မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဒေဗီ လို့စ်

ဇီဝဓာတုပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်းရှင်းပြ

ဇီဝဓာတုပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်းရှင်းပြ

ဒေါက်တာ ဒေဗီ လို့စ်ဟာ ဘယ်လ်ဂျီယံနိုင်ငံက ဇီဝဓာတုပညာရှင်တစ်ဦးဖြစ်တယ်။ တစ်ချိန်တုန်းက သူဟာ ဖန်ဆင်းရှင်ရှိတယ်ဆိုတာမယုံဘဲ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သူဖြစ်တယ်။ နောက်ပိုင်း သူ့ရဲ့ယုံကြည်ချက် ပြောင်းသွားတယ်။ အသက်ရဲ့မူလအစနဲ့ပတ်သက်ပြီး ဘာကြောင့် ပြန်ဆန်းစစ်ခဲ့တာလဲ။ နိုးလော့! က ဒေါက်တာ လို့စ်ရဲ့ သိပ္ပံပညာနဲ့ သူဘာကြောင့် ဘုရားသခင်ကို ယုံကြည်လာကြောင်း တွေ့ဆုံမေးမြန်းထားပါတယ်။

ဘာကြောင့် သိပ္ပံပညာကို လေ့လာပြီး သုတေသနပြုလုပ်ငန်းတွေမှာ ပါဝင်ဖြစ်ခဲ့တာလဲ

ကျွန်တော် တက္ကသိုလ်တက်တော့ ဓာတုဗေဒပညာရပ်ကို ရွေးချယ်ခဲ့တယ်။ ကမ္ဘာဂြိုဟ်ပေါ်မှာ အရှုပ်ထွေးဆုံးမော်လီကျူးတွေဖြစ်တဲ့ ပရိုတင်းတွေနဲ့ နျူကလီအစ် အက်ဆစ်တွေကို ကျွန်တော် အထူးသဖြင့်စိတ်ဝင်စားတယ်။ နောက်ပိုင်းမှာတော့ တချို့မော်လီကျူးတွေ နေရောင်ခြည်ကို တုံ့ပြန်ပုံကို စိတ်ဝင်စားလာတယ်။

ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ခဲ့ပါသလား

ကလေးဘဝတုန်းကတော့ ယုံပါတယ်။ ဒါပေမဲ့ နောက်ပိုင်း လူဗန်ကက်သလစ်တက္ကသိုလ်တက်တော့ သက်ရှိတွေဟာ သဘာဝတရားဖြစ်စဉ်ကြောင့် ကိုယ့်ပုံစံနဲ့ကိုယ်ရှိလာတယ်ဆိုပြီး သင်ပေးတယ်။ အဲဒီဖြစ်စဉ်တချို့ဟာ တော်တော်လေး ရှုပ်ထွေးတယ်လို့ ယူမှတ်အောင် ပါမောက္ခတွေက သင်ကြားပေးတယ်။ သူတို့တွေဟာ အတွေ့အကြုံများတဲ့ သိပ္ပံပညာရှင်တွေဖြစ်တဲ့အတွက် သူတို့သင်ပေးတာကို ကျွန်တော်လက်ခံခဲ့တယ်။ ဒါနဲ့ပဲ ဘုရားသခင်ရှိတယ်ဆိုတာ မယုံတော့ဘူး။

အသက်ရဲ့မူလအစနဲ့ပတ်သက်ပြီး ဘာကြောင့် ပြန်ဆန်းစစ်ခဲ့တာလဲ

၁၉၉၉ ခုနှစ်မှာ ကျောင်းနေဖက် တစ်ယောက်နဲ့ပြန်ဆုံတယ်။ သူက ယေဟောဝါသက်သေတစ်ယောက် ဖြစ်နေပြီ။ ဒါနဲ့ သူတို့ရဲ့ အစည်းအဝေးတစ်ခုကို တက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်လောက်မှာပဲ ကျွန်တော်တို့အိမ်ကို ယေဟောဝါသက်သေတစ်ယောက် ရောက်လာပြီး သင့်အားဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော ဆိုတဲ့ စာအုပ် ပေးခဲ့တယ်။ *

