မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ ဘာလုပ်ရမလဲ

ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ ဘာလုပ်ရမလဲ

 ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ လုပ်ရမယ့် အဆင့်တွေအကြောင်း ယေရှုကိုယ်တိုင် မိန့်မှာခဲ့ပြီး မဿဲ ၂၈:၁၉၊ ၂၀ မှာ တွေ့နိုင်ပါတယ်။ ခရစ်တော်တပည့် ဖြစ်လိုသူဟာ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို ပြောပြဖို့၊ သက်သေခံဖို့ လိုတယ်လို့ အဲဒီကျမ်းချက်မှာ ဖော်ပြတယ်။

 အဆင့် ၁– ကျမ်းစာသွန်သင်ရာတွေကို သင်ယူပါ။ ယေရှုက “ကျွန်တော့်တပည့် ဖြစ်လာအောင် . . . သွန်သင်ပေးကြပါ” လို့ နောက်လိုက်တွေကို မိန့်မှာတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) “တပည့်” ဆိုတဲ့ စကားလုံးက “သင်ယူသူ” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာမှာ အထူးသဖြင့် ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေကို တွေ့ရတယ်။ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ဘဝ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေကိုလည်း ဖော်ပြထားတယ်။ (၂ တိမောသေ ၃:​၁၆၊ ၁၇) ယေဟောဝါသက်သေတွေ လုပ်ပေးနေတဲ့ အခမဲ့ ကျမ်းစာလေ့လာမှု အစီအစဉ်ကနေ ကျမ်းစာသွန်သင်ရာတွေကို သင်ယူနိုင်ပါတယ်။​—မဿဲ ၁၀:​၇၊ ၈။ ၁ သက်သာလောနိတ် ၂:​၁၃

 အဆင့် ၂– သင်ယူသိရှိရာတွေကို လက်တွေ့ကျင့်သုံးပါ။ သင်ယူသူတွေဟာ ယေရှု “မိန့်မှာထားသမျှကို လိုက်နာ” ရမယ်။ (မဿဲ ၂၈:၂၀) ဒါကြောင့် ကျမ်းစာ လေ့လာတယ်ဆိုတာ အသိပညာ ရဖို့လောက်ပဲ မဟုတ်ဘူး။ ကိုယ့်အတွေးအခေါ်၊ အပြုအမူတွေကို သိသိသာသာ ပြောင်းလဲရမယ်။ (တမန်တော် ၁၀:၄၂။ ဧဖက် ၄:​၂၂–​၂၉။ ဟီဘရူး ၁၀:၂၄၊ ၂၅) ယေရှုရဲ့ မိန့်မှာချက်တွေကို လိုက်နာသူတွေဟာ ဘဝကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး ယေရှုနောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။​—မဿဲ ၁၆:၂၄

 အဆင့် ၃– နှစ်ခြင်းခံပါ။ (မဿဲ ၂၈:၁၉) ကျမ်းစာမှာ နှစ်ခြင်းခံတာကို သင်္ဂြိုဟ်ခံရတာနဲ့ ခိုင်းနှိုင်းထားတယ်။ (ရောမ ၆:​၂–၄ နဲ့ နှိုင်းယှဉ်ပါ။) အဲဒါက ဘဝလမ်းစဉ်အဟောင်း သေဆုံးသွားပြီး ဘဝအသစ် စတင်လာတယ်ဆိုတဲ့ အမှတ်အသားပါပဲ။ နှစ်ခြင်းခံတာက ယေရှု မိန့်မှာခဲ့တဲ့ ဦးဆုံး အဆင့် ၂ ဆင့်ကို လုပ်ဆောင်ပြီးကြောင်း၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရဖို့ ဘုရားသခင်ဆီ တောင်းခံနေကြောင်း လူအများရှေ့ ဖော်ပြရာရောက်တယ်။​—ဟီဘရူး ၉:​၁၄။ ၁ ပေတရု ၃:​၂၁

နှစ်ခြင်းခံဖို့ အသင့်ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲ

 အသင်းတော် အကြီးအကဲတွေကို ပြောပြပါ။ သူတို့က နှစ်ခြင်းခံခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာ သင် သဘောပေါက်သလား၊ သင်ယူသိရှိရာတွေကို လက်တွေ့ ကျင့်သုံးသလား၊ စိတ်လိုကိုယ်လျောက် ဘုရားထံ ဆက်ကပ်အပ်နှံပြီးပြီလားဆိုတာ သေချာအောင် ကူညီပေးပါလိမ့်မယ်။​—တမန်တော် ၂၀:၂၈။ ၁ ပေတရု ၅:​၁–၃

ယေဟောဝါသက်သေတွေရဲ့ သားသမီးတွေကော ဒီအဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်သလား

 လိုအပ်ပါတယ်။ ယေဟောဝါသက်သေတွေက မိမိတို့ကလေးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်’ ကြတယ်။ (ဧဖက် ၆:၄) ကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာတော့ ကျမ်းစာသွန်သင်ရာတွေကို သင်ယူပြီး လက်တွေ့ကျင့်၊ မကျင့်ဆိုတာ နှစ်ခြင်းမခံခင် ကိုယ်တိုင် ဆုံးဖြတ်ချက် ချရတယ်။ (ရောမ ၁၂:၂) ဘုရားကို ဝတ်ပြုတာ၊ ဝတ်မပြုတာက တစ်ဦးစီ ကိုယ်ပိုင် ဆုံးဖြတ်ရမယ်။​—ရောမ ၁၄:၁၂။ ဂလာတိ ၆:၅