မာတိကာဆီ ကျော်သွား

ဝေါဟာရ လမ်းညွှန်

ဝေါဟာရ လမ်းညွှန်

ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို စိတ်ဝင်စားလို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာရေးအဖွဲ့အစည်းမှာ သုံးလေ့သုံးထရှိတဲ့ ဝေါဟာရ၊ စာလုံးပေါင်းသတ်ပုံတွေကို စုစည်းပြုစုပေးထားပါတယ်။ သိချင်တဲ့ အသုံးအနှုန်းကို ဒီလမ်းညွှန်မှာ ရှာမတွေ့ဘူးဆိုရင် ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စည်းဝေးပွဲ။ တိုက်နယ်အစည်းအဝေး” ကို ကြည့်ပါ။

ယေဟောဝါသက်သေများရဲ့ စည်းဝေးပွဲခန်းမ။ ယေဟောဝါသက်သေတွေ ပိုင်တဲ့၊ အရွယ်အစားကြီးတဲ့ ဝတ်ပြုရာခန်းမဖြစ်ပြီး သတ်မှတ်ဒေသတစ်ခုက အသင်းတော်တွေ စုဝေးတဲ့အခါ အသုံးပြုတယ်။ “စည်းဝေးပွဲခန်းမ” ဆိုပြီးလည်း ခေါ်ကြတယ်။

နိုးလော့! ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ မဂ္ဂဇင်း။ စထုတ်ဝေခဲ့တဲ့ ၁၉၁၉ တုန်းက ရွှေခေတ်၊ ၁၉၃၇ ရောက်တော့ နှစ်သိမ့်မှု၊ ၁၉၄၆၊ ဩဂုတ် ၂၂ ရက်ကစပြီး နိုးလော့! လို့ ပြောင်းလဲအမည်ပေးခဲ့တယ်။ ကမ္ဘာ့ဖြစ်ရပ်တွေရဲ့ အရေးကြီးအချိန်ကာလမှာ အသက်ရှင်နေပြီဖြစ်လို့ ဖတ်ရှုသူတွေ နိုးနိုးကြားကြား ရှိနေသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီခေါင်းစဉ်ကို ရွေးချယ်ခဲ့တာပါ။ ကမ္ဘာ့အဖြန့်ဝေရဆုံး မဂ္ဂဇင်းတစ်စောင်အဝင်လည်း ဖြစ်တယ်။

ဗေသလ၊ ဗေသလ အိမ်သား၊ ဗေသလ မိသားစု။ “ဗေသလ” ဆိုတာ ဟီဘရူးဘာသာစကားလို “ဘုရားအိမ်တော်” လို့ အဓိပ္ပာယ်ရတယ်။ နိုင်ငံ/ဒေသတစ်ခုရဲ့ ကျမ်းစာအခြေပြု လုပ်ငန်းတွေကို စီစဉ်ဦးဆောင်၊ ပံ့ပိုးပေးရာမှာ ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ အဆောက်အအုံ ဖြစ်တယ်။ အဲဒီမှာ အမှုဆောင်တဲ့သူကို “ဗေသလ အိမ်သား” လို့ ခေါ်ပြီး သူတို့အဖွဲ့လိုက်ကို “ဗေသလ မိသားစု” လို့ ခေါ်တယ်။ မိသားစုလိုပဲ အတူတူ နေထိုင်၊ လုပ်ကိုင်၊ ဝတ်ပြုကြလို့ပါ။ သူတို့ဟာ လခစားတွေမဟုတ်ပါ။ “ဗေသလအိမ်သား” ဆိုတဲ့ အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူးတစ်ခု မဟုတ်ပါ။

ဌာနခွဲ ကော်မတီ။ ဌာနခွဲရုံးတည်ရှိရာ နိုင်ငံ ဒါမှမဟုတ် ဌာနခွဲရုံးလက်အောက်က နိုင်ငံတွေရဲ့ လုပ်ငန်းကို ကြီးကြပ်ဦးဆောင်ပေးဖို့ ခန့်အပ်ခံရတဲ့၊ အနည်းဆုံး အကြီးအကဲ သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့။

