မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ဘုရားအမှုဆောင်ရာမှာ အရေးပါတဲ့ ဂျိုင်ရိုရဲ့မျက်လုံးကလေးများ

ဘုရားအမှုဆောင်ရာမှာ အရေးပါတဲ့ ဂျိုင်ရိုရဲ့မျက်လုံးကလေးများ

သင့်ရဲ့ မျက်လုံးကလွဲပြီး ကိုယ်ခန္ဓာတစ်ခုလုံး ထိန်းချုပ်လို့မရတဲ့အဖြစ်ကို မြင်ယောင်ကြည့်ပါ။ ကျွန်တော့်အကို ဂျိုင်ရိုက ဒီလိုဝမ်းနည်းစရာအဖြစ်ဆိုး ကြုံနေရသူပါ။ ဒါတောင်မှ သူ့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိနေတယ်။ ဒီလိုအသက်ရှင်ရကျိုးနပ်တဲ့ ဘဝကို သူ ဘယ်လိုရှာတွေ့ခဲ့သလဲဆိုတာ မပြောပြခင် သူ့ဘဝအကြောင်းကို အရင် ပြောပြပါရစေ။

အကိုဂျိုင်ရိုဟာ မွေးကတည်းက ဦးနှောက်ကြီးသွက်ချာပါဒရောဂါ [CP] တစ်မျိုးဖြစ်တဲ့ ခြေလက်အကြောသေရောဂါ [spastic quadriplegia] ခံစားနေရလို့ သူ့ခန္ဓာကိုယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်လို့မရဘူး။ * ကြွက်သားတွေလှုပ်ရှားနိုင်အောင် အကိုဂျိုင်ရိုရဲ့ဦးနှောက်က အချက်မပေးနိုင်တဲ့အတွက် ခြေလက်တွေ လိမ်ဖည်ပြီး အကြောဆွဲတတ်လို့ သူ့ခမျာ မကြာခဏ ဒဏ်ရာရတယ်။ သူ့ဘေးကလူတွေ မရှောင်မိရင် သူတို့ပါ ဒဏ်ရာရနိုင်တယ်။ ဒါကြောင့် သူ့ခြေလက်တွေကို ဘီးတပ်ကုလားထိုင်မှာ တုပ်ထားရတယ်။

လူကြီးဘဝအထိ နာကျင်မှုတွေ ပြည့်နေ

အကိုဂျိုင်ရိုဟာ လူကြီးအရွယ်ရောက်တဲ့အထိ နာကျင်မှု တော်တော်လေးခံခဲ့ရတယ်။ ၃ လသားအရွယ်ကစပြီး သတိလစ်တဲ့အထိ မကြာခဏ ရုတ်တရက်တက်တတ်လို့ အမေက သူ့ကို ပွေ့ချီပြီး ဆေးရုံတင်ခဲ့ရတယ်။ ဆေးရုံတင်တဲ့အချိန်တိုင်း သေပြီလို့ ထင်ခဲ့ကြတာ။

အကိုရဲ့အရိုးတွေက တောင့်တင်းလိုက်၊ ကျုံ့လိုက်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ ၁၆ နှစ်အရွယ်မှာ သူ့တင်ပါးဆုံရိုးအဆစ်လွဲသွားလို့ ပေါင်၊ တင်ပါးနဲ့ တင်ပါးဆုံရိုး အကြီးစားခွဲစိတ်မှု လုပ်ခဲ့ရတယ်။ နာလန်ထူချိန်အတွင်း နာကျင်လွန်းလို့ ညတိုင်း ကြားနေကျ ကျွန်တော့်အကိုရဲ့ ငိုရှိုက်သံကို ကြားယောင်နေဆဲပဲ။

အကိုဂျိုင်ရိုရဲ့ မသန်မစွမ်းမှုကြောင့် စားတာ၊ ဝတ်တာ၊ အိပ်ရာဝင်တာလိုမျိုး ဘာလုပ်လုပ် သူ့ဘာသာမလုပ်နိုင်ဘဲ တခြားသူတွေကိုပဲ လုံးလုံး မှီခိုနေရတယ်။ ဒါတွေကို အမေနဲ့ အဖေက အများအားဖြင့် လုပ်ပေးလေ့ရှိတယ်။ အကိုဟာ တခြားသူတွေရဲ့ အကူအညီ အမြဲတမ်းလိုနေလို့ အဖေနဲ့ အမေက လူတွေကို အားကိုးတဲ့အပြင် ဘုရားကို အဓိကအားကိုးဖို့ သူ့ကို အမြဲသင်ပေးတယ်။