အဲဒီစာအုပ်နဲ့ပတ်သက်ပြီး ဘယ်လိုယူမှတ်ပါသလဲ

သေသေချာချာ ရှာဖွေလေ့လာမှုတွေလုပ်ပြီး ဖော်ပြထားတာကို ကျွန်တော် တော်တော်လေး လေးစားသွားတယ်။ သဘာဝလောကမှာတွေ့ရတဲ့ ပုံစံဒီဇိုင်းတွေကို ဆင့်ကဲအယူနဲ့ တကယ်ရှင်းပြနိုင်ရဲ့လားဆိုတာ ကျွန်တော်စစဉ်းစားလာတယ်။

သဘာဝလောကမှာတွေ့ရတဲ့ ဘယ်ပုံစံဒီဇိုင်းတွေကို စိတ်အဝင်စားဆုံးလဲ

ဇီဝဓာတုပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော်လုပ်ရတဲ့အလုပ်က ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ ဘက်တီးရီးယားလေးတွေရဲ့ မော်လီကျူးဒီဇိုင်းတချို့ကို လေ့လာရတယ်။ အဲဒီဘက်တီးရီးယားလေးတွေကို အဏုကြည့်မှန်ဘီလူးနဲ့ပဲမြင်နိုင်ပေမဲ့ သူတို့ဟာ အသက်ရှင်ရပ်တည်ဖို့ တခြားသက်ရှိတွေကို မှီခိုဖို့မလိုဘူး။ ဒီသက်ရှိလေးတွေဟာ ကမ္ဘာဂြိုဟ်မှာရှိတဲ့ သက်ရှိတွေထဲမှာ ပထမဆုံးသက်ရှိတွေဖြစ်တယ်လို့ ပညာရှင်တချို့ ယူမှတ်ကြတယ်။ အရမ်းကိုသေးငယ်လွန်းတဲ့ ဒီသက်ရှိလေးတွေဟာ နေရောင်ခြည်စွမ်းအင်နဲ့ အလွန်ရှုပ်ထွေးတဲ့ ဓာတုဖြစ်စဉ်တွေကိုသုံးပြီး ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အစာအဖြစ်ပြောင်းလဲကြတယ်။ အဲဒီဖြစ်စဉ်ကို ကျွန်တော်တို့ အခုထိ အပြည့်အဝနားမလည်သေးဘူး။ အဏုကြည့်မှန်ဘီလူးနဲ့ပဲမြင်နိုင်တဲ့ သက်ရှိလေးတွေဟာ နေရောင်ခြည်ကို ကောင်းကောင်းအသုံးချတတ်တာကို ကျွန်တော် သိပ်အံ့သြတယ်။

သစ်ရွက်တွေလည်း နေရောင်ခြည်ကိုသုံးပြီး အစာချက်ကြတာပဲ။ ဒီဘက်တီးရီးယားတွေက ဘာတွေများ ထူးခြားလို့လဲ

သမုဒ္ဒရာအနက်ထဲကိုဆင်းလေလေ နေရောင်ခြည်ကို မတွေ့ရတော့လေပဲ။ ဒီဘက်တီးရီးယားလေးတွေဟာ သမုဒ္ဒရာရေနက်ထဲမှာနေကြတဲ့အတွက် နေရောင်ခြည်စွမ်းအင် မဆိုစလောက်ပဲ ရတယ်။ အလွန်တရာဆန်းပြားလှတဲ့ သူတို့ရဲ့အာရုံခံအင်္ဂါနဲ့ နေစွမ်းအင်ကို ဖမ်းယူကြတယ်။ သူတို့ဖမ်းယူရရှိတဲ့စွမ်းအင်ကို အစာအဖြစ်ပြောင်းလဲလိုက်တယ်။ နေရောင်ခြည်ဖမ်းယူနိုင်တဲ့ ဒီသက်ရှိလေးတွေရဲ့ဒီဇိုင်းကို နေရောင်ခြည်နဲ့လျှပ်စစ်ထုတ်တဲ့ ဆိုလာပြားထုတ်လုပ်သူတွေ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ဆောင်မှုလောက်ကောင်းတဲ့ ဆိုလာပြားတွေ မထုတ်လုပ်နိုင်သေးဘူး။