ဌာနခွဲရုံး။ ဌာနခွဲကော်မတီရဲ့ ဒေသခံစီမံခန့်ခွဲရေးရုံးဖြစ်ပြီး နိုင်ငံတစ်ခု ဒါမှမဟုတ် နိုင်ငံတချို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးလုပ်ငန်းကို စီမံကြီးကြပ်၊ ပံ့ပိုးကူညီရာမှာ အသုံးပြုတယ်။ “ဌာနခွဲ” လို့လည်း အတိုကောက် ခေါ်ကြတယ်။

ညီအစ်ကို။ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံထားတဲ့ အမျိုးသား။ ဒီအသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။ တစ်ဦးတစ်ယောက်ကို သတ်သတ်မှတ်မှတ် ရည်ညွှန်းတဲ့အခါ နာမည်ရှေ့မှာ တွဲသုံးတယ် (ဥပမာ၊ ညီအစ်ကို မောင်မောင်)။ အလားတူ၊ ယေဟောဝါသက်သေခံ အမျိုးသမီးတစ်ယောက်ကို “ညီအစ်မ” လို့ ခေါ်တယ် (ဥပမာ၊ ညီအစ်မ သူဇာ)။

ညီအစ်ကိုအသင်းအပင်း။ ကမ္ဘာတစ်ဝန်းက (အမျိုးသားရော အမျိုးသမီးပါ ပါဝင်တဲ့) ယေဟောဝါသက်သေ အသင်းအပင်း။—၁ ပေတရု ၅:၉

တိုက်နယ်။ သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခုထဲက အသင်းတော် အုပ်စု။

 တိုက်နယ်အစည်းအဝေး။ တစ်နှစ်ကို နှစ်ကြိမ်၊ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် အတော်များများ စုဝေးကျင်းပတဲ့ တစ်ရက်တာ အစည်းအဝေး။ ဘုရားနဲ့ ရင်းနှီးစေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ ဒီအစည်းအဝေးကို ဘယ်သူမဆို တက်ရောက်နိုင်တယ်။ ကျမ်းစာအကြံပြုချက်တွေကနေ အကျိုးရအောင် တက်ရောက်သူ လူကြီးလူငယ်မရွေးကို ကူညီပေးတဲ့ အစီအစဉ်၊ ကျမ်းစာ သင်ခန်းစာတွေကို နေ့စဉ်ဘဝမှာ ကျင့်သုံးနိုင်ပုံ သရုပ်ပြတင်ဆက်မှုတွေ ပါတယ်။ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲခန်းမတွေမှာ ကျင်းပလေ့ရှိသလို ငှားရမ်းထားတဲ့ အဆောက်အအုံမှာလည်း ကျင်းပတယ်။ အွန်လိုင်းကနေလည်း ကြည့်ရှုနိုင်တယ်။ စနေ/တနင်္ဂနွေမှာ ကျင်းပလေ့ရှိတဲ့ ဒီအစီအစဉ်ဟာ ဝင်ကြေးအခမဲ့ဖြစ်ပြီး အလှူငွေမကောက်ခံပါ။

တိုက်နယ်ကြီးကြပ်မှူး။ ဌာနခွဲရုံးရဲ့ ညွှန်ကြားမှုအောက် တာဝန်ထမ်းဆောင်တဲ့ အတွေ့အကြုံရှိ အကြီးအကဲ။ အိမ်ထောင်သည် ဖြစ်မယ်ဆိုရင် ဇနီးနဲ့အတူ တိုက်နယ်တစ်ခုထဲက အသင်းတော်တွေကို တစ်နှစ် နှစ်ကြိမ် လည်ပတ်တယ်။ အသင်းတော်နဲ့ ပူးပေါင်းသူတွေကို အားပေးသလို အကြီးအကဲတွေ၊ အမှုထမ်းတွေကိုလည်း အားပေးပြီး လမ်းညွှန်ချက်ပေးတယ်။ အသင်းတော်တစ်ခုချင်းစီရဲ့ လိုအပ်ရာနဲ့အညီ သတ်သတ်မှတ်မှတ် လမ်းညွှန်တယ်။ “တိုက်နယ်ကြီးကြပ်မှူး” ဆိုတဲ့အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