ပြောဆိုဆက်သွယ်ရေး နည်းသစ်

မိဘတွေက ယေဟောဝါသက်သေတွေဖြစ်လို့ အကို့ကို ငယ်ငယ်လေးကတည်းက ကျမ်းစာပုံပြင်တွေ ဖတ်ပြလေ့ရှိတယ်။ လူဟာ ဘုရားသခင်နဲ့ရင်းရင်းနှီးနှီးရှိရင် ဘဝက ပိုအဓိပ္ပာယ်ရှိမှန်း မိဘတွေ သိထားကြတယ်။ အကိုက ချူချာပြီး အမြဲအကြောဆွဲနေပေမဲ့ သူ့ဘဝဟာ အဓိပ္ပာယ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျမ်းစာအကြောင်း ဖတ်ပြတာကို အကို နားလည်နိုင်ပါ့မလား။

အကို ကလေးဘဝမှာ၊ အဖေက “သားလေးဂျိုင်ရိုရယ် အဖေ့ကို ချစ်ရင် စကားလေးတစ်ခွန်းလောက်ပဲပြောပါလား” ဆိုတာနဲ့ အကို့မျက်လုံးထဲမှာ မျက်ရည်တွေဝဲလာတယ်။ သူ့ခမျာ စကားပြောချင်ပေမဲ့ စကားလုံးတွေမထွက်ဘဲ လည်ချောင်းသံတွေပဲ ထွက်လာတယ်။ ငိုအောင်လုပ်မိလို့ အဖေ စိတ်ထိခိုက်သွားတယ်။ အဲဒီအချိန်ကျမှ အဖေပြောတာကို အကိုဂျိုင်ရို နားလည်မှန်း သိလိုက်ရတယ်။ ခက်တာက သူ စကားမပြောနိုင်တာပဲ။

အကိုဟာ မျက်လုံးကစားပြီး သူ့ရဲ့အတွေးတွေ၊ ခံစားချက်တွေကိုဖော်ပြနေမှန်း အဖေနဲ့အမေ မကြာခင်မှာ သတိထားမိခဲ့ကြတယ်။ ဒါပေမဲ့ သူ့မျက်လုံးနဲ့ ပြောပြနေတာကို တခြားသူတွေ သဘောမပေါက်တဲ့အခါ အလိုမကျ ဖြစ်သွားရှာတယ်။ နောက်ပိုင်းမှာ မျက်လုံးအချက်ပြတာကို မိဘတွေက နားလည်သွားပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးတော့ အကိုရဲ့မျက်နှာပြုံးဖြဲဖြဲ ဖြစ်သွားတယ်။ ဒါက ကျေးဇူးပဲလို့ ပြောနေတာ ဖြစ်တယ်။

စကားပြောကုထုံးပညာရှင်တစ်ယောက်က ပိုကောင်းတဲ့ ဆက်သွယ်နည်းသစ်တစ်ခု ပြောပြတယ်။ အကို့ကို ဟုတ်၊ မဟုတ် မေးချင်ရင် လက်နှစ်ဖက် ထောင်ပြရမှာဖြစ်တယ်။ ဟုတ်တယ်ဆိုရင် ညာလက်ကြည့်၊ မဟုတ်ဘူးဆိုရင် ဘယ်လက်ကြည့်ရမှာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ အကိုက လက်တစ်ဖက်ဖက်ကိုကြည့်ပြီး သူ့ဆန္ဒကို ဖော်ပြနိုင်တယ်။

အကိုဂျိုင်ရိုအတွက် အရေးပါတဲ့ ဘဝသမိုင်းမှတ်တိုင်

ယေဟောဝါသက်သေတွေဟာ တစ်နှစ်သုံးကြိမ် စည်းဝေးပွဲတွေ ကျင်းပလေ့ရှိပြီး ကျမ်းစာဟောပြောချက်တွေ တင်ဆက်ကြတယ်။ အကိုဟာ နှစ်ခြင်းခံမယ့်သူတွေအတွက် ရည်ရွယ်ပြီးပေးတဲ့ ဟောပြောချက်ကို ကြားတိုင်း စိတ်လှုပ်ရှားခဲ့တယ်။ အကို့ အသက် ၁၆ နှစ်မှာ အဖေက “သား နှစ်ခြင်းခံချင်လား” လို့ မေးလိုက်တော့ ချက်ချင်းပဲ အဖေရဲ့ညာလက်ကို ကြည့်ပြီး သူ့ဆန္ဒကို ပြတ်ပြတ်သားသား ဖော်ပြတယ်။ ဒါနဲ့ အဖေက “ဘုရားကို ဆုတောင်းပြီး တစ်သက်လုံး ကိုးကွယ်မယ်လို့ ကတိပေးပြီးပြီလား” လို့ မေးပြန်တော့ အဖေရဲ့ညာလက်ကို တည့်တည့်ကြည့်တယ်။ ဒါက ယေဟောဝါဘုရားကို သူ့ဘဝတစ်ခုလုံး ပေးဆက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ သေချာပါတယ်။

