မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သားသမီးနဲ့ လူမှုမီဒီယာ—အပိုင်း ၁။ ငါ့ကလေးကို လူမှုမီဒီယာ ပေးသုံးသင့်သလား

သားသမီးနဲ့ လူမှုမီဒီယာ—အပိုင်း ၁။ ငါ့ကလေးကို လူမှုမီဒီယာ ပေးသုံးသင့်သလား

 စစ်တမ်းတစ်ခုအရ လူမှုမီဒီယာ သုံးတဲ့ ဆယ်ကျော်သက် ၉၇ ရာခိုင်နှုန်း ရှိတယ်။ သင့်ကလေးကော လူမှုမီဒီယာ သုံးဖို့ စိတ်အားသန်နေပါသလား။ ဒါဆိုရင် အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။

ဒီဆောင်းပါးမှာ

 သင့်ကလေးရဲ့ အချိန်အသုံးပြုပုံ

 “လူမှုမီဒီယာတွေက လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားဖို့၊ အွန်လိုင်းမှာ အချိန်ဖြုန်းဖို့၊ အသစ်တင်ထားရာတွေကို တစ်ချိန်လုံး ကြည့်နေစေဖို့ ပစ်မှတ်ထားတယ်” လို့ ဝက်ဘ်ဆိုက်လမ်းညွှန်တစ်ခုက ဆိုတယ်။

 လူမှုမီဒီယာပို့စ်တွေကို မိနစ်ပိုင်းလေးပဲ ကြည့်မယ်ဆိုပြီး နာရီနဲ့ချီ ကြာသွားတတ်တယ်။ ဖုန်းကို လက်ကနေ ချပြီး အကျိုးရှိတာတစ်ခုခု လုပ်ဖို့ တော်တော် ခက်တယ်။—လင်း၊ အသက် ၂၀။

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ လူမှုမီဒီယာ သုံးတဲ့အခါ ငါ့ကလေးက ငါချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာနိုင်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပြီလား။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်တဲ့အထိ ရင့်ကျက်နေပြီလား။

 ကျမ်းစာအခြေခံမူ။ “ဉာဏ်ပညာ ရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၅၊ ၁၆

ကလေးကို လူမှုမီဒီယာ ပေးသုံးတဲ့အခါ စည်းကမ်း မကြပ်မတ်ပေးတာက မြင်းစီး မလေ့ကျင့်ပေးဘဲ မြင်းစီးခိုင်းတာနဲ့ တူတယ်

မိတ်ဆွေသူငယ်ချင်းတွေကို သင့်ကလေး ရှုမြင်ပုံ

  လူမှုမီဒီယာ” ကို သုံးတာက သူငယ်ချင်း အများကြီးနဲ့ ချိတ်ဆက်နိုင်တယ်လို့ ထင်စေတယ်။ ဒါပေမဲ့ ဒီမိတ်ဖွဲ့မှု၊ ခင်မင်မှုတွေဟာ အပေါ်ယံပါပဲ။

 လူငယ်တွေက လိုက်ခ် များများ ရရင်၊ ဖော်လိုဝါ များများ ရှိရင် ကိုယ့်ကို ဂရုစိုက်တဲ့သူတွေ အများကြီးပါလားလို့ အထင်မှားနေကြတယ်။ ကိုယ် တကယ် မသိတဲ့လူတွေ ဖြစ်နေတာတောင်မှပေါ့။—ပက်ထရစ်ရှာ၊ အသက် ၁၇။

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဖော်လိုဝါတွေ၊ လိုက်ခ်တွေ များပြီး အွန်လိုင်းမှာ နာမည်ကြီးတာက ဘာမှ အရေးမပါမှန်း ငါ့ကလေး သဘောပေါက်ရဲ့လား။ အွန်လိုင်းမှာ မဟုတ်ဘဲ လက်တွေ့ဘဝမှာ မိတ်ဆွေဖွဲ့တတ်ရဲ့လား။

 ကျမ်းစာအခြေခံမူ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

သင့်ကလေးရဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်မှု ရှိပုံ

 သုတေသီတွေအဆိုအရ လူမှုမီဒီယာကို အလွန်အကျွံ သုံးသူတွေဟာ အထီးကျန်တာ၊ စိတ်ပူပန်တာ၊ စိတ်ကျရောဂါတွေတောင် ဖြစ်လေ့ရှိတယ်။