အသင်းတော်။ အတူတကွ ဝတ်ပြုဖို့ ပုံမှန် စုဝေးတဲ့၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ သက်သေခံ အုပ်စု။ အကြီးအကဲအဖွဲ့က အသင်းတော်တစ်ခုလုံးကိုရော တစ်ယောက်ချင်းစီကိုပါ ကျမ်းစာပေါ် အခြေခံပြီး သွန်သင်လမ်းပြတယ်၊ ကျမ်းစာအကြောင်း သွန်သင်ပို့ချတဲ့ အစီအစဉ်တွေကို ဦးဆောင်ကိုင်တွယ်တယ်။ အသင်းတော်အစည်းအဝေးတွေကို ဘယ်သူမဆို တက်ရောက်နိုင်တယ်။

အစည်းအဝေးကြီး။  အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး နဲ့  ခရိုင်အစည်းအဝေး ကို ကြည့်ပါ။

အကြီးအကဲ။ အသင်းတော်ထဲက သူတွေကို ဂရုစိုက်ပေးဖို့၊ သွန်သင်ပေးဖို့ ခန့်အပ်ထားတဲ့၊ ရင့်ကျက်တဲ့ သက်သေခံ အမျိုးသား။ အကြီးအကဲတစ်ယောက်ဖြစ်ဖို့ ၁ တိမောသေ ၃:၁-၇၊ တိတု ၁:၅-၉၊ ယာကုပ် ၃:၁၇၊ ၁၈ နဲ့ ၁ ပေတရု ၅:၂ မှာပါတဲ့ တောင်းဆိုချက်တွေ ပြည့်မီနေရမယ်။ အကြီးအကဲတွေဟာ လခစား အမှုဆောင်တွေ မဟုတ်သလို ယေဟောဝါသက်သေများရဲ့ တရားဝင်အသင်းအဖွဲ့ ဒါမှမဟုတ် အသင်းတော်က ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေလည်း မဟုတ်ဘူး။ အကြီးအကဲ အများစုက ကိုယ်တိုင်နဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ဖို့ အလုပ်လုပ်ကြတယ်။ ယေဟောဝါသက်သေတွေမှာ ဓမ္မဆရာအတန်းအစားဆိုတာ မရှိဘူး။ “အကြီးအကဲ” ဆိုတဲ့အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

 လယ်ကွင်း အမှုဆောင်ခြင်း။ ယေဟောဝါသက်သေတွေရဲ့ အမှုဆောင်လုပ်ငန်း။ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြော” ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာခြင်းဖြစ်တယ်။—မဿဲ ၂၄:၁၄။ ၂၈:၁၉

ဂိလဒ်၊ ဂိလဒ်ကျောင်း။ သာသနာပြုတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၁၉၄၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်း။ လက်ရှိမှာတော့ ဖိတ်ခေါ်ခံရတဲ့ ယေဟောဝါသက်သေတွေဟာ ကျမ်းစာကို ငါးလတာ အထူးလေ့လာတဲ့ ဒီသင်တန်းကို တက်ရောက်နိုင်ကြတယ်။

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့။ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေး လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ ခန့်အပ်ထားတဲ့ အကြီးအကဲအုပ်စုငယ်။ “အုပ်ချုပ်ရေးအဖွဲ့” လို့ အတိုကောက်ခေါ်တယ်။ ကျမ်းစာအခြေပြု စာပေတွေ ရေးသားပြင်ဆင်ရာမှာ တိုက်ရိုက်ပါဝင်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ဦးဆောင်ညွှန်ကြားပေးနေပေမဲ့ ယေရှုခရစ်ကိုပဲ ယေဟောဝါသက်သေတွေရဲ့ ခေါင်းဆောင်အဖြစ် မှတ်ယူတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရုံးခန်းတွေက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့မှာ တည်ရှိတယ်။

 အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး။ အတူတကွ ဝတ်ပြုဖို့၊ ကျမ်းစာလမ်းညွှန်ချက်ရဖို့ ယေဟောဝါသက်သေတွေ စီစဉ်တဲ့ ၃ ရက်တာ အစည်းအဝေးကြီး။ ကမ္ဘာတစ်ဝန်းက ရွေးချယ်ထားတဲ့ မြို့တွေမှာ နှစ်အနည်းငယ်ကြာ တစ်ကြိမ် ကျင်းပတယ်။ နိုင်ငံအတော်များများက ဖိတ်ခေါ်ခံရတဲ့ သက်သေခံတွေက ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြတယ်။ ဒီအစည်းအဝေးကြီးကို ဘယ်သူမဆို တက်ရောက်နိုင်တယ်။ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ စည်းလုံးစေဖို့၊ ဘုရားနဲ့ ရင်းနှီးစေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ။ ငှားရမ်းထားတဲ့ အဆောက်အအုံတွေမှာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ကျင်းပလေ့ရှိပြီး ဝင်ကြေးအခမဲ့ဖြစ်တယ်။ အလှူငွေမကောက်ခံပါ။

ယေဟောဝါ။ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ရဲ့ ကိုယ်ပိုင်နာမည်။ (ဆာလံ ၈၃:၁၈) ယေဟောဝါသက်သေတွေကို “ယေဟောဝါတွေ” ဆိုပြီး သုံးနှုန်းခြင်း မရှိပါ။

 ယေဟောဝါသက်သေများ။ ယေဟောဝါဘုရားကို ကိုးကွယ်တဲ့၊ ကျမ်းစာပညာပေး အစီအစဉ် အမျိုးမျိုးမှာ တက်တက်ကြွကြွ ပါဝင်ဟောပြောတဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့။ ကျမ်းစာပညာပေးလုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအကြောင်း သတင်းကောင်းကို မျှဝေဖို့ပါ။ (မဿဲ ၂၄:၁၄) ဒီနာမည်က ယေဟောဝါသက်သေတွေကို တခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ကွဲပြားသိမြင်စေတယ်။ သူတို့ ကိုယ်စားပြုတဲ့ ဘုရားသခင်အကြောင်း၊ ဘုရားနာမည်ပေါ် အခြေပြုပြီး လုပ်ဆောင်နေတဲ့ အမှုဆောင်လုပ်ငန်းအကြောင်းကိုလည်း သိမြင်စေတယ်။ လူတစ်ယောက်က ကျမ်းစာအခြေခံသွန်သင်ချက်တွေကို အတော်အသင့် သိရှိနားလည်တယ်၊ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီတယ်၊ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံထားတယ်ဆိုရင် သူ့ကို ယေဟောဝါသက်သေတစ်ယောက်အဖြစ် သတ်မှတ်ပါတယ်။ ဆောင်းပါးတစ်ခုမှာ ယေဟောဝါသက်သေတွေအကြောင်း ဦးဆုံးအကြိမ် ရေးသားဖော်ပြတဲ့အခါ “ယေဟောဝါသက်သေ” ဆိုတဲ့ တရားဝင် နာမည်အပြည့်အစုံကို အသုံးပြုသင့်တယ်။ “သက်သေခံတွေ” လို့ ခေါ်လို့ရပါတယ်။ တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတဲ့အခါ “သက်သေခံ တစ်ယောက်” ဒါမှမဟုတ် “ယေဟောဝါသက်သေ တစ်ယောက်” လို့ သုံးပေးပါ။—ဟေရှာယ ၄၃:၁၀

ယေရှုခရစ်။ ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသား။ (ယောဟန် ၃:၁၆) ယေဟောဝါသက်သေတွေဟာ ယေရှုခရစ်ကို မိမိတို့ရဲ့ခေါင်းဆောင်အဖြစ် ရှုမြင်ကြတယ်။ ယေရှုရဲ့ ပုံနမူနာကို လိုက်နာဖို့၊ သွန်သင်ချက်တွေကို ကျင့်သုံးဖို့ ကြိုးစားအားထုတ်ကြတယ်။ ယေရှုခရစ်ကို အသက်ရှင်ခဲ့သမျှထဲမှာ အကြီးမြတ်ဆုံး လူသား၊ ယေဟောဝါဘုရားရဲ့ အရေးကြီးဆုံး သက်သေ၊ လူသားတွေကို ကယ်တင်ရာမှာ ယေဟောဝါဘုရား အသုံးပြုတဲ့ အဓိကပုဂ္ဂိုလ်အဖြစ် သက်သေခံတွေ ယူမှတ်ပါတယ်။—ဟေရှာယ ၉:၆၊ ၇။ ဗျာဒိတ် ၁:၅