ကျမ်းစာအကြောင်း အကြိမ်ကြိမ် ဆွေးနွေးပြီးတဲ့နောက် ခရစ်ယာန်နှစ်ခြင်းအဓိပ္ပာယ်ကို အကို တကယ်နားလည်တယ်ဆိုတာ သိရတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်မှာ သူ့ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ “ဘုရားအလိုတော်ဆောင်ဖို့ သင့်ကိုယ်ကို ကိုယ်တော်ဆီ အပ်နှံပြီးပြီလား” ဆိုတဲ့ မေးခွန်းကို ဟုတ်ကဲ့လို့ဖြေဆိုဖို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း မျက်လုံးလှန်ကြည့်ပြီး ဖြေဆိုလိုက်တယ်။ အကို့အသက် ၁၇ နှစ်မှာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာတယ်။

အကိုရဲ့မျက်လုံးဟာ ဘုရားအမှုတော်မှာပဲ အာရုံစိုက်

၂၀၁၁ ခုနှစ်မှာ မျက်လုံးနဲ့ ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာပေါ်လာတယ်။ ဒါက လူတွေနဲ့ အကိုဂျိုင်ရို ဆက်သွယ်ပြောဆိုနိုင်တဲ့ နည်းသစ်တစ်ခုပဲ။ အကိုရဲ့မျက်လုံးတွေကို ကစားပြီး ကွန်ပျူတာဖန်သားပြင်မှာရှိတဲ့ အိုင်ကွန် [icons] တွေကို ဖွင့်ပိတ်နိုင်တယ်။ ဒါက မောက်စ် [mouse] သုံးပြီး အိုင်ကွန်တွေကို ဖွင့်တာနဲ့ တူတယ်။ လူတွေနဲ့ အကိုဆက်သွယ်နိုင်ဖို့ ပစ်ထရိုဂရမ် [pictograms] ခေါ် ရုပ်ပုံနဲ့စာသားတွေပါတဲ့ ပရိုဂရမ်ကို ကွန်ပျူတာမှာ ထည့်သွင်းထားတယ်။ ပစ်ထရိုဂရမ်ထဲက ရုပ်ပုံတစ်ခုခုကို ကြည့်ပြီး မျက်တောင်ခတ်လိုက်တာနဲ့ ကွန်ပျူတာဆော့ဖ်ဝဲက စာသားကနေ အသံအဖြစ် ပြောင်းပေးတယ်။

အကိုဟာ ကျမ်းစာအသိပညာ တိုးလာတာနဲ့ တခြားသူတွေကို သူသိတဲ့အကြောင်းတွေ ပြောပြချင်စိတ် များလာတယ်။ ကျွန်တော်တို့ ပတ်စဉ်ကျင်းပတဲ့ မိသားစုဝတ်ပြုမှုမှာ အကိုဟာ ကွန်ပျူတာကိုကြည့်လိုက်၊ ကျွန်တော့်ကိုကြည့်လိုက်နဲ့ အလုပ်များနေတတ်တယ်။ ဒါက အသင်းတော်စည်းဝေးမှာ ပြုလုပ်တဲ့ အမေးအဖြေအပိုင်းမှာ အကိုပေးချင်တဲ့ မှတ်ချက်တွေကို ချရေးပေးဖို့ ကျွန်တော့်ကို ခိုင်းနေတာ။

ဂျိုင်ရိုဟာ မျက်လုံးနဲ့ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာရဲ့အသံကနေ စည်းဝေးတွေမှာ မှတ်ချက်တွေပေးပြီး သူ့ရဲ့ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှနေ

စည်းဝေးမှာ သူ ပေးချင်တဲ့အဖြေနဲ့ ကိုက်တဲ့အိုင်ကွန်ကို စိတ်ရှည်ရှည်ရှာပြီး မျက်တောင်ခတ်လိုက်တော့ အကိုရဲ့မှတ်ချက်ကို လူတိုင်းကြားနိုင်တယ်။ ဒီလိုနည်းနဲ့ အားပေးစကားပြောရတိုင်း သူ ပြုံးရွှင်နေတာပဲ။ ဂျိုင်ရိုရဲ့ ငယ်သူငယ်ချင်း အဲလက်စ်က ဒီလိုပြောတယ်– “ဂျိုင်ရိုပေးတဲ့ ကျမ်းစာမှတ်ချက်တွေက ကျွန်တော့်ကို အံအားသင့်စေတယ်။”

