မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ သိပ္ပံပညာကို ဘယ်လို သဘောထားသလဲ

ယေဟောဝါသက်သေတွေ သိပ္ပံပညာကို ဘယ်လို သဘောထားသလဲ

 သိပ္ပံပညာရဲ့ တိုးတက်အောင်မြင်မှုတွေကို လေးစားသလို အထောက်အထားပြနိုင်တဲ့ ရှာဖွေတွေ့ရှိမှုတွေကိုလည်း လက်ခံပါတယ်။

 “သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ကို ဆိုလိုသည်။” (မြန်မာ့စွယ်စုံကျမ်း) သမ္မာကျမ်းစာက သိပ္ပံစာအုပ်မဟုတ်ပေမဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ အဲဒီရှာဖွေတွေ့ရှိချက်တွေကနေ အကျိုးရယူဖို့ လူတွေကို အားပေးထားပါတယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ-

  •   နက္ခတ္တဗေဒ- “ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူဖန်ဆင်းသလဲ။ အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့အရှင်ပဲ။ အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။”​—ဟေရှာယ ၄၀:၂၆

  •   ဇီဝဗေဒ- ရှောလမုန်မင်းကြီးက “အပင်နဲ့ပတ်သက်လာရင် လက်ဘနွန်ပြည်မှာပေါက်တဲ့ သစ်ကတိုးပင်ကအစ တံတိုင်းပေါ်မှာပေါက်တဲ့ ဟုဿုပ်ပင်အဆုံး အကုန်ပြောပြနိုင်တယ်။ တိရစ္ဆာန်တွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေ၊ ငါးတွေအကြောင်းကိုလည်း ပြောပြနိုင်တယ်။”​—၃ ဓမ္မရာဇဝင် ၄:၃၃

  •   ဆေးပညာ- “ကျန်းမာသူတွေအတွက် သမားတော်မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”​—လုကာ ၅:၃၁

  •   မိုးလေဝသပညာ- “နှင်းဘဏ္ဍာတိုက်တွေထဲ မင်းဝင်ဖူးသလား။ မိုးသီးဘဏ္ဍာတိုက်တွေကိုကော မြင်ဖူးသလား။ . . . ကမ္ဘာကြီးပေါ်မှာ အရှေ့လေက ဘယ်ကနေ တိုက်ခတ်လာသလဲ။”​—ယောဘ ၃၈:​၂၂-၂၄

 ကျွန်တော်တို့ရဲ့ စာပေတွေမှာ သဘာဝနဲ့ သိပ္ပံပညာတွေ့ရှိချက် ဆောင်းပါးတွေကို ဖော်ပြပေးပြီး သိပ္ပံပညာကို လေးစားစေပါတယ်။ သက်သေခံမိဘတွေက သားသမီးတွေကို ပညာတတ်ပြီး ပတ်ဝန်းကျင်အခြေအနေကို သိနားလည်စေချင်ကြတယ်။ သက်သေခံတချို့ဆိုရင် သင်္ချာဇီဝဗေဒရူပဗေဒ စတဲ့ သိပ္ပံပညာရပ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။

သိပ္ပံပညာမှာ အကန့်အသတ်ရှိ

 လူသားတွေရဲ့ မေးခွန်းအားလုံးကို သိပ္ပံပညာက ဖြေဆိုပေးနိုင်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ a ဥပမာ၊ ဘူမိဗေဒပညာရှင်တွေက ကမ္ဘာမြေကို ဘာနဲ့ပြုလုပ်ထားသလဲ၊ မနုဿဗေဒ ပညာရှင်တွေက ခန္ဓာကိုယ် ဘယ်လိုလုပ်ဆောင်တယ် ဆိုတာ ခွဲခြမ်းစိတ်ဖြာကြတယ်။ ဒါပေမဲ့ ကမ္ဘာမြေဟာ ဘာကြောင့် သက်ရှိတွေအတွက် အသင့်တော်ဆုံးဂြိုလ် ဖြစ်ရတာလဲ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကလည်း ဘာကြောင့် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်တာလဲ။

 ဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်လောက်တဲ့အဖြေကို သမ္မာကျမ်းစာကပဲ ပေးနိုင်တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချပါတယ်။ (ဆာလံ ၁၃၉:​၁၃-၁၆။ ဟေရှာယ ၄၅:၁၈) ဒါကြောင့် ပညာကောင်းကောင်းတတ်မြောက်ဖို့ သိပ္ပံပညာကိုရော သမ္မာကျမ်းစာကိုပါ သင်ယူဖို့လိုတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

 သိပ္ပံပညာနဲ့ သမ္မာကျမ်းစာ မကိုက်ညီဘူးလို့ တချို့ ထင်တတ်ကြတယ်။ အဲဒီလိုထင်တာက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်တာကို အသေအချာ နားမလည်လို့ပါ။ ဥပမာ၊ သမ္မာကျမ်းစာက ကမ္ဘာမြေကို ၂၄ နာရီရှိတဲ့ရက် ခြောက်ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ မသွန်သင်ဘူး။​—ကမ္ဘာဦး ၁:၁။ ၂:၄

 သီအိုရီတချို့ဟာ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့ အထောက်အထား မရှိတဲ့အပြင် ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တချို့က အဲဒီသီအိုရီတွေကို လက်မခံကြပါဘူး။ ဥပမာ၊ သဘာဝလောကရဲ့ ဒီဇိုင်းလက်ရာတွေက ဉာဏ်ပညာရှိတဲ့သူရဲ့ လက်ရာဖြစ်ကြောင်း ထင်ရှားတယ်၊ ဒါတွေဟာ မတော်တဆဖြစ်လာတာ မဟုတ်ဘူးလို့ ဇီဝဗေဒပညာရှင်၊ ဓာတုဗေဒပညာရှင် အတော်များများ ကောက်ချက်ချသလို ကျွန်တော်တို့လည်း ကောက်ချက်ချပါတယ်။

a သြစတြီးယား ရူပဗေဒစာပေ နိုဗယ်ဆုရှင် အာဝင် ရှရိုဒင်ဂါက သိပ္ပံပညာဟာ “ကျွန်တော်တို့ အသိချင်ဆုံး၊ အရေးအကြီးဆုံး . . . ကိစ္စနဲ့ပတ်သက်ပြီး လုံးဝ နှုတ်ဆိတ်နေတယ်” လို့ ရေးသားခဲ့တယ်။ အဲလ်ဘတ် အိုင်းစတိုင်းကလည်း “လူ့ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်မှုက မလုံလောက်သေးဘူးဆိုတာ သိလိုက်ရတယ်” လို့ ပြောခဲ့တယ်။