ရာနဲ့ချီကြာပြီးနောက်မှာ ချာ့ချ်တွေဟာ ကိုယ်တော်ရဲ့သွန်သင်ချက်တွေကနေ လွဲသွားပြီး အသင်းသားအသစ်တွေကို လက်ဝါးကားတိုင်အပါအဝင် “အယူမှားအထိမ်းအမှတ်၊ အမှတ်သင်္ကေတတွေ သုံးခွင့်ပြုခဲ့တယ်။” (The Expanded Vine’s Expository Dictionary of New Testament Words) ဒါပေမဲ့ တခြားသူတွေ ဘာသာပြောင်းဝင်လာဖို့အတွက် အယူမှားအမှတ်သင်္ကေတတွေ အသုံးပြုတာကို သမ္မာကျမ်းစာက လက်မခံပါဘူး။—၂ ကောရိန္သု ၆:၁၇

a D. R. W. Wood တည်းဖြတ်တဲ့ တတိယအကြိမ်ထုတ် New Bible Dictionary စာမျက်နှာ ၂၄၅၊ Theological Dictionary of the New Testament စာအုပ် အတွဲ ၇ စာမျက်နှာ ၅၇၂၊ ပြင်ဆင်တည်းဖြတ်ထားတဲ့ The International Standard Bible Encyclopedia အတွဲ ၁ စာမျက်နှာ ၈၂၅ နဲ့ The Imperial Bible-Dictionary အတွဲ ၂ စာမျက်နှာ ၈၄ တို့ကို ကြည့်ပါ။

b The Encyclopedia of Religion အတွဲ ၄ စာမျက်နှာ ၁၆၅၊ The Encyclopedia Americana အတွဲ ၈ စာမျက်နှာ ၂၄၆ နဲ့ Symbols Around Us စာအုပ်ရဲ့ စာမျက်နှာ ၂၀၅–၂၀၇ တို့ကို ကြည့်ပါ။

c The Expanded Vine’s Expository Dictionary of New Testament Words စာအုပ်ရဲ့ စာမျက်နှာ ၁၁၆၅၊ Liddell and Scott တို့ရဲ့ နဝမအကြိမ်မြောက် A Greek-English Lexicon စာအုပ်ရဲ့ စာမျက်နှာ ၁၁၉၁–၁၁၉၂၊ Theological Dictionary of the New Testament အတွဲ ၅ စာမျက်နှာ ၃၇ တို့ကိုကြည့်ပါ။

d ၂၀၀၃၊ Encyclopædia Britannica ရဲ့ “Cross” ဆိုတဲ့ ခေါင်းစဉ်ကိုကြည့်ပါ။ The Cross​—Its History and Symbolism စာအုပ်ရဲ့ စာမျက်နှာ ၄၀ နဲ့ The Companion Bible, Oxford University Press စာအုပ် နောက်ဆက်တွဲ ၁၆၂ စာမျက်နှာ ၁၈၆ တို့ကိုလည်း ကြည့်ပါ။