ယေဟောဝါသက်သေများရဲ့ နိုင်ငံတော်ခန်းမ။ အသင်းတော် တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက အသုံးပြုတဲ့ ဒေသခံ ဝတ်ပြုရာနေရာ။ “နိုင်ငံတော် ခန်းမ” ဆိုပြီး ခေါ်ဝေါ်လေ့ရှိတယ်။ “ဘုရားကျောင်း” ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ဖို့ မေတ္တာရပ်ခံပါတယ်။

ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာနေ့။ ယေရှုခရစ်တော်ရဲ့ သေခြင်းကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ အစီအစဉ်။ သခင့်ညစာစားပွဲ၊နောက်ဆုံးညစာ၊ အောက်မေ့ရာနေ့၊ ယေရှုရဲ့ သေခြင်းအောက်မေ့ရာနေ့ လို့လည်း ခေါ်ကြတယ်။ ယေဟောဝါသက်သေတွေအတွက် ဒီအစီအစဉ်ဟာ တစ်နှစ်ပတ်လုံးမှာ အရေးကြီးဆုံး အခါသမယပါ။ ခရစ်တော်ကိုယ်တိုင် တပည့်တွေကို ကျင်းပဖို့ သတ်သတ်မှတ်မှတ် ညွှန်ကြားခဲ့တဲ့ တစ်ခုတည်းသော ဘာသာရေးပွဲလည်းဖြစ်တယ်။—လုကာ ၂၂:၁၉၊ ၂၀

ကြားရက် အစည်းအဝေး။ ကြားရက် တစ်ရက်ရဲ့ ညနေပိုင်းမှာ ကျင်းပလေ့ရှိတဲ့ ပတ်စဉ် အသင်းတော် အစည်းအဝေး။ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းလို့ ခေါ်တဲ့ ဒီအစည်းအဝေးမှာ အပိုင်းသုံးပိုင်းပါတယ်။ သက်သေခံတွေကို ပိုထိရောက်တဲ့ ဟောပြောသူတွေဖြစ်ဖို့ လေ့ကျင့်ပေးတယ်။ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကနေဖြစ်စေ တက်ရောက်နိုင်တယ်။ ယေဟောဝါသက်သေတွေကျင်းပတဲ့ တခြားအစည်းအဝေးတွေလိုပဲ ဒီအစည်းအဝေးကို အခမဲ့တက်ရောက်နိုင်ပြီး အလှူငွေ ကောက်ခံတာမျိုး မရှိဘူး။

အသင်းတော်အမှုထမ်း။ အသင်းတော်ကိစ္စတွေနဲ့ပတ်သက်ပြီး အကြီးအကဲတွေကို ကူညီပေးဖို့ ခန့်အပ်ထားတဲ့၊ ရင့်ကျက်တဲ့ သက်သေခံ အမျိုးသား။ အသင်းတော်အမှုထမ်းအဖြစ် အမှုဆောင်ဖို့ ၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃ နဲ့ တိတု ၂:၆-၈ မှာ ပါတဲ့ ကျမ်းစာတောင်းဆိုချက်တွေကို ပြည့်မီနေရမယ်။ အသင်းတော်အမှုထမ်းတွေက အသင်းတော်အတွက် လိုအပ်တဲ့ ဝေယျာဝစ္စတွေကို အခမဲ့ ကူညီဆောင်ရွက်ပေးတယ်။ သက်ဆိုင်ရာအသင်းတော် ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်းက ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အသင်းတော်အမှုထမ်း အများစုက မိမိနဲ့ မိသားစုရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ်။ အသင်းတော် အမှုထမ်းတချို့က နောက်ပိုင်းမှာ အကြီးအကဲတစ်ဦးအတွက် သတ်မှတ်ထားတဲ့ ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီလာနိုင်တယ်။ “အသင်းတော် အမှုထမ်း” ဆိုတဲ့ အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

