မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောသပ်

“ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့”

“ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့”

ယောသပ်ခမျာ အရှေ့ဘက်ဆီကို တမ်းတမ်းတတ လှမ်းကြည့်ရင်း ကုလားအုတ်ယာဉ်တန်းကြားကနေ ထွက်ပြေးချင်စိတ် ပေါက်လာပါတယ်။ ဒီတောင်ကုန်းတွေရဲ့ တစ်ဖက်က သိပ်မဝေးတဲ့ ဟေဗြုန်မြို့မှာ သူ့ရဲ့အဖေအိမ်ရှိတယ်။ အဖေယာကုပ်က ညနေခင်းမှာ အနားယူဖို့ ပြင်ဆင်နေလောက်ပြီ။ အချစ်ဆုံးသားလေး ဘာဖြစ်သွားသလဲဆိုတာ သူ့ခမျာ ဘာမှမသိရှာတော့ဘူး။ အခု အဖေ့အနားမှာ ယောသပ် မရှိတော့ဘူး။ ချစ်ရတဲ့ သက်ကြီးရွယ်အို အဖေကို တွေ့ရတော့မှာ မဟုတ်ဘူးလို့ ယောသပ် ထင်နေတယ်။ ကုန်သည်တွေက တောင်ဘက်ကိုဦးတည်သွားနေတဲ့ လမ်းပေါ်မှာ ကုလားအုတ်တွေကို ဆွဲခေါ်သွားရင်း ယောသပ်ကို မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ ယောသပ်ကို သူတို့ ပိုင်ဆိုင်သွားပြီဖြစ်လို့ အပျောက်ခံတော့မှာ မဟုတ်ဘူး။ သူတို့အတွက် ဒီလူငယ်လေးယောသပ်ဟာ မွှေးကြိုင်တဲ့ သစ်စေးနဲ့ဆီမွှေးလို အဖိုးတန်ပစ္စည်းလေးပါ။ ဟိုးအဝေးက အီဂျစ်ပြည်မှာ ဒီကောင်လေးကို သွားရောင်းမယ်ဆိုရင် အမြတ်အစွန်း မြိုးမြိုးမြတ်မြတ် ရနိုင်တယ်။

ယောသပ်လေးရဲ့ အသက်ဟာ ၁၇ နှစ်လောက်ပဲ ရှိနိုင်တယ်။ ရုတ်တရက် ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားတဲ့ဘဝကို နားလည်ဖို့ကြိုးစားရင်း မြေထဲပင်လယ်မိုးကုပ်စက်ဝိုင်းထဲ နေဝင်သွားတာကို မျက်မှောင်ကြုတ်ကြည့်နေတဲ့ ယောသပ်လေးကို မြင်ယောင်ကြည့်ပါ။ အစ်ကိုရင်းချာတွေက ယောသပ်ကို သတ်ဖို့အထိ ကြိုးစားတာ၊ နောက်ဆုံး ကျွန်အဖြစ် ရောင်းစားလိုက်တာဟာ မယုံနိုင်စရာပါပဲ။ ယောသပ်လေးခမျာ မျက်ရည်တွေ မထိန်းနိုင်လောက်အောင် စီးကျလာမှာ သေချာတယ်။ ရှေ့မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူမသိရှာဘူး။

ယောသပ်မှာ လွတ်လပ်မှု ဆုံးၡုံးသွားပေမဲ့ ယုံကြည်ခြင်းကို ပိုင်ဆိုင်ထား

ဒီအဖြစ်ဆိုးကြီးကို ယောသပ် ဘယ်လိုဖြစ်ပြီး ကြုံခဲ့ရတာလဲ။ မိသားစုရင်းချာတွေရဲ့ နှိပ်စက်မှုကို ခံရပြီး ရောင်းစားခံလိုက်ရတဲ့ လူငယ်လေး ယောသပ်ရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ယူနိုင်သလဲ။