အကိုဟာ မျက်လုံးကို အသုံးပြုပြီး တခြားသူတွေကို သူ့ယုံကြည်ချက်တွေ ပြောပြတယ်။ တစ်နည်းက ပစ်ထရိုဂရမ်မှာပါတဲ့ သာယာလှပတဲ့ဥယျာဉ်ပုံကို မျက်တောင်ခတ် ဖွင့်ပြတယ်။ အဲဒီအခါ “ဗျာဒိတ် ၂၁:၄ ပါ ကျမ်းစာမျှော်လင့်ချက်ဖြစ်တဲ့ ကမ္ဘာမြေဟာ သာယာလှပတဲ့ဥယျာဉ်ဖြစ်လာပြီး ဖျားနာမှုနဲ့ သေခြင်းရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့အသံ ထွက်လာတယ်။ နားထောင်တဲ့သူက စိတ်ဝင်စားရင် တခြားအိုင်ကွန်တစ်ခုကို ဖွင့်လိုက်တယ်။ အဲဒီအခါ “ကျွန်တော်နဲ့အတူ ကျမ်းစာလေ့လာချင်ပါသလား” ဆိုတဲ့ မေးခွန်း ကြားရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့အဘိုး ကျမ်းစာသင်ဖြစ်တယ်။ အကိုဂျိုင်ရိုဟာ တခြားတစ်ယောက်ရဲ့ အကူအညီနဲ့ အဘိုးကို ဖြည်းဖြည်းချင်း ကျမ်းစာသင်ပေးလိုက်လို့ ၂၀၁၄၊ သြဂုတ်လမှာ မက်ဒရစ်မြို့မှာကျင်းပတဲ့ ခရိုင်စည်းဝေးမှာ အဘိုး နှစ်ခြင်းခံခဲ့တယ်။ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ဝမ်းသာစရာလည်းကောင်းတယ်။

အကိုဂျိုင်ရိုရဲ့ ဘုရားကိုချစ်တဲ့စိတ်ကို သူ့ကျောင်းက ဆရာမတွေ ကောင်းကောင်းသတိပြုမိတယ်။ သူ့ရဲ့စကားပြောကုထုံး ဆရာမ ရိုစာရီယိုက “ကျွန်မသာ ဘာသာတစ်ခုခု ကိုးကွယ်ဖြစ်မယ်ဆိုရင် ယေဟောဝါသက်သေပဲ ဖြစ်မှာ။ ဂျိုင်ရိုရဲ့ ဘဝက ဒီလောက် ခက်ခဲနေတာတောင် သူ့ယုံကြည်ချက်က သူ့ဘဝကို အဓိပ္ပာယ်ရှိစေတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်” လို့ ပြောတယ်။

“ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအ,သောသူတို့သည် သီချင်းဆိုကြလိမ့်မည်” ဆိုတဲ့ ကျမ်းစာကတိကို ကျွန်တော်ဖတ်ပြတိုင်း အကိုရဲ့ မျက်လုံးတွေ အမြဲတောက်ပနေတယ်။ (ဟေရှာယ ၃၅:၆) အကိုဟာ စိတ်ဓာတ်ကျတဲ့အခါတွေရှိပေမဲ့ ပုံမှန်အားဖြင့် အကောင်းမြင်သဘောထား ရှိပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဘဝမှာ ဘုရားကိုပဲ အဓိကအားကိုးပြီး ခရစ်ယာန်သူငယ်ချင်းတွေနဲ့ ပေါင်းသင်းလို့ပဲ။ အခက်အခဲကြားကနေ ယေဟောဝါဘုရားရဲ့ အမှုဆောင်မယ်ဆိုရင် အသက်ရှင်ရကျိုးနပ်မှန်း အကိုရဲ့အကောင်းမြင်သဘောထားနဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းက သက်သေထူနေပါတယ်။

^ စာပိုဒ်၊ 5 ဦးနှောက်ကြီးသွက်ချာပါဒရောဂါဆိုတာ လှုပ်ရှားသွားလာနိုင်စွမ်းကို မထိန်းချုပ်နိုင်တဲ့အထိ ဦးနှောက်ပျက်စီးနေတာ ဖြစ်တယ်။ အဲဒီရောဂါကြောင့် တက်တာ၊ အစားအသောက်မူမမှန်တာ၊ အပြောစွမ်းရည်ချို့ယွင်းတာတွေ ဖြစ်တတ်တယ်။ အဖြစ်အများဆုံး ခြေလက်အကြောသေရောဂါကြောင့် ခြေလက်တွေ လှုပ်ရှားဖို့ခက်တာ၊ လည်ပင်းမခိုင်ဘဲ တွဲလွဲကျနေတာမျိုး ဖြစ်နိုင်ပါတယ်။