လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား
ကျမ်းစာအဖြေ
မသွန်သင်ပါဘူး။ “ဝင်စားခြင်း” ဆိုတဲ့ စကားလုံး ဒါမှမဟုတ် အဲဒီအယူအဆကို ကျမ်းစာမှာ မတွေ့ရဘူး။ လူဝင်စားခြင်းဆိုတဲ့ ယူဆချက်က လူသေပေမဲ့ ဝိညာဉ်မသေဘူးဆိုတဲ့ သွန်သင်ချက်အပေါ် အခြေခံတယ်။ a ဒါပေမဲ့ ကျမ်းစာမှာတော့ လူကို မြေမှုန့်နဲ့ ဖန်ဆင်းထားပြီး လူသေသွားတဲ့အခါ မတည်ရှိတော့ဘူးလို့ သွန်သင်ထားတယ်။ (ကမ္ဘာဦး ၂:၇; ယေဇကျေလ ၁၈:၄) ဒါကြောင့် လူသေပြီးတဲ့နောက် ဆက်အသက်ရှင်နေတဲ့အရာ ဘာမှမရှိတော့ဘူး။—ကမ္ဘာဦး ၃:၁၉; ဒေသနာ ၉:၅၊ ၆။
လူဝင်စားခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းရဲ့ ကွာခြားချက်
ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာသွန်သင်ချက်ဟာ ဝိညာဉ်မသေဘူးဆိုတဲ့ ယူဆချက်အပေါ် အခြေမခံပါဘူး။ ရှင်ပြန်ထမြောက်ခြင်းမှာတော့ သေဆုံးသွားတဲ့သူတွေဟာ ဘုရားသခင်ရဲ့ တန်ခိုးကြောင့် ပြန်တည်ရှိလာကြတယ်။ (မဿဲ ၂၂:၂၃၊ ၂၉; တမန်တော် ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်းက မြေကြီးသစ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရနိုင်တယ်ဆိုတဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ကို ပိုင်ဆိုင်စေတယ်။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။
လူဝင်စားခြင်းအကြောင်း၊ ကျမ်းစာအကြောင်း ယူဆချက်အမှားများ
ယူဆချက်အမှား- ပရောဖက် ဧလိယက နှစ်ခြင်းဆရာ ယောဟန်အဖြစ် ပြန်ဝင်စားတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။
အမှန်တရား- “ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်” ဆိုပြီး ဘုရားသခင် ကြိုပြောခဲ့တယ်။ ဒီစကားဟာ နှစ်ခြင်းဆရာ ယောဟန်မှာ ပြည့်စုံတယ်လို့ ယေရှု ပြောခဲ့တယ်။ (မာလခိ ၄:၅၊ ၆; မဿဲ ၁၁:၁၃၊ ၁၄) ဒါပေမဲ့ ဧလိယက နှစ်ခြင်းဆရာ ယောဟန်အဖြစ် ပြန်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူး။ ယောဟန်ကိုယ်တိုင်ကလည်း သူဟာ ဧလိယမဟုတ်ဘူးလို့ ပြောခဲ့တယ်။ (ယောဟန် ၁:၂၁) အဲဒီအစား ယောဟန်က ဧလိယလုပ်ခဲ့တဲ့ အလုပ်မျိုး လုပ်ဆောင်တာကို ပြောနေတာ ဖြစ်တယ်။ နောင်တယူပြီး ပြောင်းလဲပါဆိုတဲ့ ဘုရားသခင့် သတင်းစကားကို ဧလိယကြေညာခဲ့သလို ယောဟန်လည်း ကြေညာခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇; မဿဲ ၃:၁) ဒါ့အပြင် “ဧလိယ၏ အစွမ်းသတ္တိနဲ့ ပြည့်စုံ” ကြောင်း ယောဟန် ပြသခဲ့တယ်။—လုကာ ၁:၁၃-၁၇။
ယူဆချက်အမှား- ကျမ်းစာမှာ ပြောထားတဲ့ “တစ်ဖန် မွေးဖွားခြင်း” ဆိုတာ လူဝင်စားခြင်းကို ဆိုလိုတယ်။
အမှန်တရား- တစ်ဖန်မွေးဖွားခြင်းဆိုတာ လူတစ်ယောက် အသက်ရှင်နေစဉ်မှာပဲ ပုံဆောင်သဘောအရ ပြန်မွေးဖွားခြင်းကို ဆိုလိုတယ်။ (ယောဟန် ၁:၁၂၊ ၁၃) တစ်ဖန်မွေးဖွားခြင်းဟာ အတိတ်က လုပ်ရပ်တွေရဲ့ အကျိုးဆက်မဟုတ်ဘဲ ဘုရားသခင်ပေးတဲ့ ကောင်းချီးဖြစ်တယ်။ ဒီကောင်းချီးကို ရရှိသူတွေဟာ ထူးခြားတဲ့ အနာဂတ်မျှော်လင့်ချက်ကို ရရှိကြတယ်။—ယောဟန် ၃:၃; ၁ ပေတရု ၁:၃၊ ၄။
a ဝိညာဉ်မသေဘူးဆိုတဲ့ ယူဆချက်နဲ့ လူဝင်စားခြင်း ယူဆချက်ဟာ ရှေးခေတ်ဗာဗုလုန်ကနေ ပေါ်ပေါက်လာတယ်။ နောက်ပိုင်းမှာ အိန္ဒိယ အတွေးအခေါ်သမားတွေက ကာရ်မ (Karma) ဆိုတဲ့ အယူဝါဒကို ဖန်တီးခဲ့ကြတယ်။ ကာရ်မဆိုတာ “အခုဘဝပြုသမျှ အကြောင်းတရားဟာ နောင်ဘဝရောက်မှ အကျိုးသက်ရောက်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—Britannica Encyclopedia of World Religions၊ စာမျက်နှာ ၉၁၃။