ပြဿနာများတဲ့ မိသားစုနောက်ခံ

ယောသပ်ဟာ ပျော်ရွှင်မှုမရှိ၊ စည်းလုံးမှုမရှိတဲ့ မိသားစုကြီးကနေ ကြီးပြင်းလာတယ်။ ယာကုပ်ရဲ့ မိသားစုအကြောင်း ကျမ်းစာမှာ ဖော်ပြထားချက်အရ မယားအများယူတဲ့စနစ်ဟာ မကောင်းဘူးဆိုတာ သိသာထင်ရှားစေတယ်။ ဘုရားရဲ့လူမျိုးအလယ်မှာ မယားအများယူတဲ့စနစ်ကို လက်ခံလာခဲ့တာကြာပြီ။ ဘုရားက အဲဒီစနစ်ကို မကြိုက်ပေမဲ့ ခွင့်ပြုပေးခဲ့တယ်။ ယေရှု မြေကြီးပေါ်ရောက်လာပြီး ဘုရားရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ တစ်လင်တစ်မယားစနစ်ကို ပြန်လည်အကောင်အထည်ဖော်တဲ့ အချိန်ထိပါပဲ။ (မဿဲ ၁၉:၄-၆) ယာကုပ်ဟာ ဇနီးနှစ်ဦးဖြစ်တဲ့ လေအာ၊ ရာခေလအပြင် သူတို့ရဲ့ ကျွန်နှစ်ယောက်ဖြစ်တဲ့ ဇိလပ၊ ဗိလဟာတို့နဲ့ အနည်းဆုံး ကလေး ၁၄ ယောက် ရခဲ့ပါတယ်။ ရုပ်ရည်လှပတဲ့ ရာခေလကို ယာကုပ် ချစ်ကြိုက်ခဲ့ပေမဲ့ ရာခေလရဲ့အစ်မ လေအာကို မချစ်ဘဲနဲ့ လှည့်စားခံရပြီး လက်ထပ်လိုက်ရတယ်။ လေအာနဲ့ရာခေလတို့ရဲ့ မုန်းတီးမှုတွေ၊ ပြိုင်ဆိုင်မှုတွေဟာ ကလေးတွေအပေါ် ကူးစက်ကုန်တယ်။ ဒီလိုနဲ့ ကလေးတွေအချင်းချင်း မနာလိုဝန်တိုလာကြတယ်။—ကမ္ဘာဦး ၂၉:၁၆-၃၅; ၃၀:၁၊ ၈၊ ၁၉၊ ၂၀; ၃၇:၃၅

ရာခေလဟာ နှစ်အတော်ကြာ ကလေးမရဘဲ မြုံနေတယ်။ တော်တော်ကြာမှ ယောသပ်လေးကို မွေးလာတယ်။ အဲဒီအခါ ယာကုပ်ဟာ အသက်ကြီးမှ ရလာတဲ့ ဒီသားလေးကို တခြားသားတွေထက် ပိုချစ်ခဲ့တယ်။ ဥပမာ၊ ယာကုပ်ကို သတ်ဖို့ကြံစည်ခဲ့ဖူးတဲ့ အစ်ကိုဖြစ်သူ ဧသောနဲ့သွားတွေ့တဲ့ လမ်းပေါ်မှာ ရာခေလနဲ့ ယောသပ်လေးကို မိသားစုကြီးရဲ့ အနောက်ဘက် အလုံခြုံဆုံးနေရာမှာ ထားပေးခဲ့တယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဲဒီနေ့ကို ယောသပ် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ အဲဒီမနက်မှာလည်း အသက်ကြီးပေမဲ့ သန်သန်မာမာ ရှိနေသေးတဲ့ အဖေက ဘာဖြစ်လို့ ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေတာလဲလို့ မျက်လုံးအဝိုင်းသားလေးနဲ့ အံ့သြနေတဲ့ ယောသပ်လေးကို မြင်ယောင်ကြည့်ပါ။ အကြောင်းရင်းကို ယောသပ်သိသွားတဲ့အခါ ပိုလို့တောင် အံ့သြသွားသေးတယ်။ အဖေက ကောင်းကင်တမန်နဲ့ တစ်ညလုံး နပန်းလုံးခဲ့တာကိုး။ ဘာဖြစ်လို့ပါလိမ့်။ ယေဟောဝါဘုရားဆီကနေ ယာကုပ် ကောင်းချီးလိုချင်ခဲ့လို့ပဲ။ ယာကုပ်ရလိုက်တဲ့ ကောင်းချီးကတော့ သူ့ရဲ့နာမည်ဟာ အစ္စရေးဆိုပြီး ပြောင်းသွားတယ်။ နောက်ပိုင်းမှာ အဲဒီနာမည်နဲ့ လူမျိုးတစ်မျိုးဖြစ်ပေါ်လာမယ်။ (ကမ္ဘာဦး ၃၂:၂၂-၃၁) တစ်နေ့မှာ ယာကုပ်ရဲ့သားတွေကနေ အစ္စရေးအနွယ်တွေ ဆင်းသက်လာမယ်ဆိုတာ ယောသပ် သိလိုက်ရတယ်။

