မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သားသမီးနဲ့ လူမှုမီဒီယာ​—အပိုင်း ၂။ ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် သင်ပေးပါ

သားသမီးနဲ့ လူမှုမီဒီယာ​—အပိုင်း ၂။ ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် သင်ပေးပါ

 အန္တရာယ်ရှိနိုင်တဲ့အတွက် မိဘများစွာဟာ သားသမီးတွေကို လူမှုမီဒီယာ ပေးမသုံးကြဘူး။ သင်ကတော့ ဆယ်ကျော်သက် သားသမီးတွေကို လူမှုမီဒီယာ ပေးသုံးတယ်ဆိုရင် အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိရှိ သုံးတတ်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

ဒီဆောင်းပါးမှာ

 ဆယ်ကျော်သက် သားသမီးတွေ ဦးစားထားရာများ

 သိထားသင့်ရာ။ လူမှုမီဒီယာက စွဲစေနိုင်တဲ့အတွက် ဆယ်ကျော်သက်ကလေး လူမှုမီဒီယာသုံးတဲ့ အချိန်ကို ထိန်းချုပ်တတ်ဖို့ သင့်အကူအညီ လိုအပ်နိုင်တယ်။

 ကျမ်းစာ အခြေခံမူ– “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြ” ပါ။​—ဖိလိပ္ပိ ၁:၁၀

 စဉ်းစားကြည့်ပါ။ လူမှုမီဒီယာ အသုံးပြုခြင်းက သင့်ဆယ်ကျော်သက်ကလေးရဲ့ အိပ်ချိန်၊ ကျောင်းစာလုပ်ချိန်၊ မိသားစုနဲ့ စကားပြောချိန်တွေကို ထိခိုက်နေသလား။ ဆယ်ကျော်သက်တွေဟာ တစ်ညကို ကိုးနာရီလောက် အိပ်ဖို့လိုတယ်လို့ သုတေသီတွေ ဆိုကြပေမဲ့ တစ်ရက်ကို နာရီနဲ့ချီ လူမှုမီဒီယာ အသုံးပြုတဲ့ ကလေးတွေဟာ အိပ်ချိန် ခုနစ်နာရီတောင် မပြည့်ကြဘူး။

 လုပ်ဆောင်နိုင်ရာ။ ဆယ်ကျော်သက်ကလေးရဲ့ ဦးစားထားရာတွေအကြောင်း၊ လူမှုမီဒီယာ သုံးတဲ့အချိန်ကို ကန့်သတ်ထားတာက ဘာကြောင့် အကျိုးရှိကြောင်း ဆွေးနွေးပါ။ ညအိပ်ရာဝင်ချိန်မှာ အိပ်ခန်းထဲ ဖုန်း/တက်ဘလက် မယူရ စတဲ့ သင့်တင့်မျှတတဲ့ စည်းမျဉ်းတွေ ချပေးပါ။ ပန်းတိုင်က သင့်ဆယ်ကျော်သက်ကလေးကို ချုပ်တည်းတတ်စေဖို့ ဖြစ်တယ်။ အဲဒီအရည်အသွေးက လူကြီးဘဝမှာလည်း အင်မတန် အကျိုးပြုတယ်။​—၁ ကောရိန္သု ၉:၂၅

 ဆယ်ကျော်သက် သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ

 သိထားသင့်ရာ။ သင့် ဆယ်ကျော်သက်ကလေးဟာ တခြားသူတွေရဲ့ ရုပ်ထွက်ကောင်းအောင် ပြင်ထားတဲ့ပုံတွေ၊ တခြားသူငယ်ချင်းတွေနဲ့ ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေကို တွေ့တဲ့အခါ အထီးကျန်စိတ် ဝင်နိုင်တယ်၊ စိတ်မပျော်ဖြစ်ပြီး စိတ်ဓာတ်ကျနိုင်တယ်။

 ကျမ်းစာ အခြေခံမူ– “မနာလိုမရှုဆိတ်ဖြစ်တာ . . . ကို ရှောင်ကြပါ။”​—၁ ပေတရု ၂:၁

 စဉ်းစားကြည့်ပါ။ လူမှုမီဒီယာက သင့်ဆယ်ကျော်သက်ကလေးရဲ့ ရုပ်ရည်နဲ့ အသွင်အပြင်အပေါ် စိတ်တိုင်းမကျ ဖြစ်စေသလား။ တခြားသူတွေရဲ့ ဘဝကတော့ ပျော်စရာကောင်းနေပြီး ငါ့ဘဝကတော့ ပျင်းစရာကြီးပါလားလို့ အတွေးဝင်စေသလား။