ဒါနဲ့ ဘယ်လို ကောက်ချက်ချဖြစ်ခဲ့သလဲ

အင်ဂျင်နီယာတွေဟာ သက်ရှိတွေရဲ့ အံ့ဩစရာကောင်းတဲ့ စနစ်တကျလုပ်ဆောင်မှုတွေကို ကြည့်ပြီး အဲဒါနဲ့တူတဲ့အရာတွေကို တီထွင်ဖို့ ကြိုးစားနေကြတာကို ထောက်ရှုရင် ဒီသက်ရှိတွေကို ဘုရားသခင် ဒီဇိုင်းဆွဲတာ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တယ်

အင်ဂျင်နီယာတွေဟာ သက်ရှိတွေရဲ့ အံ့ဩစရာကောင်းတဲ့ စနစ်တကျလုပ်ဆောင်မှုတွေကို ကြည့်ပြီး အဲဒါနဲ့တူတဲ့အရာတွေကို တီထွင်ဖို့ ကြိုးစားနေကြတာကိုထောက်ရှုရင် ဒီသက်ရှိတွေကို ဘုရားသခင် ဒီဇိုင်းဆွဲတာဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒီသိပ္ပံပညာရပ်တစ်ခုကြောင့်ပဲ ဘုရားသခင်ကို ယုံကြည်လာတာမဟုတ်ဘူး။ သမ္မာကျမ်းစာကို အသေအချာဆန်းစစ်လေ့လာမှုကြောင့်လည်း ပါတယ်။

သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ ရေးထားတာဖြစ်တယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချခဲ့တာလဲ

အကြောင်းရင်းအများကြီးထဲက တစ်ခုပြောရရင် သမ္မာကျမ်းစာကြိုဟောချက်တွေဟာ အသေးစိတ်ကအစ ပြည့်စုံတဲ့အတွက်ကြောင့်ပဲ။ ဥပမာ၊ ဟေရှာယက ရာစုနှစ်နဲ့ချီကြိုပြီး ယေရှုသေဆုံးခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအကြောင်းကို အသေးစိတ်ကြိုဟောခဲ့တယ်။ ကွမ်ရန်ဒေသမှာတွေ့ခဲ့တဲ့ ဟေရှာယကျမ်းလိပ်တွေဟာ ယေရှုမသေဆုံးခင် နှစ်တစ်ရာကျော်လောက်မှာ ဟေရှာယရဲ့မူရင်းကျမ်းကနေ ကူးရေးခဲ့တာဖြစ်တယ်။ ဒါကြောင့် မူရင်းကျမ်းကို အဲဒီအချိန်မတိုင်ခင်က ရေးခဲ့တာ သေချာတယ်။

အဲဒီကြိုဟောချက်ထဲမှာ “လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏” လို့ဖော်ပြထားတယ်။ (ဟေရှာယ ၅၃:၉၊ ၁၂) ကြိုဟောထားတဲ့အတိုင်း ယေရှုကို လူဆိုးတွေနဲ့အတူ စီရင်ခဲ့ပြီး လူချမ်းသာမိသားစုရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင့်လမ်းညွှန်မှုနဲ့ ရေးထားတယ်ဆိုတာကို ကျွန်တော့်ကို လက်ခံစေခဲ့တဲ့ ကျမ်းစာကြိုဟောချက်တွေ အများကြီးထဲမှာ အဲဒါက တစ်ခုပါပဲ။ (၂ တိမောသေ ၃:၁၆) နောက်တော့ ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။

ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာကို ဘာကြောင့်ကျေနပ်ပါသလဲ

ဘုရားသခင်ကို ယုံကြည်တာက မျက်စိစုံမှိတ်ယုံတာမျိုးမဟုတ်ဘူး။ သိပ္ပံအချက်အလက်တွေနဲ့ သမ္မာကျမ်းစာကို အခြေပြုပြီး ယုံကြည်တာဖြစ်ပါတယ်

ဘုရားသခင်ကို ယုံကြည်တာက မျက်စိစုံမှိတ်ယုံတာမျိုးမဟုတ်ဘူး။ သိပ္ပံအချက်အလက်တွေနဲ့ သမ္မာကျမ်းစာကို အခြေပြုပြီး ယုံကြည်တာဖြစ်ပါတယ်။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ တခြားသူတွေကို နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းစာစကားတွေ ဝေမျှရတာ၊ သူတို့သိချင်နေတဲ့မေးခွန်းတွေရဲ့ အဖြေရဖို့ ကူညီပေးရတာကို ကျွန်တော်ကျေနပ်ပျော်ရွှင်တယ်။

^ အပိုဒ်၊ 9 ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။