ငယ်ရွယ်တဲ့ယောသပ်လေးခမျာ ချစ်ရတဲ့အမေ ဆုံးပါးသွားတဲ့အဖြစ်ဆိုးကို ကြုံတွေ့လိုက်ရတယ်။ ချစ်ရတဲ့အမေဟာ ညီလေးဗင်ယာမိန်ကို မွေးနေရင်း ဆုံးပါးသွားရှာတယ်။ သူ့အဖေလည်း ချစ်ဇနီး ဆုံးပါးသွားတဲ့အတွက် အရမ်းဝမ်းနည်းကြေကွဲနေတယ်။ ငိုနေတဲ့ ယောသပ်ကို ကြင်ကြင်နာနာနဲ့ မျက်ရည်သုတ်ပေးနေတဲ့ ယာကုပ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အဖိုးအာဗြဟံကို စိတ်သက်သာရာရစေခဲ့တဲ့ မျှော်လင့်ချက်အကြောင်း ဝမ်းနည်းနေတဲ့ ယောသပ်ကို သူပြောပြနေတယ်။ တစ်နေ့ကျရင် ယေဟောဝါဘုရားက ချစ်ရတဲ့အမေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးမယ်ဆိုတာ သိလိုက်ရလို့ ယောသပ် ဘယ်လောက်တောင် စိတ်သက်သာရာရသွားမလဲ။ ဒါကြောင့် “အသက်ရှင်သောသူတို့၏ ဘုရား” ကို ယောသပ် ချစ်သည်ထက်ချစ်လာတာ ဖြစ်နိုင်တယ်။ (လုကာ ၂၀:၃၈; ဟေဗြဲ ၁၁:၁၇-၁၉) ယာကုပ်ဟာ ချစ်ဇနီးရာခေလ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ အမိမဲ့ သားလေးနှစ်ယောက်ကို သနားပြီး အချစ်ပိုခဲ့တယ်။—ကမ္ဘာဦး ၃၅:၁၈-၂၀; ၃၇:၃; ၄၄:၂၇-၂၉

အချစ်ပိုခံရပြီး အလိုလိုက်ခံရတဲ့ ကလေးတော်တော်များများဟာ အကျင့်ပျက်ပြီး ဆိုးသွားနိုင်တယ်။ ဒါပေမဲ့ ယောသပ်ကျတော့ မိဘတွေရဲ့ အရည်အသွေးကောင်းတွေကို သင်ယူခဲ့တယ်။ အဲဒီအတွက် ယုံကြည်ခြင်းမှာ ပိုခိုင်ခံ့လာတဲ့အပြင် အမှားအမှန်ကိုလည်း ကောင်းကောင်း ခွဲခြားသိမြင်လာတယ်။ ယောသပ် အသက် ၁၇ နှစ်ရောက်တဲ့အခါ သိုးထိန်းအလုပ်ကိုလုပ်ပြီး အစ်ကိုတွေကို ကူညီပေးခဲ့တယ်။ အဲဒီအချိန်မှာ အစ်ကိုတွေရဲ့ အပြစ်တွေကို သူသတိပြုမိသွားတယ်။ အစ်ကိုတွေ စိတ်ဆိုးမှာကို စိုးရိမ်လို့ အဲဒီအပြစ်တွေကို မပြောဘဲ တိတ်တိတ်လေးနေခဲ့သလား။ အဲဒီလိုစိတ်ကူး ပေါ်လာနိုင်ပေမဲ့ မှန်ရာကို သူ လုပ်ခဲ့တယ်။ အဖေ့ကို အစ်ကိုတွေရဲ့ လုပ်ရပ်တွေ ပြောပြလိုက်တယ်။ (ကမ္ဘာဦး ၃၇:၂) ချစ်ရတဲ့သားရဲ့ သတ္တိရှိတဲ့လုပ်ရပ်ကို မြင်တွေ့တဲ့အခါ ယာကုပ် ပိုပြီး အထင်ကြီးလေးစားသွားတာ ဖြစ်နိုင်တယ်။ ခရစ်ယာန်လူငယ်တွေလည်း ယောသပ်ရဲ့ စံနမူနာကောင်းကို တွေးတောဆင်ခြင်သင့်တယ် မဟုတ်လား။ မိသားစုရင်းချာ ဒါမှမဟုတ် သူငယ်ချင်းစတဲ့ တခြားသူတွေရဲ့ ကြီးလေးတဲ့အပြစ်ကို သိထားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီအခါ ယောသပ်ကို အတုယူပြီး အမှားလုပ်တဲ့သူကို ကူညီပေးနိုင်တဲ့သူတွေဆီ သွားပြောပြတာက ပညာရှိရာရောက်ပါတယ်။—ဝတ်ပြုရာ ၅:၁

ဒါ့အပြင် ယောသပ်ရဲ့မိသားစုဆီကနေလည်း သင်ခန်းစာယူနိုင်တယ်။ ဒီနေ့ခေတ် စစ်မှန်တဲ့ခရစ်ယာန်တွေဟာ မယားပြိုင်စနစ်ကို မကျင့်သုံးတော့ပေမဲ့ မိထွေးပထွေးနဲ့ မိထွေးပထွေးဘက်က ပါလာတဲ့ကလေးတွေ၊ မိတူဖကွဲ ဖတူမိကွဲ မောင်နှမတွေနဲ့ စုပေါင်းနေထိုင်ကြတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ မျက်နှာလိုက်မှုတွေက မိသားစုစည်းလုံးမှုကို ပြိုကွဲစေတယ်ဆိုတာ ယာကုပ်ရဲ့ မိသားစုကနေ သိရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေနဲ့ လင်ပါမယားပါ ကလေးတွေဟာ တန်းတူညီမျှ အချစ်ခံရပြီး သူတို့တစ်ဦးစီဟာ မတူညီတဲ့အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သဘောပေါက်အောင် ပညာရှိတဲ့မိဘတွေက အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးကြတယ်။ ဒါ့အပြင် မိသားစုပျော်ရွှင်ဖို့အတွက် တစ်ယောက်ချင်းစီက အရေးပါတယ်ဆိုတာကိုလည်း နားလည်အောင် ပြောပြကြတယ်။—ရောမ ၂:၁၁

