မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလား

သင်သိပါသလား

ရောမနိုင်ငံသားအခွင့်အရေးက တမန်တော်ပေါလုအတွက် ဘယ်လိုအကျိုးရှိခဲ့သလဲ

“ကဲသာထံ အယူခံဝင်ပါမည်” လို့ ပေါလု ကြေညာခဲ့

လူတစ်ဦးဟာ ရောမနိုင်ငံသားဖြစ်ရင် ရောမအင်ပါယာတစ်ခွင် ဘယ်နေရာပဲသွားသွား ရပိုင်ခွင့်တွေနဲ့ အခွင့်ထူးတွေရှိပါတယ်။ ရောမနိုင်ငံသားတစ်ဦးက ပြည်နယ်ဥပဒေလက်အောက်မှာမဟုတ်ဘဲ ရောမဥပဒေလက်အောက်မှာ ရှိတယ်။ စွဲချက်တင်ခံရတဲ့အခါ ပြည်နယ်ဥပဒေအတိုင်း စစ်ဆေးခံဖို့ သူ သဘောတူနိုင်ပေမဲ့ ရောမတရားရုံးအထိတက်ပြီး ကြားနာစစ်ဆေးခံပိုင်ခွင့် ရှိတယ်။ သေဒဏ်ပေးတဲ့အမှုဆိုရင် ရောမဧကရာဇ်ဆီကိုတောင် အယူခံဝင်ခွင့်ရှိပါတယ်။

အဲဒီရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဘီစီ ပထမရာစု ရောမနိုင်ငံရေးသမား စစ္စရိုက အခုလိုဖော်ပြခဲ့တယ်– “ရောမနိုင်ငံသားတစ်ဦးကို ချုပ်နှောင်တာက ပြစ်ဒဏ်တစ်ခု၊ ကြာပွတ်နဲ့ရိုက်တာက ရက်စက်ယုတ်မာမှုတစ်ခု ဖြစ်တယ်။ သူ့ကို သေဒဏ်ပေးတာက မိဘ၊ ဆွေမျိုးသားချင်းတွေကို သတ်သလိုပဲ။”

ရောမအင်ပါယာအနှံ့ တမန်တော်ပေါလု ကျမ်းစာအကြောင်း ဟောပြောခဲ့တုန်းက ရောမနိုင်ငံသားအခွင့်အရေးကို အသုံးပြုခဲ့တဲ့မှတ်တမ်း ၃ ခုရှိပါတယ်– (၁) သူ့ကို ရိုက်နှက်တဲ့အတွက် ဥပဒေချိုးဖောက်နေပြီလို့ ဖိလိပ္ပိလူမျိုး တရားသူကြီးတွေကို အသိပေးခဲ့တယ်။ (၂) ဂျေရုဆလင်မြို့မှာ ကြိမ်ဒဏ်ပေးတာမခံရဖို့ ရောမနိုင်ငံသားအခွင့်အရေးကို ဖော်ပြခဲ့တယ်။ (၃) သူ့အမှုကို ရောမဧကရာဇ်ကိုယ်တိုင် ကြားနာစစ်ဆေးနိုင်ဖို့ အယူခံဝင်ခဲ့တယ်။—တမန်တော် ၁၆:၃၇-၃၉; ၂၂:၂၅-၂၈; ၂၅:၁၀-၁၂

ကျမ်းစာခေတ်က သိုးထိန်းတွေကို ဘယ်လို အဖိုးအခပေးကြသလဲ

ဘီစီ ၂၀၅၀ ခန့်က သိုးဆိတ်တွေ ဝယ်ယူတဲ့ ကျူနီဖောင်းစာချုပ်

ယာကုပ်ဟာ နှစ်ပေါင်း ၂၀ လောက် သူ့ဦးလေး လာဗန်ရဲ့သိုးအုပ်ကို ထိန်းကျောင်းပေးခဲ့တယ်။ ပထမ ၁၄ နှစ်က လာဗန်ရဲ့သမီး ၂ ယောက်ရဖို့ သိုးတွေကို ထိန်းကျောင်းပေးခဲ့တယ်။ ကျန်တဲ့ ၆ နှစ်အတွက် အဖိုးအခက သိုးတွေဆိတ်တွေ ဖြစ်တယ်။ (ကမ္ဘာဦး ၃၀:၂၅-၃၃) “လာဗန်နဲ့ ယာကုပ်တို့ချုပ်ဆိုခဲ့တဲ့ သိုးထိန်းခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်လိုမျိုး စာချုပ်တွေကို ရှေးခေတ်ကျမ်းရေးသူတွေနဲ့ ဖတ်သူတွေ ရင်းနှီးကျွမ်းဝင်မှုရှိပြီးသား” လို့ [Biblical Archaeology Review] မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။

အဲဒီလိုသဘောတူညီချက်တွေပါတဲ့ ရှေးခေတ်စာချုပ်တွေကို အခုခေတ် အီရတ်နိုင်ငံ နူဇီဒေသ၊ လာဇာမြို့နဲ့ တခြားနေရာတွေမှာ တူးဖော်တွေ့ရှိခဲ့ကြတယ်။ စာချုပ်တစ်ခုက ဒီနှစ်သိုးမွေးညှပ်ချိန်ကနေ နောက်နှစ်သိုးမွေးညှပ်ချိန်အထိ အကျုံးဝင်တယ်။ အသက်အရွယ်၊ အထီးအမအလိုက် သတ်မှတ်ထားတဲ့ သိုးကောင်ရေအတိုင်း သိုးထိန်းက တာဝန်ယူ ထိန်းကျောင်းပေးရတယ်။ နှစ်ကုန်တာနဲ့ သဘောတူညီချက်အတိုင်း သိုးမွေး၊ နို့ထွက်ပစ္စည်း၊ သိုးသားပေါက် အစရှိတာတွေကို ပိုင်ရှင်က ရတယ်။ သဘောတူညီချက်ထက် ပိုတာတွေကိုတော့ သိုးထိန်းက ရရှိတယ်။

သိုးထိန်းဆီ အပ်နှင်းထားတဲ့ သိုးမအရေအတွက်အတိုင်း သိုးကောင်ရေ တိုးလာမှာဖြစ်တယ်။ သိုးမအကောင် ၁၀၀ က သိုးသားပေါက်အရှင် ၈၀ လောက် မွေးနိုင်တယ်။ သိုးကောင်ရေ မပြည့်တာ၊ ပျောက်တာတွေကို သိုးထိန်းက လျော်ပေးရတယ်။ ဒါကြောင့် သိုးထိန်းက ထိန်းကျောင်းပေးရတဲ့ သိုးတွေကို သေသေချာချာ ဂရုစိုက်ပေးရမှာဖြစ်တယ်။