သာသနာပြု။ ကမ္ဘာတစ်ဝန်းမှာ အမှုဆောင်ဖို့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်ထားတဲ့ နှစ်ခြင်းခံပြီးသား သက်သေခံ။ သာသနာပြုတွေက နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေဖို့ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပြီး တိုင်းတစ်ပါးမှာ သွားရောက်အမှုဆောင်လေ့ရှိတယ်။

ကမ္ဘာသစ်ဘာသာပြန်ကျမ်း။ ဟီဘရူးကျမ်းစောင်တွေ (ဓမ္မဟောင်းကျမ်း) နဲ့ ဂရိကျမ်းစောင်တွေ (ဓမ္မသစ်ကျမ်း) ကို ယေဟောဝါသက်သေတွေ ဘာသာပြန်ထုတ်ဝေတဲ့ကျမ်း။

ရှေ့ဆောင်။ အမှုဆောင်လုပ်ငန်းမှာ သတ်မှတ်နာရီပြည့်မီအောင် ကြိုးစားပါဝင်တဲ့ နှစ်ခြင်းခံပြီးသား သက်သေခံ။ တစ်နှစ်ကို နာရီပေါင်း ၆၀၀ (တစ်လကို နာရီ ၅၀) အသုံးပြုတဲ့ “မှန်မှန်ရှေ့ဆောင်” တွေကို ရှေ့ဆောင်လို့ ခေါ်လေ့ရှိတယ်။ တစ်လ ဒါမှမဟုတ် လအတော်များများမှာ ၁၅ နာရီ ဒါမှမဟုတ် နာရီ ၃၀ အသုံးပြုတဲ့ “အရန်ရှေ့ဆောင်” ကိုလည်း ရှေ့ဆောင်လို့ ခေါ်တယ်။ ရှေ့ဆောင်တွေဟာ အမှုဆောင်လုပ်ငန်းအတွက် လုပ်အားခ မရပါဘူး။ သက်ဆိုင်ရာအသင်းတော် ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်းက အလုပ်ခန့်ထားတဲ့ ဝန်ထမ်းတွေလည်း မဟုတ်ပါဘူး။ ရှေ့ဆောင်အများစုက ကိုယ်ပိုင် ဝင်ငွေ ရှာကြတယ်။ “ရှေ့ဆောင်” ဆိုတဲ့ “ ဆိုတဲ့ အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

ဟောပြောခြင်း။ လယ်ကွင်း အမှုဆောင်” ကို ကြည့်ပါ။

လူထုအစည်းအဝေး။ စနေ/တနင်္ဂနွေမှာ ပတ်စဉ်ကျင်းပတဲ့ အသင်းတော် အစည်းအဝေး။ လူထုအတွက် ရည်ရွယ်တဲ့ မိနစ် ၃၀ ကြာ ကျမ်းစာဟောပြောချက်တစ်ခု ပါတယ်။ ပြီးနောက် ကင်းမျှော်စင် လေ့လာရန် စာစောင်ထဲက ကျမ်းစာအခြေပြု ကင်းမျှော်စင် ဆောင်းပါးတစ်ခုကို တစ်နာရီကြာ အမေးအဖြေ ဆွေးနွေးတယ်။ လူကိုယ်တိုင် ဖြစ်စေ၊ အွန်လိုင်းကနေ ဖြစ်စေ အခမဲ့ တက်ရောက်နိုင်ပြီး ယေဟောဝါသက်သေတွေရဲ့ တခြားအစည်းအဝေးတွေလို အလှူငွေ ကောက်ခံတာမျိုး မရှိဘူး။

ကြေညာသူ။ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုခုနဲ့ ပူးပေါင်းပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်သူ။ ကျမ်းစာ အခြေခံသွန်သင်ချက်တွေကို နားလည်သဘောပေါက်ပြီး ယုံကြည်လက်ခံရင်၊ ဘုရား ချမှတ်ထားတဲ့ အခြေခံမူတွေအတိုင်း ကျင့်ကြံနေထိုင်သူဖြစ်ရင် ကြေညာသူ လုပ်နိုင်တယ်။ ကြေညာသူတွေဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်လို့ လုပ်အားခ မရပါဘူး။ သက်ဆိုင်ရာအသင်းတော် ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်းက ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေလည်း မဟုတ်ပါဘူး။ “ကြေညာသူ” ဆိုတဲ့ အသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