မနာလိုဝန်တိုမှုတွေ အမြစ်စွဲသွား

ယာကုပ်က ယောသပ်ရဲ့ ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်မှုကြောင့် တခြားသားတွေထက် သူ့ကို ပိုချစ်ခဲ့

ယာကုပ်က သားလေးယောသပ်အတွက် လှပတဲ့ဝတ်ရုံရှည်တစ်ထည်ကို ချုပ်ပေးခဲ့တယ်။ မှန်ရာကိုလုပ်ဖို့ ယောသပ်ရဲ့သတ္တိရှိမှုကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုချတာဖြစ်နိုင်တယ်။ (ကမ္ဘာဦး ၃၇:၃) အဲဒီဝတ်ရုံက ရောင်စုံအစင်းကြားတွေရှိတဲ့ ဝတ်ရုံလို့ တချို့ ဆိုကြပေမဲ့ အထောက်အထားတော့ မရှိပါဘူး။ လက်ကောက်ဝတ်အထိ၊ ခြေမျက်စိအထိ ရှည်လျားပြီး လှပထင်ရှားတဲ့ဝတ်ရုံဖြစ်နိုင်တယ်။ အဲဒီဝတ်ရုံမျိုးကို မှူးမတ်နဲ့မင်းညီမင်းသားတွေပဲ ဝတ်နိုင်ကြတာပါ။

ယာကုပ်က ယောသပ်ကို ချစ်လွန်းလို့ အဲဒီဝတ်ရုံကို ဝတ်ပေးခဲ့တာ သေချာပါတယ်။ ယောသပ်ကလည်း အဖေရဲ့အရေးပေးမှုနဲ့ ချစ်ခင်မှုရဲ့ အထိမ်းအမှတ်အနေနဲ့ ဒီဝတ်ရုံကို ဝတ်ရတာ သဘောကျခဲ့မှာပဲ။ ဒါပေမဲ့ အဲဒီဝတ်ရုံကြောင့်ပဲ သူ ဒုက္ခအကြီးအကျယ်ရောက်တော့တယ်။ ယောသပ်က သိုးထိန်းမဟုတ်လား။ အဲဒီအလုပ်က အရိပ်အာဝါသအောက်မှာ အေးအေးဆေးဆေး လုပ်ရတဲ့အလုပ် မဟုတ်ဘူး။ လှပတဲ့ဝတ်ရုံ ဝတ်ထားတဲ့လူငယ်လေးက မြက်တောထဲမှာ ခြေကျင်လျှောက်နေတာ၊ တောင်ကုန်းတွေပေါ်တက်နေတာ၊ ချုံပုတ်ထဲမှာ ငြိနေတဲ့သိုးကို ဆွဲထုတ်ပေးနေတာ မြင်ယောင်ကြည့်လိုက်ပါ။ ဒီထက်ဆိုးတာကတော့ အဲဒီဝတ်ရုံကြောင့် အစ်ကိုတွေက သူ့ကို စကားကောင်းကောင်း မပြောနိုင်ကြတော့ဘူး။

ကျမ်းစာကခုလိုဆိုတယ်– “အဘသည် မိမိသားအပေါင်းတို့တွင် ယောသပ်ကို သာ၍ချစ်ကြောင်းကို အစ်ကိုတို့သည် သိမြင်သောအခါ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြောနိုင်ကြ။” * (ကမ္ဘာဦး ၃၇:၄) ယောသပ်ရဲ့ အစ်ကိုတွေ မနာလိုဝန်တိုဖြစ်လာတာကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ဓာတ်ကို မဖျောက်ဘဲ အငြိုးသိုထားခဲ့တာက တကယ့်ကို ပညာမဲ့ရာရောက်ပါတယ်။ (သုတ္တံ ၁၄:၃၀; ၂၇:၄) သင်ဟာ ကိုယ်လိုချင်တဲ့ ဂရုစိုက်မှု ဒါမှမဟုတ် ချီးမွမ်းမှုကို တခြားသူတစ်ယောက် ရသွားတဲ့အခါ မနာလိုဝန်တိုစိတ်တွေ ဖြစ်ပေါ်လာဖူးသလား။ ဒါဆိုရင် ယောသပ်ရဲ့ အစ်ကိုတွေကို သတိရလိုက်ပါ။ မနာလိုဝန်တိုမှုတွေကြောင့် ကြီးလေးတဲ့အပြစ်တွေကို သူတို့ ပြုလုပ်မိပြီး နောက်ပိုင်းမှာ အကြီးအကျယ် နောင်တရခဲ့ကြတယ်။ သူတို့ရဲ့အဖြစ်က “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်” တာဟာ ပညာရှိရာရောက်တယ်လို့ ကျွန်ုပ်တို့ကို သတိပေးလိုက်တာပဲ။—ရောမ ၁၂:၁၅