  သူငယ်ချင်းတွေက ကျွန်မ မပါဘဲ တခြားသူငယ်ချင်းတွေနဲ့ ပျော်နေတဲ့ပုံတွေ တင်ထားတာ ကြည့်ရင်း စိတ်မကောင်းဖြစ်လာတယ်။”—စရီနာ၊ အသက် ၁၉။

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တာ၊ ပြိုင်ဆိုင်ချင်စိတ် ရှိတာ၊ လူမှုမီဒီယာမှာ တခြားသူတွေရဲ့ လုပ်ဆောင်မှုကြောင့် မလိုအပ်ဘဲ စိတ်မကောင်းဖြစ်ရတာတွေကို ကိုင်တွယ်နိုင်တဲ့အထိ ငါ့ကလေး ရင့်ကျက်ရဲ့လား။

 ကျမ်းစာအခြေခံမူ။ “အတ္တဆန်တာ၊ အချင်းချင်း ပြိုင်ဆိုင်တာ၊ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။”—ဂလာတိ ၅:၂၆

သင့်ကလေးရဲ့ အွန်လိုင်းအမူအကျင့်

 လူမှုမီဒီယာက လိင်အကြောင်း ပါတဲ့ စာ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖုန်းကနေတစ်ဆင့် ပို့ခြင်း၊ ဆိုက်ဘာအနိုင်ကျင့်ခြင်း၊ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်ခြင်းတို့မှာ ပါဝင်ဖို့ လက်ယပ်ခေါ်နေတယ်။ ကိုယ့်ကလေးက ဒါတွေလုပ်ဖို့ မရည်ရွယ်ရင်တောင် ကြုံရနိုင်တယ်။

 လူမှုမီဒီယာဟာ ဘာအန္တရာယ်မှ မရှိဘူး ထင်ရပေမဲ့ မကောင်းတဲ့ဘက် စိတ်ယိုင်သွားစေနိုင်တယ်။ မကြားဝံ့မနာသာ စကားတွေ၊ မကောင်းတဲ့ တေးသီချင်းတွေ အပြည့်ပဲ။”—လင်ဒါ၊ အသက် ၂၃ နှစ်။

  ကိုယ့်ကိုယ်ကိုယ် မေးပါ။ အင်တာနက်ကို ငါ့ကလေး အကျိုးရှိရှိ သုံးတတ်ပြီလား။ မတော်မသင့်တာတွေကို ချက်ချင်း ငြင်းပယ်ရဲတဲ့အထိ စိတ်ဓာတ်ကြံ့ခိုင်ရဲ့လား။

 ကျမ်းစာအခြေခံမူ။ “လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအကြောင်းတွေကို စကားနဲ့တောင် မပြောကြနဲ့။ . . . ရှက်စရာကောင်းတဲ့အကျင့်၊ အဓိပ္ပာယ်မရှိတဲ့စကား၊ ညစ်ညမ်းတဲ့ ပြက်လုံးတွေကို မပြောကြနဲ့။”—ဧဖက် ၅:၃၊ ၄

လူမှုမီဒီယာ မရှိမဖြစ် အရေးပါသလား

 လူမှုမီဒီယာ သုံးမှ ဘဝကြီးက အဆင်ပြေ ပျော်ရွှင်မယ်ဆိုတာ မဟုတ်ပါဘူး။ လူငယ်အတော်များများက လူမှုမီဒီယာ မရှိလည်းဘဲ နေနိုင်ကြပါတယ်။ လူမှုမီဒီယာ သုံးဖူးသူတွေတောင် ဆက်မသုံးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

 လူမှုမီဒီယာရဲ့ ဆိုးကျိုးတွေ ခံစားရတဲ့ ကျွန်တော့်အစ်မကို ကြည့်ပြီး ကျွန်တော်လည်း လူမှုမီဒီယာ မသုံးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ပိုပျော်လာတယ်။ ဘဝမှာ စိတ်ဝင်စားစရာတွေ ပိုများလာတယ်လို့ ခံစားရတယ်။”—နာသန်၊ အသက် ၁၇။

 အဓိကအချက်။ ကလေးတွေကို လူမှုမီဒီယာ သုံးခွင့် မပေးခင် လူမှုမီဒီယာ သုံးချိန်ကို ကန့်သတ်နိုင်ဖို့၊ မကောင်းတဲ့ မိတ်ဆွေတွေကို သတိထားရှောင်ရှားတတ်ဖို့၊ မကောင်းတဲ့ အကြောင်းအရာတွေကို ရှောင်နိုင်တဲ့အထိ ရင့်ကျက်ဖို့ လိုတယ်။

  ကျမ်းစာအခြေခံမူ။ “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