 ခရိုင်အစည်းအဝေး။ ဘုရားနဲ့ ရင်းနှီးစေဖို့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားတဲ့ ဒေသတစ်ခုထဲက အသင်းတော်တွေ စုဝေးကျင်းပတဲ့ သုံးရက်တာ အစည်းအဝေး။ ဘယ်သူမဆို အခမဲ့ တက်ရောက်နိုင်တယ်။ တက်ရောက်သူ လူကြီးလူငယ်မရွေး ကျမ်းစာအကြံပြုချက်တွေကနေ အကျိုးရယူနိုင်ဖို့ ကူညီပေးတယ်။ ကျမ်းစာအခြေခံမူတွေကို နေ့စဉ်ဘဝမှာ ကျင့်သုံးနိုင်ပုံနဲ့ပတ်သက်ပြီး သရုပ်ပြတွေ၊ ကျမ်းစာမှတ်တမ်း ဇာတ်လမ်းတွေ ပါဝင်တယ်။ ခရိုင်အစည်းအဝေးတွေကို ငှားရမ်းထားတဲ့ အားကစားရုံတွေ၊ အားကစားကွင်းတွေ၊ အစည်းအဝေးကြီးခန်းမတွေမှာ ကျင်းပလေ့ရှိတယ်။ အရွယ်အစား ပိုငယ်တဲ့ ခရိုင်အစည်းအဝေးတွေကို ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲခန်းမတွေမှာလည်း ကျင်းပကြတယ်။ ပုံမှန်အားဖြင့် လူကိုယ်တိုင် တက်ရောက်တဲ့ ခရိုင်အစည်းအဝေးကို သောကြာကနေ တနင်္ဂနွေနေ့အထိ ကျင်းပတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ရိုက်ကူးထားတဲ့ အစည်းအဝေး အစီအစဉ်တွေကို အွန်လိုင်းကနေလည်း ကြည့်ရှုနိုင်ပါပြီ။ ယေဟောဝါသက်သေတွေရဲ့ တခြားအစည်းအဝေးတွေလို အခမဲ့ တက်ရောက်နိုင်ပြီး အလှူငွေ ကောက်ခံတာမျိုး မရှိဘူး။

ညီအစ်မ။ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီးသား အမျိုးသမီး။ နာမည်အရှေ့မှာလည်း တွဲသုံးပါတယ် (ဥပမာ၊ ညီအစ်မ သူဇာ)။ ဒီအသုံးအနှုန်းဟာ ဘွဲ့ထူး၊ ဂုဏ်ထူး မဟုတ်ပါ။

ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ အဓိက မဂ္ဂဇင်းရဲ့ နာမည်အပြည့်အစုံ။ ကင်းမျှော်စင် လို့လည်း ခေါ်တယ်။ ဘုရား အလိုတော် ပြည့်စုံလာပုံကို စာဖတ်သူတွေ သတိမပြတ်စေဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနာမည်ကို ရွေးချယ်ထားတာပါ။ (မဿဲ ၂၄:၄၂) ကင်းမျှော်စင် လူထုစာစောင်ကို စိတ်ဝင်စားသူတွေအတွက် အခမဲ့ ဝေငှတယ်။ ကင်းမျှော်စင် လေ့လာရန် စာစောင်ကိုတော့ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေမှာ အမေးအဖြေပုံစံနဲ့ ပတ်စဉ် ဆွေးနွေးတယ်။ ၁၈၇၉ ခုနှစ်ကစပြီး အဆက်မပြတ် ထုတ်ဝေလာခဲ့တဲ့ ကင်းမျှော်စင်ဟာ ကမ္ဘာ့အဖြန့်ချိရဆုံး မဂ္ဂဇင်းတစ်စောင် အဝင်ပါ။

မှတ်ချက်– ယေဟောဝါသက်သေတွေအကြောင်း ဦးဆုံးအကြိမ် ရေးသားဖော်ပြတဲ့အခါ နာမည်အပြည့်အစုံကို အသုံးပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။ ထပ်သိချင်ရင်  ယေဟောဝါသက်သေများကို ကြည့်ပါ။