အစ်ကိုတွေ ရန်ငြိုးသိုထားတာကို ယောသပ်ရိပ်မိမှာ သေချာတယ်။ ဒါကြောင့် အစ်ကိုတွေဆီသွားတဲ့အခါ သူ့ရဲ့လှပတဲ့ဝတ်ရုံကို ချွတ်ထားခဲ့သလား။ ချွတ်ထားချင်တဲ့စိတ် ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ယာကုပ်က အရေးပေးပြီး ချစ်တယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ယောသပ်ကို ဝတ်စေချင်တယ် မဟုတ်လား။ ယောသပ်ကလည်း အဖေရဲ့ ယုံကြည်စိတ်ချမှုနဲ့အညီ နေချင်တယ်။ ဒါကြောင့် ဒီဝတ်ရုံကို ယောသပ် အမြဲဝတ်ထားတာ။ သူ့ရဲ့စံနမူနာကနေ ကျွန်ုပ်တို့ သင်ယူစရာရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါဘုရားက မျက်နှာလိုက်မှုမရှိပေမဲ့ တစ်ခါတလေ သူ့ကို ဝတ်ပြုကိုးကွယ်သူတွေထဲက တချို့ကို ရွေးချယ်ပြီး အထူးအရေးပေးဆက်ဆံတာတွေ ရှိပါတယ်။ အကျင့်ပျက်တဲ့ ဒီလောကကြီးကနေ သီးခြားနေဖို့လည်း ဝတ်ပြုကိုးကွယ်သူအားလုံးကို တောင်းဆိုထားပါတယ်။ ယောသပ်ရဲ့ လှပတဲ့ဝတ်ရုံလိုပဲ ခရစ်ယာန်စစ်တွေရဲ့ အကျင့်အကြံတွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိသူတွေနဲ့ လုံးဝမတူဘူးဆိုတာ သိသာပေါ်လွင်စေတယ်။ တစ်ခါတလေ သူတို့အမူအကျင့်ကြောင့် မနာလိုမုန်းတီးခံရတာတွေလည်း ရှိတယ်။ (၁ ပေတရု ၄:၄) အဲဒီအခါ ယေဟောဝါဘုရားကို ကိုးကွယ်သူတစ်ယောက်ဟာ ဘုရားကြိုက်တဲ့အမူအကျင့်တွေကို ဆက်မကျင့်ဘဲ နေသင့်သလား။ လှပတဲ့ ဝတ်ရုံကို ယောသပ်မဝှက်ထားခဲ့သလို ကျွန်ုပ်တို့လည်း ဘုရားရဲ့ကျေးကျွန်ဖြစ်တယ်ဆိုတာကို မဝှက်ထားသင့်ပါဘူး။—လုကာ ၁၁:၃၃

ယောသပ်ရဲ့ အိပ်မက်

သိပ်မကြာခင်မှာ ယောသပ်ဟာ ထူးဆန်းတဲ့အိပ်မက်နှစ်ခုကို မြင်မက်ခဲ့တယ်။ ပထမတစ်ခုမှာ ယောသပ်နဲ့ အစ်ကိုတွေက ကောက်လှိုင်းတွေ စည်းနေကြတယ်။ အဲဒီနောက် မတ်မတ်ထောင်လာတဲ့ ယောသပ်ရဲ့ကောက်လှိုင်းကို အစ်ကိုတွေရဲ့ကောက်လှိုင်းတွေက ဝိုင်းလိုက်ပြီး ဦးညွှတ်ကြတယ်။ ဒုတိယတစ်ခုမှာ နေ၊ လ၊ ကြယ် ၁၁ လုံးက ယောသပ်ကို ဦးညွှတ်ကြတယ်။ (ကမ္ဘာဦး ၃၇:၆၊ ၇၊) ထူးဆန်းပြီး ထင်ထင်ရှားရှား မြင်တွေ့လိုက်ရတဲ့ အိပ်မက်နှစ်ခုနဲ့ ပတ်သက်ပြီး ယောသပ် ဘာလုပ်သင့်သလဲ။

အဲဒီအိပ်မက်တွေဟာ ယေဟောဝါဘုရားဆီက လာတာဖြစ်ပြီး ကြိုဟောချက်တွေဖြစ်တယ်။ ဘုရားက အိပ်မက်ထဲမှာပါတဲ့ အချက်တွေကို တခြားသူတွေကို ပြန်ပြောပြစေချင်တယ်။ ကြိုဟောတဲ့သူတွေဟာ ခေါင်းမာတဲ့လူမျိုးကို ကိုယ်တော်ရဲ့ သတင်းစကားနဲ့ တရားစီရင်ချက်တွေကို ပြောပြသလို ယောသပ်လည်း သူ့အိပ်မက်အကြောင်း ပြောပြရမှာဖြစ်တယ်။