 လုပ်ဆောင်နိုင်ရာ။ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ခြင်းရဲ့ ဆိုးကျိုးကို ဆယ်ကျော်သက်ကလေးနဲ့ ဆွေးနွေးပါ။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပေါင်းသင်းဆက်ဆံရေးနဲ့ ရုပ်အသွင်အပြင်ကို ပိုအလေးထားတတ်တယ်ဆိုတာ သတိရပါ။ လူမှုမီဒီယာကို ခဏလောက် ဖြတ်ထားဖို့ ဆယ်ကျော်သက်ကလေးကို အကြံပေးနိုင်တယ်။ ဂျေကော့ ဆိုတဲ့ လူငယ်တစ်ယောက် ဒီလိုပြောတယ်– “လူမှုမီဒီယာ အက်ပ်ကို ခဏလောက် ဖြတ်ထားလိုက်တယ်။ ကျွန်တော့်ရဲ့ ဦးစားထားရာတွေ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအပေါ် ထားတဲ့ ကျွန်တော့်အမြင်ကို ပြန်ပြုပြင်နိုင်ခဲ့တယ်။”

 ဆယ်ကျော်သက် သားသမီးရဲ့ အွန်လိုင်း အမူအကျင့်

 သိထားသင့်ရာ။ လူမှုမီဒီယာ သုံးတာဟာ လူအုပ်ရှေ့မှာ ရှိနေတာနဲ့ တူတယ်။ နားလည်မှုလွဲတာ၊ သဘောထား ကွဲလွဲတာတွေ ပေါ်လာတတ်တယ်။

 ကျမ်းစာ အခြေခံမူ– “အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။ အချင်းချင်း သနားကြင်နာကြပါ။”​—ဧဖက် ၄:၃၁၊ ၃၂

 စဉ်းစားကြည့်ပါ။ လူမှုမီဒီယာကြောင့် သင့် ဆယ်ကျော်သက်ကလေးဟာ အတင်းအဖျင်းပြော၊ တခြားသူနဲ့ ပြဿနာဖြစ်၊ မကြင်မနာ ပြောဆိုတတ်နေပြီလား။

 လုပ်ဆောင်နိုင်ရာ။ အွန်လိုင်းသုံးတဲ့အခါ အမူအကျင့်ကောင်းတွေရှိဖို့ သင့်ကလေးကို သင်ပေးပါ။ စာအုပ်တစ်အုပ် (Digital Kids) မှာ ဒီလို ဖော်ပြထားတယ်– “လူချင်းတွေ့တဲ့အခါဖြစ်ဖြစ်၊ အွန်လိုင်းမှာဖြစ်ဖြစ် ဘယ်ပတ်ဝန်းကျင်မှာမဆို အကြင်နာတရား ခေါင်းပါးတဲ့ အပြောအဆို၊ အပြုအမူတွေ လုံးဝမလုပ်သင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း သင်ပေးရမှာက မိဘတွေရဲ့ တာဝန်ပါ။”

 လူမှုမီဒီယာဆိုတာ မရှိမဖြစ် လိုအပ်ရာ မဟုတ်ပါဘူး။ ဆယ်ကျော်သက် သားသမီးတွေကို လူမှုမီဒီယာ သုံးခွင့်မပြုတဲ့ မိဘတွေရှိတယ်ဆိုတာ သတိရပါ။ သင့်ဆယ်ကျော်သက်ကလေးကို လူမှုမီဒီယာ သုံးခွင့်ပြုထားတယ်ဆိုရင် သင့်ကလေးဟာ အချိန်အကန့်အသတ်နဲ့ သုံးတဲ့သူ၊ သူငယ်ချင်းကောင်းတွေနဲ့သာ မိတ်ဖွဲ့သူ၊ မသင့်လျော်တဲ့ အကြောင်းအရာတွေကို ရှောင်တဲ့သူ ဖြစ်ကြောင်း သေချာအောင်လုပ်ပါ။