ယောသပ်က အစ်ကိုတွေကို လိမ္မာပါးနပ်စွာနဲ့ “ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့” ဆိုပြီး ပြောပြလိုက်တယ်။ အစ်ကိုတွေက အိပ်မက်ရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်။ ဒါကြောင့် ဒီအိပ်မက်ကို သူတို့မကြိုက်ကြဘူး။ အဲဒီအခါ သူတို့က ယောသပ်ကို “သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လော” ဆိုပြီး ပြန်ပြောတယ်။ အစ်ကိုတွေက ယောသပ်ရဲ့ “အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏” လို့ ကျမ်းမှတ်တမ်းက ဆက်ဖော်ပြတယ်။ အစ်ကိုတွေနဲ့ အဖေကို ဒုတိယအိပ်မက်အကြောင်း ယောသပ်ပြောပြတဲ့အခါမှာ အစ်ကိုတွေက ပိုလို့တောင်မုန်းတီးလာကြတယ်။ “အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍ သူ့ကိုဆုံးမလေ၏” လို့ကျမ်းစာက ဆက်ပြောတယ်။ ဒါပေမဲ့ ယာကုပ်က အဲဒီအကြောင်းကို မေ့မထားဘဲ စဉ်းစားဆင်ခြင်နေတယ်။ ယေဟောဝါဘုရားက ယောသပ်နဲ့ ဆက်သွယ်နေတာများ ဖြစ်နိုင်မလား။—ကမ္ဘာဦး ၃၇:၆၊ ၈၊ ၁၀၊ ၁၁

လူအများမကြိုက်တဲ့ ကြိုဟောချက်တွေကို ပြောပြလို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ သူတွေထဲမှာ ယောသပ်က ပထမဆုံးလူမဟုတ်သလို နောက်ဆုံးလူလည်း မဟုတ်ပါဘူး။ အဲဒီလို သတင်းတရားပြောပြသူတွေထဲမှာ ယေရှုဟာ အကြီးမြတ်ဆုံးလူသားပါ။ “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်” လို့ နောက်လိုက်တွေကို ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၅:၂၀) လူကြီးလူငယ်မရွေး ခရစ်ယာန်အားလုံးဟာ လူငယ်လေးယောသပ်ရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကနေ သင်ယူစရာတွေ အများကြီး ရှိပါတယ်။

မုန်းတီးမှု အထွတ်အထိပ်ရောက်ရှိ

မကြာခင်မှာ ယာကုပ်က ရှေခင်မြို့အနီးမှာ သိုးထိန်းနေကြတဲ့ သားကြီးတွေဆီ ယောသပ်ကို လွှတ်လိုက်တယ်။ ရှေခင်မြို့သားတွေနဲ့ ယောသပ်အစ်ကိုတွေ ပြဿနာဖြစ်ခဲ့တာ သိပ်မကြာသေးတဲ့အတွက် ယာကုပ်အနေနဲ့ သားတွေကို စိတ်ပူစရာပါပဲ။ ဒါကြောင့် သူတို့ဘယ်လိုများ နေမလဲဆိုတာ သိချင်လို့ ယောသပ်ကို လွှတ်လိုက်တာဖြစ်တယ်။ ယောသပ်က အစ်ကိုတွေ သူ့ကိုအရမ်းမုန်းနေပြီဆိုတာ သိထားတယ်။ အစ်ကိုတွေဆီ ယောသပ် သွားချင်ပါ့မလား။ အဖေ့ကိုယ်စား ယောသပ် ရောက်လာတာကို အစ်ကိုတွေ ကြိုက်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ယောသပ်က အဖေ့စကားနားထောင်ပြီး ထွက်သွားတယ်။—ကမ္ဘာဦး ၃၄:၂၅-၃၀; ၃၇:၁၂-၁၄

အဲဒီနေရာကို ရောက်ဖို့ အဝေးကြီးလမ်းလျှောက်ရတယ်။ လေးငါးရက်လောက်တောင် ဖြစ်နိုင်တယ်။ ရှေခင်မြို့က ဟေဗြုန်မြို့မြောက်ဘက်ကနေ မိုင် ၅၀ လောက်အကွာမှာ ရှိတယ်။ ရှေခင်မြို့ကို ယောသပ်ရောက်သွားတဲ့အခါ သူ့အစ်ကိုတွေက နောက်ထပ် ၁၄ မိုင်အကွာမှာရှိတဲ့ ဒေါသန်မြို့ကို ရွှေ့သွားပြီဆိုတာ သိလိုက်ရတယ်။ ဒေါသန်မြို့အနားကို ယောသပ်ရောက်သွားတဲ့အခါ အစ်ကိုတွေက သူ့ကို အဝေးကြီးကနေ လှမ်းမြင်နေရတယ်။ ဒါနဲ့ သူတို့ရဲ့ မုန်းတီးမှုတွေက ချက်ချင်းပဲ ရေဆူမှတ်ကို ရောက်ရှိသွားပါတော့တယ်။ ကျမ်းစာမှတ်တမ်းမှာ ဒီလိုဖော်ပြထားတယ်– “ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ ကိုင်ကြ။ သူ့ကိုသတ်၍ တစ်စုံတစ်ခုသော တွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစ်စုံတစ်ခု ကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။” ဒါကို ရုဗင်ကြားတော့ ယောသပ်ကို မသတ်ဘဲ တွင်းထဲပစ်ချဖို့ ညီတွေကို ဖျောင်းဖျတယ်။ နောက်ပိုင်းမှာ ယောသပ်လေးကို လာကယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်တယ်။—ကမ္ဘာဦး ၃၇:၁၉-၂၂

ယောသပ်လေးခမျာ အစ်ကိုတွေနဲ့ အေးအေးဆေးဆေး စကားပြောမယ်ဆိုတဲ့ အတွေးနဲ့ ဘုမသိဘမသိ ရောက်လာတယ်။ ဒါပေမဲ့ အစ်ကိုတွေက ယောသပ်ကို ဝိုင်းပြီး ဖမ်းချုပ်လိုက်ကြတယ်။ ယောသပ်ရဲ့ လှပတဲ့ဝတ်ရုံရှည်ကို ဆွဲချွတ်၊ ရေမရှိတဲ့တွင်းနားကို တရွတ်တိုက်ဆွဲခေါ်ပြီး တွန်းချလိုက်တယ်။ ရေတွင်းထဲကို ယောသပ် ကျသွားပါလေရော။ သူ့ရဲ့ကြောက်ရွံ့ထိတ်လန့်မှု ပြေသွားတဲ့အခါ ကြိုးစားပြီး မတ်တပ်ထကြည့်တယ်။ ဒါပေမဲ့ တွင်းပေါ်ကို မတက်နိုင်တော့ဘူး။ အပေါ်ကို သူမော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပြင်ကိုပဲ တွေ့ရပြီး အစ်ကိုတွေရဲ့စကားပြောသံကို တိုးတိုးလေးပဲ ကြားရတော့တယ်။ ယောသပ်လေးခမျာမှာ ‘ကျွန်တော့်ကို သနားပါ’ လို့ တောင်းပန်ပြီး အော်ပြောနေတာကိုလည်း သူတို့ ဂရုမစိုက်ကြဘူး။ အကြင်နာတရားမရှိတဲ့ သူတို့တွေဟာ ရေတွင်းနားမှာပဲ ထိုင်ပြီး စားသောက်နေကြတယ်။ ရုဗင်မရှိတဲ့အချိန်မှာ ယောသပ်ကို သတ်ဖို့တောင် သူတို့ကြံစည်ကြသေးတယ်။ ဒါပေမဲ့ ယုဒက ‘မသတ်ပါနဲ့၊ လာနေတဲ့ ကုန်သည်တွေဆီ ငါတို့ရောင်းလိုက်ကြရအောင်’ လို့ ဖျောင်းဖျခဲ့တယ်။ ဒေါသန်မြို့က အီဂျစ်ပြည်ကို ကူးသန်းရောင်းဝယ်ဖို့သွားတဲ့ လမ်းအနားမှာ ရှိတယ်။ မကြာခင်မှာ ဣရှမေလနဲ့ မိဒျန်ကုန်သည်တွေ လာတာကိုတွေ့တော့ သူတို့ လုပ်စရာရှိတာတွေကို မြန်မြန်ဆန်ဆန် လုပ်လိုက်ကြတယ်။ ရုဗင်ပြန်မလာခင်မှာ ယောသပ်ကို ငွေစ ၂၀ နဲ့ အဲဒီကုန်သည်တွေဆီ ကျွန်အဖြစ် ရောင်းလိုက်ကြတယ်။ *ကမ္ဘာဦး ၃၇:၂၃-၂၈; ၄၂:၂၁

မှန်တာကို ယောသပ် လုပ်ခဲ့ပေမဲ့ အစ်ကိုတွေရဲ့ မုန်းတီးမှုကို ခံရ

ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ အခြေအနေမျိုးကို ယောသပ် ရောက်ရှိနေပါပြီ။ အီဂျစ်ပြည်ကိုသွားနေတဲ့ လမ်းပေါ်မှာ ယောသပ်ကို ခေါ်သွားနေတုန်း ယောသပ်လေးခမျာ အစစအရာရာ ဆုံးၡုံးသွားတဲ့ပုံပေါက်နေတယ်။ မိသားစုနဲ့ ကမ္ဘာခြားသွားပြီ။ နှစ်တော်တော်ကြာတဲ့အထိ မိသားစုအကြောင်းကို ဘာဆိုဘာမှ မသိရတော့ပါဘူး။ ရုဗင်ပြန်ရောက်လာတဲ့အချိန် ယောသပ်ကို မတွေ့တော့ အကြီးအကျယ် ဒေါသပေါက်ကွဲတာ၊ ချစ်ရတဲ့သားလေး ယောသပ် သေဆုံးသွားပြီလို့ လှည့်စားခံလိုက်ရတဲ့ ယာကုပ် ဝမ်းနည်းကြေကွဲသွားတာ၊ သက်ကြီးရွယ်အို အဖိုးဖြစ်သူ ဣဇာက်ရဲ့ အခြေအနေဘယ်လိုရှိသလဲဆိုတာ၊ ချစ်ရတဲ့ ညီလေး ဗင်ယာမိန် ဘယ်လိုများနေမလဲဆိုတာတွေကို သူဘာမှ မသိတော့ပါဘူး။ ဒါပေမဲ့ အရာအားလုံးကို ယောသပ်ဆုံးၡုံးသွားတာလား။—ကမ္ဘာဦး ၃၇:၂၉-၃၅

ယောသပ်ဆီကနေ အစ်ကိုတွေ လုယူမသွားနိုင်တဲ့ အရာတစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ယုံကြည်ခြင်းပါပဲ။ ယေဟောဝါဘုရားအကြောင်း သူကောင်းကောင်း သိထားတယ်။ ဘုရားအပေါ်ထားတဲ့ သူ့ယုံကြည်ခြင်းကို ဘာကမှ နှုတ်ယူမသွားနိုင်ပါဘူး။ ဥပမာ၊ မိသားစုဆုံးၡုံးသွားတာ၊ အီဂျစ်ပြည်ကိုသွားတဲ့ လမ်းတစ်လျှောက်မှာ ဒုက္ခခံရတာ၊ ပေါတိဖာဆိုတဲ့ အီဂျစ်လူကုံထံဆီ ရောင်းစားခံလိုက်ရတာတွေက သူ့ကို ဘုရားနဲ့ဝေးကွာသွားအောင် မလုပ်နိုင်ပါဘူး။ (ကမ္ဘာဦး ၃၇:၃၆) ဒုက္ခခံနေရတဲ့တစ်လျှောက်မှာ ယေဟောဝါဘုရားအပေါ်ထားရှိတဲ့ ယုံကြည်ခြင်း၊ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ထိန်းထားမယ်ဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာလာတယ်။ ယောသပ်အကြောင်း နောက်ဖော်ပြမယ့် ဆောင်းပါးတွေမှာ သူ့ရဲ့ယုံကြည်ခြင်းကြောင့် ယေဟောဝါဘုရားသခင်နဲ့ ဒုက္ခရောက်နေတဲ့ သူ့မိသားစုအတွက် အသုံးခံခွင့် ဘယ်လိုရရှိခဲ့လဲဆိုတာကို တွေ့ရပါလိမ့်မယ်။ ယောသပ်ရဲ့ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တုပမယ်ဆိုရင် တကယ့်ကို ပညာရှိရာရောက်ပါလိမ့်မယ်။

^ စာပိုဒ်၊ 15 အဖေက ယောသပ်ကို သားဦးအရာပေးဖို့ ရည်ရွယ်ချက်နဲ့ လှပတဲ့ဝတ်ရုံကို ပေးတာဖြစ်တယ်လို့ အစ်ကိုတွေ ယူမှတ်တယ်ဆိုပြီး ပညာရှင်တချို့ ဖော်ပြကြတယ်။ ယောသပ်ဟာ ယာကုပ် ပထမဆုံးလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ အချစ်ဆုံးဇနီးရဲ့ သားဦးဖြစ်တယ်ဆိုတာ အစ်ကိုတွေ သိထားကြတယ်။ ဒါ့အပြင် ယာကုပ်ရဲ့သားဦးဖြစ်တဲ့ ရုဗင်က အဖေရဲ့မယားငယ်နဲ့ ပြစ်မှားခဲ့တယ်။ ဒါကြောင့် အဖေကို အရှက်ခွဲခဲ့တဲ့ ရုဗင်ဟာ သူ့ရဲ့ သားဦးအရာကို ဆုံးၡုံးခဲ့ပြီဖြစ်တယ်။—ကမ္ဘာဦး ၃၅:၂၂; ၄၉:၃၊ ၄

^ စာပိုဒ်၊ 25 အသေးစိတ်အချက်အလက်တွေမှာတောင် သမ္မာကျမ်းစာမှတ်တမ်းက တိကျမှန်ကန်တယ်ဆိုတာ သက်သေထူပါတယ်။ အဲဒီခေတ်က စာတွေထဲမှာ အီဂျစ်ပြည်မှာ ကျွန်တွေအတွက် သတ်မှတ်ထားတဲ့တန်ဖိုးက ငွေစ ၂၀ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။